သက်တမ်း၀က်ရွေးကောက်ပွဲ ဒီမိုကရက်တွေမျှော်လင့်ထားတဲ့အတိုင်း မဲနိုင်မှာလား

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
- ရေးသားသူ, အန်သိုနီ ဇားချာ
- ရာထူးတာဝန်, မြောက်အမေရိက သတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
ဒီမိုကရက်တစ်ပါတီဟာ အရေးကြီးတဲ့အမေရိကန်သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲတွေ ၀င်ပြိုင်ဖို့ အားယူနေချိန်မှာပဲ ဒီရွေးကောက်ပွဲအတွက် မျှော်လင့်ချက် မြင့်မြင့်ထားနေပါတယ်။
လူကြိုက်မများတဲ့ ရီပတ်ဘလီကန်သမ္မတ၊ မီးဖိုချောင်နဲ့ လူနေမှုစရိတ် မြင့်တက်တဲ့အပေါ် မကျေနပ်တဲ့အမေရိကန်လူထု၊ အမြင်သဘောထားစစ်တမ်းတွေမှာ ရလဒ်သိပ်မကောင်းတာတွေက အင်္ဂါနေ့ အမေရိကန်သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲဟာ ဒီမိုကရက်တွေကို မျက်နှာသာပေးနေပါတယ်။
ဒီမိုကရက်တစ်ပါတီ အမတ်လောင်းတွေဟာ အောက်လွှတ်တော်ကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ ၂၁၈ နေရာထက် ပိုရနိုင်တယ်လို့ အမြင်သဘောထားစစ်တမ်းတွေမှာဖော်ပြပါတယ်။ အထက်လွှတ်တော်အတွက်တော့ သူတို့ဟာ သူတင်ကိုယ်တင် ဒါမှမဟုတ် ကပ်ပြီးနိုင်ခြေရှိတာကို ပြသပါတယ်။
ဒီမိုကရက်တွေဟာ ဒေါ်နယ်ထရမ့်တစ်ယောက် ၂၀၂၄ ခုနှစ်တုန်းက ၁၈ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရရှိခဲ့တဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာတော့ မဲအပြတ်နိုင်ဖို့ ခက်မယ်လို့ နယူးယောက်တိုင်းမ်သတင်းစာရဲ့ မကြာသေးခင်တုန်းကစစ်တမ်းမှာ ပြပါတယ်။
စီအန်အန် သတင်းဌာနက မကြာသေးခင်တုန်းက ပြုလုပ်တဲ့စစ်တမ်းတွေမှာတော့ ဒီမိုကရက်တွေဟာ တက္ကဆက်၊ ကန်ဆက်စ်နဲ့ မိန်းပြည်နယ်တို့မှာ ဦးဆောင်နေပါတယ်။
ဆိုတော့ ဒီစစ်တမ်းတွေက မှန်ကန်ရဲ့လား။
ရွေးကောက်ပွဲမတိုင်ခင် ရက်အနည်းငယ်လိုမှာလုပ်တဲ့ လူထုသဘောထားစစ်တမ်းတွေတောင် ရလဒ်အမှားတွေ ထွက်လာတဲ့ဥပမာတွေ ရှိခဲ့ဖူးပါတယ်။ ထရမ့်ဟာ ၂၀၁၆ နဲ့ ၂၀၂၄ ခုနှစ် သူ့ရဲ့အိမ်ဖြူတော်ခရီးအောင်ပွဲတွေမှာ ခန့်မှန်းချက်တွေထက် ကျော်လွန်ပြီး တက်လှမ်းခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒင်က သာသာယာယာနဲ့ မဲနိုင်မယ်လို့ ခန့်မှန်းချက်တွေက ညွှန်ပြပြီးနောက်မှာတော့ ထရမ့်တစ်ယောက် မဲအနည်းငယ်နဲ့ ကပ်ပြီးရှုံးခဲ့ပါတယ်။
ယခုနှစ်အစောပိုင်း စစ်တမ်းတွေမှာတော့ ဒီမိုကရက်တစ်ပါတီဝင် အဗ္ဗဒူလ် အယ်လ်-ဆာယက်ဟာ မီချီဂန်ပြည်နယ်ရဲ့ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ ကိန်းဂဏန်းနှစ်လုံးနဲ့ အနိုင်ရနိုင်တယ်လို့ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအစား ၁ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ ဝစ္စကွန်ဆင်ပြည်နယ်ရဲ့ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာတော့ မဲအမှတ် ၂၀ နီးပါးနဲ့ ဦးဆောင်မယ်လို့ ခန့်မှန်းထားတဲ့ကိုယ်စားလှယ်လောင်းဟာ မဲနည်းနည်းနဲ့ ကပ်ရှုံးခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
Ipsos ပြည်သူ့ရေးရာဌာန (Ipsos Public Affairs) ဥက္ကဋ္ဌ ကလစ်ဖော့ ယန်းကတော့ အမြင်သဘောထားစစ်တမ်းကောက်ယူဖို့ ပိုခက်လာတယ်လို့ ပြောပါတယ်။ အမေရိကန်လူထုဟာ အိမ်မှာတပ်ထားတဲ့ကြိုးဖုန်းတွေအစား လက်ကိုင်ဖုန်းတွေကို ပိုသုံးလာတာကြောင့်လို့ပြောပါတယ်။ သူတို့အဖွဲ့ဟာ နိုင်ငံရေးနဲ့ ဈေးကွက်သုတေသနစစ်တမ်းတွေ ကောက်ယူတဲ့အဖွဲ့ဖြစ်ပါတယ်။
ပြီးတော့ အမြင်သဘောထားစစ်တမ်းကောက်ဖို့ ဆက်သွယ်တဲ့အခါမှာလည်း လူတွေဟာ ပါ၀င်ဖြေဆိုချင်စိတ် နည်းလာတာကို တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။
"ရှေးရိုးစွဲဝါဒီတွေ၊ အထူးသဖြင့် လက်ယာစွန်းရောက်သူတွေဟာ သူတို့ပင်ကိုယ်ကိုက အာဏာရှင်စနစ်ကို ပိုပြီးဆန့်ကျင်ကြတယ်" ဟု ယန်းက ပြောပါတယ်။
"ပြီးတော့ သူတို့က ဘာတစ်ခုမှ မပါဝင်လိုကြတော့ဘူး။ သူတို့က စနစ်ကို မုန်းတယ်။ အဲဒါကပဲ စိန်ခေါ်မှု ဖြစ်နေတာ။"
ရီပတ်ဘလီကန် မဲဆန္ဒရှင်တွေကို စနစ်တကျလျှော့တွက်ထားရင်၊ နောက်ပြီး စစ်တမ်းကောက်ယူရေးကုမ္ပဏီတွေက မဲရေတွက်မှုပုံစံမှာ ဒါကို ထည့်သွင်းစဉ်းစားတာမျိုး မရှိဘူးဆိုရင် ဒီအချက်အလက်တွေဟာ ဒီမိုကရက်တွေဘက်ဆီကို အမှားအဖြစ် ယိမ်းသွားမှာဖြစ်ပါတယ်။
ဒါကြောင့်ပဲ မဲဆန္ဒရှင်တွေ ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို စစ်တမ်းကောက်ယူသူတွေ ခန့်မှန်းဖို့ ပိုခက်ခဲလာရတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်လာပါတယ်။
ထရမ့်အတွက်တော့ အရင်သမ္မတရွေးကောက်ပွဲတွေမှာ ရလဒ်ကောင်းခဲ့တဲ့အချက်က ခါတိုင်း မဲရုံမသွားကြတဲ့ သူ့ကိုထောက်ခံသူတွေက မဲသွားထည့်ခဲ့ကြတာကလည်း အကြောင်းရင်း တစ်ရပ် ဖြစ်နေပါတယ်။
ဒါကပဲ နာမည်ကောင်းရှိတဲ့ မဲစစ်တမ်းအများစုရဲ့စစ်တမ်းတွေ ခန့်မှန်းထားတဲ့အတိုင်း မဟုတ်ဘဲ မဲအနည်းငယ်အကွာနဲ့ လွဲချော်တာတွေဖြစ်ရတဲ့အကြောင်းရင်းဖြစ်စေပါတယ်။
မဲအကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့အခါ ဒီလိုအနည်းငယ်ကွာဟချက်ကပဲ ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် အနိုင်နဲ့ အရှုံးကွာဟချက်ကို မြင့်သွားစေပါတယ်။ ယခုနှစ် အမေရိကန်အထက်လွှတ်တော်ရွေးကောက်ပွဲတွေမှာ ဒီလို မဲကပ်နိုင်မယ်ဆိုတဲ့ခန့်မှန်းချက်တွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန် သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲ စစ်တမ်းအထွေထွေဟာ ပိုမိုတိကျမှန်ကန်တယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းတစ်ခုက မကျေနပ်ချက်တွေရှိတဲ့အမေရိကန်မဲဆန္ဒရှင်တွေကို မဲရုံထဲအထိ ဆွဲခေါ်နိုင်တဲ့ဒေါ်နယ်ထရမ့်ဟာ မဲပေးရွေးချယ်ရမယ့် ကိုယ်စားလှယ်စာရင်းထဲမှာ မပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ သမ္မတဂျိုးဘိုင်ဒင်ဟာ ထောက်ခံမှုနှုန်း နိမ့်ကျနေခဲ့ပေမဲ့ ဒီမိုကရက်တစ်ပါတီဟာ မျှော်လင့်ထားသလို ရွေးကောက်ပွဲမှာ အကြီးအကျယ်အရေးနိမ့် မသွားဘဲ ရှောင်လွှဲနိုင်မယ်လို့ စစ်တမ်းတွေက ညွှန်ပြခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီဟာ မဲအနည်းငယ် ကပ်ပြီး အောက်လွှတ်တော်ကို ထိန်းချုပ်မှု ဆုံးရှုံးခဲ့ပေမဲ့ ဒီမိုကရက်တွေဟာ အမေရိကန်အထက်လွှတ်တော်ကိုတော့ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ယခုနှစ် ရွေးကောက်ပွဲရလဒ်တွေဟာ ကြီးကြီးမားမား အံ့အားသင့်စရာတွေဖြစ်ခဲ့ပေမဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ပြိုင်ဆိုင်ကြတဲ့အဆင့်ဟာ မဲဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းတဲ့အခါ ယိမ်းနေတတ်သေးတာ သဘာ၀ပဲလို့ ယန်းကပြောပါတယ်။ အကြောင်းကတော့ မဲဆန္ဒရှင်တွေဟာ နောက်ဆုံးမဲထည့်ချိန်ရောက်မှ စိတ်ပြောင်းသွားတတ်တာကြောင့်လို့ သူက ပြောပါတယ်။
ဒါကြောင့် လက်ရှိ အထွေထွေရွေးကောက်ပွဲ စစ်တမ်းတွေဟာ မှားယွင်းနေတယ်လို့ ညွှန်းပြချက် မမြင်သင့်ပါဘူး။
သမ္မတသက်တမ်းတ၀က်မှာကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲညတွေဟာ အာဏာရ သမ္မတရဲ့ပါတီတွေအတွက်တော့ အိမ်မက်ဆိုးမက်လေ့ရှိတယ်လို့ဆိုနိုင်ပါတယ်။ တာ၀န်ထမ်းဆောင်ဆဲ သမ္မတရဲ့ လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး သူ့ရဲ့သက်တမ်း၀က်မှာ ကျင်းပတဲ့လွှတ်တော်အတွက် အမတ်တွေကို ရွေးသင့် မရွေးသင့် အမေရိကန် မဲဆန္ဒရှင်တွေ ဆုံးဖြတ်တတ်ကြတာကြောင့် ဖြစ်ပါတယ်။
ဒီအတွက် အထင်ရှားဆုံး ဥပမာကတော့ ၂၀၁၀ ခုနှစ်က သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲဖြစ်ပါတယ်။ ရီပတ်ဘလီကန်အမတ်လောင်းတွေဟာ အောက်လွှတ်တော်အမတ်နေရာ ၆၀ နေရာကို ဒီမိုကရက်တွေထဲက ပြန်သိမ်းနိုင်ခဲ့ပြီး အထက်လွှတ်တော်မှာလည်း အမတ်နေရာတွေ ရခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း စီးပွားရေး ပြန်လည်နာလန်ထူလာဖို့ ရုန်းကန်နေရတဲ့အခြေအနေ၊ နောက်ပြီး သမ္မတ ဘားရတ် အိုဘားမားရဲ့ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ရှေးရိုးစွဲဝါဒီတွေ စိုးရိမ်ခဲ့ကြတာတွေကြောင့် ဒီရလဒ် ဖြစ်ပေါ်ခဲ့တာပါ။ စစ်တမ်းတွေက အာဏာရပါတီ အရေးနိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ အဲဒီလောက်ကြီး ရှုံးနိမ့်မယ်လို့တော့ မသုံးသပ်ခဲ့ကြပါဘူး။
ဒီတစ်ခေါက်မှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေပါတယ်။ ဒီမိုကရက်တစ်ပါတီက အတိုက်အခံဘက်ကို ရောက်နေပြီး မဲဆန္ဒရှင်တွေ အဓိကစဉ်းစားချက်က စီးပွားရေးအခြေအနေ ဖြစ်ပါတယ်။ ထရမ့်ကို ထောက်ခံမှုနှုန်း နိမ့်ကျနေပေမဲ့လည်း သမိုင်းကြောင်းအရ မျှော်လင့်ထားသလောက်၊ ဒါမှမဟုတ် လူအများမျှော်မှန်းထားသလောက် ဒီမိုကရက်တွေ အောင်မြင်တဲ့ ညတစ်ညကို ရနိုင်ဖို့ မလွယ်ကူစေတဲ့အကြောင်းရင်းတွေ ရှိနေပါတယ်။
ပထမအချက်က ဒီရွေးကောက်ပွဲမှာ အကြိတ်အနယ်ဖြစ်တဲ့မဲဆန္ဒနယ်မြေ အများစုကို လွန်ခဲ့တဲ့ ၂ နှစ်က သမ္မတရွေးကောက်ပွဲမှာ ထရမ့်က အသာစီးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရီပတ်ဘလီကန်တွေအတွက် ကိုယ့်အိမ်ကွင်းမှာ ကစားရသလို အားသာချက်ရှိနေပါတယ်။
ဒုတိယအချက်ကတော့ နှစ်တွေကြာလာတာနဲ့အမျှ အောက်လွှတ်တော်မဲဆန္ဒနယ် နယ်နိမိတ်တွေ ပြောင်းလဲသတ်မှတ်ခဲ့တာကြောင့် ပါတီတစ်ခုကနေ နောက်ပါတီတစ်ခုဆီ လက်ပြောင်းသွားနိုင်တဲ့ အမတ်နေရာအရေအတွက် နည်းလာခဲ့ပါတယ်။
တတိယအချက်ကတော့ ပြည်တွင်းနိုင်ငံရေးကွဲပြားမှုတွေ ပိုမိုနက်ရှိုင်းလာတာကြောင့် အပြောင်းလဲဖြစ်အောင် မဲပေးနိုင်တဲ့မဲဆန္ဒရှင်တွေ နည်းပါးလာတာ ဖြစ်ပါတယ်။ အကဲခတ်အချို့ကတော့ မဲဆန္ဒရှင်အုပ်စုဟာ "အင်အားတောင့်သွားပြီ" လို့တောင် ဖော်ပြကြပါတယ်။
ဒါ့အပြင် ရီပတ်ဘလီကန်တွေဟာ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးသီတင်းပတ်တွေမှာ တိုက်ခိုက်ရေးကြော်ငြာတွေ ထုတ်လွှင့်ဖို့ ဒေါ်လာ သန်းရာချီ သုံးစွဲနိုင်အောင် ငွေကြေးအသာစီးကိုလည်း ရယူထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြောင်းလဲနေတဲ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကို ထည့်သွင်းတွက်ချက်ဖို့ စစ်တမ်းတွေမှာ ကြိုးစားကြပါတယ်။ ပုံစံကောင်းကောင်းထုတ်ထားတဲ့စစ်တမ်းတစ်ခုဟာ ရလဒ်တွေကို ယုံကြည်စိတ်ချရမှု လျော့နည်းစေနိုင်တဲ့အချက်တွေကို ကြိုတင်တွက်ဆထားပြီးလည်းဖြစ်ပါတယ်။
စစ်တမ်းတစ်ခုချင်းစီမှာ အမှားလက်ခံနိုင်မှုနှုန်း (margin of error) ဆိုတာ ပါဝင်လေ့ရှိပါတယ်။ ဒါဟာ စစ်တမ်းမှာ ပါဝင်ဖြေကြားသူ အရေအတွက်နဲ့ လူဦးရေစုစုပေါင်းအကြား ကိန်းဂဏန်းအရ မရေရာမှု အတိုင်းအတာတစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် စစ်တမ်းတစ်ခုတည်းကို ကြည့်တာထက် စစ်တမ်းအများအပြားကို စုပေါင်းတွက်ချက်ထားတဲ့ပျမ်းမျှရလဒ်တွေက ပိုပြီး တိကျတဲ့ခန့်မှန်းချက်ကို ပေးနိုင်ပါတယ်။
လက်ရှိအချိန်မှာတော့ မ၀ေးတဲ့အတိတ်က သမ္မတရွေးကောက်ပွဲတွေမှာ တွေ့ခဲ့ရတဲ့ စစ်တမ်းအတိမ်းအလွဲမျိုး ရှိခဲ့ရင်တောင် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲညမှာ ဒီမိုကရက်တစ်ပါတီဟာ ရလဒ်ကောင်းတွေ ရနိုင်ဖွယ်ရှိတယ်လို့ ညွှန်ပြနေပါတယ်။
ဒါ့အပြင် စစ်တမ်းအမှားတွေက ဘက်တစ်ဖက်တည်းကိုပဲ အမြဲအကျိုးပြုတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ပြည်နယ်အဆင့်နဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာတော့ ဒီမိုကရက်တစ် ထောက်ခံသူတွေ မျှော်လင့်ထားတာထက် ပိုများစွာ မဲလာပေးခဲ့ကြတာကြောင့် ဒီမိုကရက်တစ်တွေဟာ စစ်တမ်းအများစု ခန့်မှန်းထားတာထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ သက်သောင့်သက်သာ အနိုင်ရခဲ့တဲ့ ပြည်နယ်တွေမှာတောင် မဲဆွယ်နောက်ဆုံးရက်တွေမှာ ထရမ့်က မဲဆွယ်ပွဲတွေဆက်တိုက်ပြုလုပ်နေရတာကို မြင်နေရတာက ရီပတ်ဘလီကန်ပါတီအတွင်းပိုင်း စစ်တမ်းတွေမှာ သူတို့ပါတီကိုယ်စားလှယ်လောင်းတွေ အခက်အခဲ ကြုံနေရတယ်ဆိုတဲ့အသွင်ဆောင်တယ်ဆိုပြီး ဒီမိုကရက်တွေကို မျှော်လင့်ချက် ပိုပေးခဲ့ပါတယ်။
ဒါပေမဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနေ့ မတိုင်ခင် နောက်ဆုံးအချိန်အထိ စိတ်ပြောင်းသွားနိုင်တဲ့အခြေအနေကတော့ ရှိနေဆဲပါ။
တစ်ခါတစ်ရံမှာ မဲဆွယ်ကာလ နောက်ဆုံးပိုင်းက အပြောင်းအလဲတွေကြောင့် ယှဉ်ပြိုင်မှုရဲ့ အခြေအနေတစ်ခုလုံး ပြောင်းလဲသွားနိုင်တာလည်း ရှိပါတယ်။ တစ်ခါတစ်ရံမှာလည်း အဆုံးအဖြတ် မချရသေးတဲ့ မဲဆန္ဒရှင်တွေက အဲဒီမဲပေးပွဲအများအပြားမှာ အရေးပါတဲ့ အစုအဖွဲ့တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး သူတို့အားလုံးဟာ တစ်ဖက်တည်းကိုပဲ ထောက်ခံသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
နိုင်ငံရေးစစ်တမ်းတွေနဲ့ပတ်သက်လာရင် မရေရာမှုတွေက အတိုင်းအတာတစ်ခုအထိ ရှိနေမှာဖြစ်ပါတယ်။ အဲဒီမရေရာမှုတွေကို မှန်မှန်ကန်ကန် ကိုင်တွယ်စီမံနိုင်ဖို့က သိပ္ပံနည်းကျ တွက်ချက်မှုတွေနဲ့တူယှဉ်တွဲ လုပ်ရတဲ့အနုပညာ တစ်ရပ်ပါ။
"ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်လာတယ်လို့တော့ ထင်ပါတယ်" လို့ ယန်းက ပြောပါတယ်။
"ဒါပေမဲ့ ကျွန်တော်တို့ အမြဲကြုံရတဲ့ ပြဿနာက စစ်တမ်းကောက်သူတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ နောက်တစ်ပိုင်းကတော့ လူတွေရဲ့စိတ်ပါ ပါ၀င်နေတာပါ။ လူ့စိတ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။" လို့ သူက ဆိုပါတယ်။




























