တရုတ်ဩဇာတန်ပြန်ရေး၊ မြေရှားသတ္တုရယူရေးနဲ့ အပစ်ရပ်ရေး ပါဝင်တဲ့ အမေရိကန်ရဲ့ မြန်မာမဟာဗျူဟာသစ် ထွက်ပေါ်

အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မဟာဗျူဟာသစ်မှာ ငြိမ်းချမ်းရေး၊ ရှားပါးမြေသတ္တုရယူနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုဖြိုခွင်းရေးကို အလေးထားပြောတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အမေရိကန်ရဲ့ မြန်မာမဟာဗျူဟာသစ်မှာ တရုတ်သြဇာလွှမ်းမိုးမှုတန်ပြန်ရေး၊ ငြိမ်းချမ်းရေး၊ ရှားပါးမြေသတ္တုရယူရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းရေး အလေးထားပြော။
  • ဦးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၁၀ ဦးကို ရာဇဝတ်မှုစွပ်စွဲချက်နဲ့ ဖိလစ်ပိုင်မှာ တိုင်ကြားခဲ့တဲ့အမှုကို CHRO အယူခံထပ်ဝင်မယ်။
  • နိုဝင်ဘာမှာ မြို့ ၆ မြို့ အပူချိန်စံချိန်သစ်တင်၊ထားဝယ်မှာနှစ်ပေါင်း ၈၀ အတွင်းအမြင့်ဆုံးဖြစ်
  • မဲဆောက်နဲ့မြဝတီမြို့နယ်တကြောမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထိုင်းစစ်ဦးစီးချုပ်က ဘန်ကောက်မြို့က မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းကို မနေ့က ခေါ်ယူသတိပေး
  • စစ်မှုထမ်းဥပဒေကို Grade 12 သင်ရိုးညွှန်းတမ်းထဲ ထည့်သင်နေတယ်လို့ နေပြည်တော် ပညာရေး ဒုတိယ၀န်ကြီးက ထုတ်ပြော
  • ယူကရိန်းရဲ့အကူအညီပစ္စည်းဖြန့်ဝေရေးစင်တာတစ်ခုကို ရုရှားက ဗုံးကြဲလို့ လူပေါင်း အနည်းဆုံး ၂၆ ဦး သေဆုံး
  • နယ်စပ် ကုန်သွယ်ရေးအဆင်ပြေဖို့ မီဇိုရမ်ကုန်တင်ယာဥ်ပိုင်ရှင်များအသင်း(ဆိုင်ဟာခရိုင်) နဲ့ အာရက္ခတပ်တော်(အေအေ)တို့အကြား နားလည်မှုစာချွန်လွှာ(MoU) ရေးထိုး
  • ပြင်ပပေါက်ဈေးမှာ မြန်မာကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ၇၀၀ ‌တောင်မပြည့်တော့ဘဲ ၆၉၀ ဘတ်ဖြစ်သွားပြီ
  • ဖလမ်း-ဟားခါးလမ်းမှာ အောက်တိုဘာ ၃၁ ရက်က သားအမိ ၃ ဦးနဲ့ သုံးဘီးသမား ပစ်ခတ်ခံရမှု တရားခံမပေါ်သေး
  • မြန်မာက နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)ကို ဖမ်းခိုင်းတဲ့ Red Notice ကြောင့် စပိန်မှာ အဖမ်းခံရတဲ့ ဘင်္ဂလားဒေ့ရှ် နည်းပညာလုပ်ငန်းရှင် မူနီမူလ် အစ္စလာမ်ဟာ အောက်တိုဘာ ၁၃ ရက်မှာ ပြန်လွတ်လာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နို၀င်ဘာ ၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. စစ်ခေါင်းဆောင်ဟောင်းနဲ့ စစ်တပ်အရာရှိတွေကို စွပ်စွဲတိုင်ကြားတဲ့အမှု ဖိလစ်ပိုင် အယူခံရုံးလက်ခံ

    မနီလာမှာ နို၀င်ဘာလ ၃ ရက်တုန်းက ပြုလုပ်တဲ့ CHRO ရဲ့ သတင်းစာရှင်းလင်းပွဲ
    ဓာတ်ပုံ ပုံစာ, မနီလာမှာ နို၀င်ဘာလ ၃ ရက်တုန်းက ပြုလုပ်တဲ့ CHRO ရဲ့ သတင်းစာရှင်းလင်းပွဲ

    မြန်မာစစ်ခေါင်းဆောင်ဟောင်းနဲ့ စစ်တပ်အရာရှိ ၉ ဦးကို စွပ်စွဲတိုင်ကြားထားတဲ့အမှုကို ဖိလစ်ပိုင် အယူခံတရားရုံးက လက်ခံလိုက်ပြီလို့ တိုင်ကြားသူတွေနဲ့အတူ ဒီအမှုအရေးကိုဆောင်ရွက်နေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။

    CHRO နဲ့ အမှုဖွင့် စွပ်စွဲသူတွေဟာ ဒီအမှုကို ဖိလစ်ပိုင်ခရိုင်တရားရုံးမှာ လွန်ခဲ့တဲ့ ၃ နှစ်က စတင်တိုင်ကြားခဲ့ပေမဲ့ ခရိုင်အဆင့်တရားရုံးက ပယ်ချခဲ့လို့ အယူခံရုံးအထိ တက်ခဲ့ကြတာဖြစ်ပါတယ်။

    ဒီအမှုဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်တပ်က နေအိမ်တွေကို အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး လူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆက်စပ်နေပါတယ်။

    အဲဒီဖြစ်ရပ်မှာ နစ်နာခဲ့သူ ငါးဦးက တရားလိုအဖြစ် ပါဝင်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က ခရိုင်တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

    ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို အသုံးပြုပြီး စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားခဲ့တာလို့ CHRO က ပြောပါတယ်။

    စစ်ရာဇ၀တ်မှုကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ဒီတိုင်ကြားချက်ကို ဆက်လက်မဆောင်ရွက်ဖို့ ခရိုင်တရားရုံးက ဆုံးဖြတ်တာကို ကန့်ကွက်တဲ့လျှောက်လွှာကို အယူခံတရားရုံးက ဒီနေ့မှာ လက်ခံခဲ့တာလို့ CHRO က ပြောပါတယ်။

    အခုအမှုဟာ ထန်တလန်ပြည်သူတွေအတွက်တော့ ဥပဒေရေးရာ လုပ်ထုံးလုပ်နည်း တစ်ခုထက်ပိုပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့နာကျင်မှုတွေကို မမေ့ဘဲ တရားမျှတမှု ရှာဖွေရေးခရီးစဉ် ဆက်ရှိနေတယ်ဆိုတာကို ပြသလိုက်တာလို့လည်း CHRO က ဆိုပါတယ်။

    CHRO နဲ့အတူ အမှုတိုင်ကြားခဲ့တဲ့နစ်နာသူတွေဟာ ဒီနေ့ မနီလာမြို့မှာ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပြီး ထန်တလန်မှာ ကြုံခဲ့ရတာတွေကို ပြန်ပြောင်းပြောပြခဲ့ကြတယ်လို့လည်း CHRO က ပြောပါတယ်။

    CHRO ကတော့ မြန်မာနဲ့ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာတာဟာ ကျူးလွန်သူတွေကို ဆုချီးမြှင့်ရာ မရောက်ဖို့နဲ့ နစ်နာသူတွေအတွက် တရားမျှတမှုရှိရေး ဆောင်ရွက်တာကို ဟန့်တားလို့ မရဘူးဆိုတာကိုလည်း အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာကို သတင်းစကားပါးလိုက်တာလို့ ပြောပါတယ်။

  3. အင်အားကြီးနိုင်ငံတွေရဲ့အရှေ့တောင်အာရှ မြေရှားလွန်ဆွဲပွဲနဲ့ မြန်မာ

    အိမ်ဖြူတော် ခရီးစဉ်မှာတွေ့ရတဲ့ တရုတ်သမ္မတ ရှီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
    ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော် ခရီးစဉ်မှာတွေ့ရတဲ့ တရုတ်သမ္မတ ရှီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

    အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မဟာဗျူဟာသစ်မှာ ငြိမ်းချမ်းရေး၊ တရုတ်သြဇာလွှမ်းနေတာကို တန်ပြန်ရေးအပါအ၀င် မြေရှားသတ္တုအရေးလည်း ပါ၀င်ပါလာပါတယ်။

    မြန်မာ့မြေရှားဟာ ကမ္ဘာမှာ မြေရှားသန့်စင်မှု တင်ပို့မှု အများဆုံးဆိုတဲ့တရုတ်ကို တင်ပို့နေတာဖြစ်ပြီး တရုတ် မြေရှားစျေးကွက်ကို မြန်မာက အများဆုံး ၀ေစုရယူထားတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လအတွင်းမှာလည်း မြေရှားတန်ချိန် ထောင်နဲ့ချီ ပေးပို့ထားပြီးဖြစ်ပါတယ်။

    ခုတော့ တရုတ်ရော၊ အမေရိကန်ပါ နှစ်နိုင်ငံစလုံး အပြိုင်အဆိုင်ကြိုးပမ်းနေတဲ့မြေရှားသတ္တုကို မြန်မာကနေ အမေရိကန် ၀ေစုရရေးလည်း အမေရိကန်ရဲ့ ဗျူဟာသစ်မှာပါ၀င်လာပါတယ်။

    တကယ်တော့ အမေရိကန်ဟာ အရှေ့တောင်အာရှမှာ မြေရှား၀ေစုကို တရုတ်နဲ့ ရဖို့ အပြိုင်ကြိုးစားနေကို သမ္မတထရမ့်ရဲ့ အာရှခရီးစဉ်မှာ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

    ဒါပေမဲ့ မြန်မာ့မြေရှားကိုတော့ တရုတ်နဲ့ အမေရိကန်တို့အပြင် အိန္ဒိယလည်း စိတ်၀င်စားနေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

  4. သက်တမ်း၀က်ရွေးကောက်ပွဲ ဒီမိုကရက်တွေမျှော်လင့်ထားတဲ့အတိုင်း မဲနိုင်မှာလား

    အမေရိကန် သမ္မတ သက်တမ်း၀က် ရွေးကောက်ပွဲမှာ တွေ့ရတဲ့ မဲစာအိတ်တွေ

    ဒီမိုကရက်တစ်ပါတီဟာ အရေးကြီးတဲ့အမေရိကန်သမ္မတသက်တမ်း၀က် ရွေးကောက်ပွဲတွေ ၀င်ပြိုင်ဖို့ အားယူနေချိန်မှာပဲ ဒီရွေးကောက်ပွဲအတွက် မျှော်လင့်ချက် မြင့်မြင့်ထားနေပါတယ်။

    လူကြိုက်မများတဲ့ ရီပတ်ဘလီကန်သမ္မတ၊ မီးဖိုချောင်နဲ့ လူနေမှုစရိတ် မြင့်တက်တဲ့အပေါ် မကျေနပ်တဲ့အမေရိကန်လူထု၊ အမြင်သဘောထားစစ်တမ်းတွေမှာ ရလဒ်သိပ်မကောင်းတာတွေက အင်္ဂါနေ့ အမေရိကန်သမ္မတသက်တမ်း၀က်ရွေးကောက်ပွဲဟာ ဒီမိုကရက်တွေကို မျက်နှာသာပေးနေပါတယ်။

    ဒီမိုကရက်တစ်ပါတီ အမတ်လောင်းတွေဟာ အောက်လွှတ်တော်ကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ ၂၁၈ နေရာထက် ပိုရနိုင်တယ်လို့ အမြင်သဘောထားစစ်တမ်းတွေမှာဖော်ပြပါတယ်။ အထက်လွှတ်တော်အတွက်တော့ သူတို့ဟာ သူတင်ကိုယ်တင် ဒါမှမဟုတ် ကပ်ပြီးနိုင်ခြေရှိတာကို ပြသပါတယ်။

    ဒီမိုကရက်တွေဟာ ဒေါ်နယ်ထရမ့်တစ်ယောက် ၂၀၂၄ ခုနှစ်တုန်းက ၁၈ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရရှိခဲ့တဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာတော့ မဲအပြတ်နိုင်ဖို့ ခက်မယ်လို့ နယူးယောက်တိုင်းမ်သတင်းစာရဲ့ မကြာသေးခင်တုန်းကစစ်တမ်းမှာ ပြပါတယ်။

    စီအန်အန် သတင်းဌာနက မကြာသေးခင်တုန်းက ပြုလုပ်တဲ့စစ်တမ်းတွေမှာတော့ ဒီမိုကရက်တွေဟာ တက္ကဆက်၊ ကန်ဆက်စ်နဲ့ မိန်းပြည်နယ်တို့မှာ ဦးဆောင်နေပါတယ်။

    ဆိုတော့ ဒီစစ်တမ်းတွေက မှန်ကန်ရဲ့လား။

    အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

  5. နေပြည်တော်က အမှုရုပ်သိမ်းလိုက်လို့ စပိန်မှာ အဖမ်းခံရတဲ့ဘင်္ဂလားဒေ့ရှ်နည်းပညာလုပ်ငန်းရှင် ပြန်လွတ်

    ဘင်္ဂလားဒေ့ရှ် နည်းပညာလုပ်ငန်းရှင် မူနီမူလ် အစ္စလာမ်
    ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ် နည်းပညာလုပ်ငန်းရှင် မူနီမူလ် အစ္စလာမ်(ပုံဟောင်း)

    မြန်မာက နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)ကို ဖမ်းခိုင်းတဲ့ Red Notice ကြောင့် စပိန်မှာ အဖမ်းခံရတဲ့ ဘင်္ဂလားဒေ့ရှ် နည်းပညာလုပ်ငန်းရှင် မူနီမူလ် အစ္စလာမ်ဟာ အောက်တိုဘာ ၁၃ ရက်မှာ ပြန်လွတ်လာပြီလို့ အမေရိကန်ကုန်သည်ကြီးများအသင်း-မြန်မာ(AmCham Myanmar) က ဖော်ပြပါတယ်။

    ဘင်္ဂလားဒေ့ရှ် နည်းပညာလုပ်ငန်းရှင် မူနီမူလ်အစ္စလာမ်ကို လွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကို မြန်မာဘက်က ပြန်လည်ရုပ်သိမ်းလိုက်တာလို့ဆိုပါတယ်။

    သူဟာ စက်တင်ဘာ ၂၉ ရက်မှာ လန်ဒန်မြို့ကနေ စပိန်နိုင်ငံကို ဇနီးနဲ့ အလည်လာရောက်ချိန် Barcelona-El Prat လေဆိပ်မှာ ထိန်းသိမ်းခံလိုက်ရတာပါ။

    ၁၄ ရက်ကြာ ထိန်းသိမ်းခံထားရပြီးမှ သူ့ကို လွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကို မြန်မာဘက်က ရုပ်သိမ်းလိုက်တာပါ။

    ဒီလို အင်တာပို Red Notice အထိရောက်ရတဲ့အခြေအနေဟာ AMCHAM အတွင်း ငွေကြေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အငြင်းပွားမှုတစ်ခုကနေ စတင်ခဲ့တာ AP သတင်း‌က ‌ဖော်ပြပါတယ်။

    AMCHAM Myanmar ဟာ ဝါရှင်တန်အခြေစိုက် Mercury Public Affairs ကိုလော်ဘီလုပ်ငန်းလုပ်ဖို့ အမေရိကန်ဒေါ်လာ ၃ သိန်းတန် စာချုပ်ချုပ်ပါတယ်။

    ဒီစာချုပ်အတွက် ငွေပေးချေတာကို မူနီမူလ်အစ္စလာမ်ရဲ့ Misfit Technologies က တဆင့်ဆောင်ရွက်ခဲ့ပါတယ်။

    ဒါပေမဲ့ နောက်ပိုင်းအဖွဲ့အစည်းအတွင်းခေါင်းဆောင်အသစ်တွေက ဒီပေးချေမှုဟာ ဘုတ်အဖွဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

    ဒီအငြင်းပွားမှုကြောင့် AMCHAM ကနေ ဥက္ကဋ္ဌဟောင်း ကာစတယ်လ်လို၊ အမှုဆောင်ဒါရိုက်တာဟောင်း ဒန်နီကျော်နဲ့ မူနီမူလ်အစ္စလာမ်တို့ အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။

    ‌ဒါကြောင့် AMCHAM အတွင်း အငြင်းပွားမှုကနေ ရာဇဝတ်မှုအဖြစ်ပြောင်းလာပြီး အင်တာပို Red Notice အထိ အသုံးပြုခဲ့တာဖြစ်သင့်ရဲ့လားဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

  6. ဖလမ်း-ဟားခါးလမ်းမှာ သားအမိ ၃ ဦးနဲ့ သုံးဘီးသမား ပစ်ခတ်ခံရမှု တရားခံမပေါ်သေး

    ဖလမ်းမြို့အဝင်မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ဖလမ်းမြို့အဝင်မြင်ကွင်း (ပုံဟောင်း)

    ချင်းပြည်နယ် မြို့တော် ဟားခါးကနေ ဖလမ်းကို ပြန်လာတဲ့လမ်းမှာ အောက်တိုဘာ ၃၁ ရက်က သားအမိ ၃ ဦးနဲ့ သူတို့ ကိုတင်ဆောင်လာတဲ့ သုံးဘီးယာဥ်မောင်းတို့ ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်ရဲ့တရားခံကို မသိရ‌သေးဘူး လို့ ဒီအခြေအနေကို သိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    “ဟားခါးက သူတို့အဖေဆီ သွားလည်ပြီး ပြန်လာတဲ့လမ်းမှာ ဖြစ်သွားကြတာပါ။ မနက်တည်းက ထွက်သွားပြီး အဆက်သွယ် ပျက်သွားတယ်။ နာရေးတော့ လုပ်ပြီးပါပြီ” လို့ အခြေအနေသိရှိသူက ပြောပါတယ်။

    ဟားခါး-ဖလမ်း လမ်းပေါ်က Rialti ရွာဝန်းကျင်မှာ အသက် ၄၀ ကျော်အရွယ် မိခင်နဲ့ အသက်မပြည့်သေးတဲ့ သမီး ၂ ဦး၊ သုံးဘီးယာဥ်မောင်းတို့ အလောင်းကို နောက်တစ်ရက်မှာမှ ကျန်ရစ်သူ မိသားစုဝင်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    ချင်းပြည်နယ်မြို့တော် ဟားခါးကို စစ်တပ်က နဂိုတည်းက ထိန်းထားတာဖြစ်သလို ဟားခါးကိုလည်း ချင်းညီနောင်တပ်ဖွဲ့လက်ထဲကနေ ပြန်လည်သိမ်းယူထားတာဖြစ်ပါတယ်။

    ဒီနယ်တကြောဟာ ချင်းအမျိုးသားတပ်ဦး CNF/CNA နဲ့ ချင်းညီနောင်အဖွဲ့ဝင် CNO/CNDF နယ်မြေဖြစ်သလို စစ်တပ်နဲ့ ZRO/ZRA တို့ လက်ရှိအင်အားဖြန့်ခွဲချထားတာဖြစ်ပါတယ်။

    “အခုအခင်းဖြစ်တဲ့နေရာမှာ CNF တပ်ဖွဲ့ဝင်တွေ မရှိဘူးဆိုတော့ ဖြစ်စဥ်အသေးစိတ်ကို ပြောရခက်ပါတယ်။ အဲဒီနေရာက အခု စစ်တပ်ပဲ နေရာယူထားတာပါ” လို့ CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဘီဘီစီကို ပြောပါတယ်။

    CNO/CNDF ကတော့ ဒီပစ်ခတ်ခံရမှုအခြေအနေကို စုံစမ်း‌‌နေတယ်လို့ အတွင်း‌ရေးမှူးဆလိုင်းဝီလျံချင်းက ‌ပြောပါတယ်။

    ခရီးသွားလာရင်း ပစ်ခတ်ခံရလို့ အရပ်သား ၄ ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီက ဆက်သွယ်‌မေးမြန်းပေမဲ့ အကြောင်းမပြန်သေးပါဘူး။

  7. ကျပ်ကနေ ဘတ်ငွေလဲနှုန်း ၁ သိန်းကို ၆၉၀ ဘတ်အထိ ထိုးကျ

    ထိုင်းနိုင်ငံခြားငွေလဲလယ်ရေးလုပ်ငန်း မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားငွေလဲလယ်ရေးလုပ်ငန်း မြင်ကွင်း (ပုံဟောင်း)

    မြန်မာငွေတန်ဖိုးကျဆင်းကာ ဘတ်ဈေးတက်လာတာကြောင့် ပြင်ပပေါက်ဈေးမှာ မြန်မာကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ၇၀၀ ‌တောင်မပြည့်တော့ဘဲ ၆၉၀ ဘတ်ဖြစ်သွားပြီလို့ ပြင်ပငွေလွှဲ လုပ်နေသူတချို့ဆီကနေ သိရပါတယ်။

    ဒါက ရောင်းဈေးဖြစ်ပြီး ဝယ်ဈေးကတော့ တစ်သိန်းကို ဘတ် ၇၂၀ ဖြစ်ပါတယ်။

    “အခုချိန်က ထိုင်းက ကျောင်းသားတွေကို သူတို့မိဘတွေ ပိုက်ဆံပို့ကျတဲ့အချိန်ဆိုတော့ ငွေဈေး တအားကျသွားလို့ လာမေးကြတယ်။ လဲတော့ မလဲကြသေးဘူး။ ပြန်စောင့်နေကြတဲ့သဘောပေါ့” လို့ ငွေလဲလုပ်ကိုင်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီနေ့ နောက်ဆုံးပေါက်ဈေးကတော့ ၁ ဘတ်ကို ရောင်းဈေး ၁၄၃.၈၈ ကျပ်ဖြစ်ပြီး ဝယ်ဈေး ၁၃၉.၈၉ ကျပ်ဖြစ်နေတာကို ငွေကြေးဈေးကွက်အတွင်းက အချက်အလက်တွေအရ သိရပါတယ်။

    အောက်တိုဘာ ၃၁ ရက်မှာ ၁ ဘတ်ကို ရောင်းဈေး ၁၄၀.၈၅ ကျပ်၊ ဝယ်ဈေး ၁၃၆.၉၉ ဖြစ်နေရာကနေ နိုဝင်ဘာလထဲမှာ ကျပ်တန်ဖိုး ဆက်တိုက်ကျလာတာဖြစ်ပါတယ်။

    ဒီနေ့ အမေရိကန်ဒေါ်လာ ပြင်ပ‌ပေါက်ဈေးက တစ်ဒေါ်လာကို ရောင်းဈေး ၄၈၄၀ ကျပ် ဖြစ်ပြီး ဝယ်ဈေးက ၄၇၄၀ ကျပ်ဖြစ်ပါတယ်။

    မနေ့ကထက် ၃၀ ကျပ် ပိုတက်သွားတာဖြစ်ပါတယ်။

    ပုံမှန်အားဖြင့် နှစ်တစ်နှစ်ရဲ့ နောက်ဆုံး ၄ လပတ်ဟာ မြန်မာ့ကျပ်ငွေတန်ဖိုး တက်တဲ့ကာလတွေဖြစ်တယ်လို့ စျေးကွက် စောင့်ကြည့်သူတွေက ပြောပါတယ်။

    ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း မြန်မာ့ငွေတန်ဖိုးဟာ ဆက်တိုက် ကျဆင်းနေတာဖြစ်ပြီး ထိုင်းနဲ့ ကျပ် ငွေလဲစျေးကွက်မှာ မြန်မာငွေကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ၅၀ နဲ့ ၁၀၀ ကြားအထိ ပိုပေးရပြီး ကျပ်ငွေ တန်ဖိုးထိုးကျနေပါတယ်။

    ဒီလိုမြန်မာကျပ်ငွေတန်ဖိုး ကျဆင်းရတဲ့ဖြစ်စဥ်ဟာ FATF လို့ ခေါ်တဲ့ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ရဲ့ ပါရီအစည်းအဝေးက မြန်မာကို အမည်ပျက်စာရင်း(Blacklist) ကနေ မပယ်ဖျက်ပေးတဲ့အခြေအနေ၊ နောက် နေပြည်တော်က ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်ကနေ ကျပ် ဘီလျံ ၂,၁၀၀ ချေးယူ မယ်လို့ လွှတ်တော်မှာ ဆွေးနွေးပြီးနောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

  8. မီဇိုရမ်ကုန်တင်ယာဥ်ပိုင်ရှင်အသင်းနဲ့ အေအေတို့ နယ်စပ်ကုန်သွယ်ရေး MoU ရေးထိုး

    မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင် Press Club က MoU လက်မှတ်ရေးထိုးမှု
    ဓာတ်ပုံ ပုံစာ, မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင် Press Club က MoU လက်မှတ်ရေးထိုးမှု

    မြန်မာဘက်က ချင်းပြည်နယ်နဲ့ အိန္ဒိယဘက်က မီဇိုရမ်ပြည်နယ်တို့ရဲ့တောင်ပိုင်းဒေသနယ်စပ် ကုန်သွယ်ရေးအဆင်ပြေဖို့ မီဇိုရမ်ကုန်တင်ယာဥ်ပိုင်ရှင်များအသင်း(ဆိုင်ဟာခရိုင်) နဲ့ အာရက္ခတပ်တော်(အေအေ)တို့အကြား နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးတယ်လို့ Times of India သတင်းက ဖော်ပြပါတယ်။

    မီဇိုရမ်က ဆိုင်ဟာမြို့မှာရှိတဲ့ Press Club မှာ အောက်တိုဘာ ၂၉ ရက်က တွေ့ဆုံလက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။

    နှစ်ဖက်အဖွဲ့ ကိုယ်စားလှယ်တွေက နယ်စပ်ကုန်သွယ်ရေးကားနဲ့ လှေခနှုန်းထားတွေ တပြေးညီဖြစ်ပြီး သင့်တင့်တဲ့နှုန်းထားဖြစ်ဖို့ ဆွေးနွေးတယ်လို့ အိန္ဒိယသတင်းက ဖော်ပြပါတယ်။

    ရာလီနဲ့ ဆလချွာ နယ်စပ်ရွာ ၂ ရွာက ကုန်သွယ်ရေးသုံး ယာဥ်ခတွေအတွက် ဆွေးနွေးတာပါ။

    မြစ်တစ်ဖက်စီမှာရှိနေတဲ့ ဒီရွာတွေက နယ်စပ်ဂိတ်ကို ည ၈နာရီ ထိ ဖွင့်လှစ်ပေးဖို့လည်း ဆွေးနွေးတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

    ဒီလိုတွေ့ဆုံပြီး လက်မှတ်ရေးထိုးတဲ့အခြေအနေဟာ စက်တင်ဘာလအတွင်း နယ်စပ်ကုန်သွယ်ရေး မရာလူငယ်အဖွဲ့အစည်း ဆိပ်ကမ်းတာဝန်ရှိသူတွေနဲ့ ရခိုင်ကုန်သည်တွေအကြားပွတ်တိုက်မှုရှိလာတဲ့နောက်မှာ ဖြစ်ပေါ်လာတာပါ။

    မော်တော်ထွက်ခွာတဲ့အချိန်ဇယားအပေါ် အငြင်းပွားကြပြီးတဲ့နောက် ဒီအရေးပါ်တဲ့ဆိပ်ကမ်းကို စက်တင်ဘာ ၁၆ ရက်မှာ ပိတ်လိုက်တာပါ။

    အေအေဘက်က ဝင်ရောက်ညှိနှိုင်းပြီးတဲ့နောက် စက်တင်ဘာ ၂၄ ရက်မှ ပြန်လည်ဖွင့်လှစ်ခဲ့တာလို့ ရခိုင်ဒေသတွင်းသတင်းက ‌ဖော်ပြပါတယ်။

    အခုကုန်သွယ်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ ရေးထိုးတာနဲ့ပတ်သက်လို့ ဘီဘီစီက အာရက္ခတပ်တော်ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

  9. ယူကရိန်းအကူအညီပေးရေးစင်တာကို ရုရှားဗုံးကြဲလို့ လူ ၂၆ ဦးသေဆုံး- ကိယက်ဗ်

    ဗုံးကြဲမှုဖြစ်အပြီး မြင်ကွင်းလို့ ရိုက်တာသတင်းမှာ ဖော်ပြ
    ဓာတ်ပုံ ပုံစာ, ဗုံးကြဲမှုဖြစ်အပြီး မြင်ကွင်းလို့ ရိုက်တာသတင်းမှာ ဖော်ပြ

    ယူကရိန်းရဲ့အကူအညီပစ္စည်းဖြန့်ဝေရေးစင်တာတစ်ခုကို ရုရှားက ဗုံးကြဲလို့ လူပေါင်း အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ “အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်” လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြောပါတယ်။

    ယူကရိန်းနိုင်ငံတောင်ပိုင်း ဇာပိုရီရှာဒေသက ကိုမီရှူဗာခါ ရွာကို ကီလိုဂရမ် ၃,၀၀၀ အလေးချိန် ရှိတဲ့လေကြောင်း ဗုံး အနည်းဆုံး ၉ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူ ၅ ဦး ဒဏ်ရာရပြီး လူ ၂၇ ဦးပျောက်ဆုံးနေတယ်လို့ ဒေသန္တရအုပ်ချုပ်ရေးမှူး မီခေလို ဆေမီကင်က ပြောပါတယ်။

    သမ္မတ ဇလန်းစကီးကတော့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေအတွက် သုံးနေတဲ့ကျောင်း ပထမဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လူတွေ ခိုလှုံနေတဲ့နေရာကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရတာလို့ ပြောပါတယ်။

    တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကြောင့် ကျန်ရစ်ခဲ့တဲ့ဗုံးကျင်းကြီးနဲ့အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေကယ်ဆယ်နေတဲ့ဗီဒီယိုကိုလည်း ဇလန်းစကီးက လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

    ရုရှားစစ်တပ်ဘက်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပါဘူး။

    သေဆုံးသူဦးရေ ၁၈ ဦးရှိတယ်လို့ သမ္မတဇလန်းစကီးက အစောပိုင်းမှာ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ ယူကရိန်းနိုင်ငံအရေးပေါ် ကယ်ဆယ်ရေးဌာန(DSNS)က သေဆုံးသူ ၂၄ ဦးရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။

    အဲဒီထဲမှာ ကယ်ဆယ်ရေးဝန်ထမ်း ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးလည်း ပါဝင်တယ်လို့ဆိုပါတယ်။

    တနင်္လာနေ့ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ဗီဒီယိုမိန့်ခွန်းမှာတော့ သမ္မတ ဇလန်းစကီးက သေဆုံးသူဦးရေဟာ ၂၆ ဦးအထိ ရှိလာပြီလို့ ပြောပါတယ်။

    ဇလန်းစကီးက အရင်က “ကိုမီရှူဗာခါမှာ ကျန်ရှိနေသေးတဲ့ဒေသခံတွေဟာ တနင်္လာနေ့တိုင်း အဲဒီနေရာမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လာရောက်ရယူနေကြတာကို ရုရှားဘက်က မသိဘဲ ဖြစ်နိုင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

    “ဒါဟာ ရုရှားအနေနဲ့ တင်းမာမှုလျှော့ချရေးကို မလိုလားဘူးဆိုတဲ့ နောက်ထပ် သက်သေတစ်ခုပါပဲ” လို့လည်း သူက ပြောပါတယ်။

    အမေရိကန်သမ္မတကတော် မယ်လန်နီယာ ထရမ့် ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ရုရှားထိန်းချုပ်ထားတဲ့ တောင်ပိုင်းမြို့ အိုလက်ရှ်ကီးက အရပ်သားတွေကို ရုရှားနဲ့ ယူကရိန်း ပူးပေါင်းကယ်ထုတ်နိုင်ခဲ့တဲ့စစ်ဆင်ရေး အောင်မြင်ခဲ့ပြီးနောက် “ငြိမ်းချမ်းရေးဖြစ်နိုင်တယ်ဆိုတာကို နောက်ထပ်ခြေလှမ်းတွေက ပြသနိုင်မယ့် အခိုက်အတန့်တစ်ခု ရှိခဲ့ပါတယ်” လို့ ဇလန်းစကီးက ဆိုပါတယ်။

    “အခုလိုသတ်ဖြတ်မှုတွေနဲ့အတူ ရုရှားက လုံးဝ ဆန့်ကျင်ဘက် အချက်ပြမှုကို ပေးပို့နေပါတယ်။ ရုရှားဟာ နောက်ထပ်လူသတ်မှုတွေ ဆက်ဖြစ်လာဖို့ကိုပဲ မျှော်လင့်နေပါတယ်” လို့ ဇလန်းစကီးက ပြောပါတယ်။

    အခုဖြစ်ရပ်ကြောင့် ဇာပိုရီရှာ ဒေသတဝန်းလုံးမှာ အင်္ဂါနေ့ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ကြေညာထားပါတယ်။

    ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို အင်အားအပြည့်နဲ့ ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ကတော့ ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေဟာ လာမယ့်သီတင်းပတ်မှာ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) က အဘူဒါဘီမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စတင်ဖို့ ရှိတယ်လို့ လူမှုကွန်ရက် X (အရင်က တွစ်တာ)မှာ ရေးပါတယ်။

  10. Grade 12 ကျောင်းသားတွေကို စစ်မှုထမ်းဥပဒေသင်နေ - ပညာရေးဒု၀န်ကြီး

    နေပြည်တော်မှာ ဖွင့်လှစ်ထားတဲ့ လူငယ်လေ့ကျင့်ရေးကျောင်းက ကျောင်းသားတွေနဲ့ ၂၀၂၆ ဇွန်လအတွင်း တွေ့ဆုံခဲ့တဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး
    ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ ဖွင့်လှစ်ထားတဲ့ လူငယ်လေ့ကျင့်ရေးကျောင်းက ကျောင်းသားတွေနဲ့ ၂၀၂၆ ဇွန်လအတွင်း တွေ့ဆုံခဲ့တဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး(ပုံဟောင်း)

    အငြင်းပွားဖွယ် စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုတွေဖြစ်နေချိန်မှာပဲ စစ်မှုထမ်းဥပဒေကို အသက် ၁၈ နှစ်အရွယ် ကျောင်းသားတွေကိုသင်တဲ့ Grade 12 သင်ရိုးညွှန်းတမ်းထဲ ထည့်သင်နေတယ်လို့ဆိုပြီး နေပြည်တော် ပညာရေး ဒုတိယ၀န်ကြီးက ထုတ်ပြောပါတယ်။

    ဒီလိုသင်နေတဲ့အကြောင်း ပညာရေးဒု၀န်ကြီး ဦးနေမျိုးလှိုင်က နို၀င်ဘာ ၂ ရက်တုန်းက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပြောသွားတာပါ။

    မြို့သစ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက မေးမြန်းတဲ့ အလယ်တန်းနဲ့အထက်တန်းကျောင်းတွေမှာ ဥပဒေပညာရပ်သင်ကြားနိုင်ရေး မေးခွန်းကို ပြန်ဖြေချိန်မှာ ပညာရေး ဒု၀န်ကြီးက ထည့်ပြောသွားတာပါ။

    ဒီလိုသင်နိုင်ဖို့ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ ဥပ‌ဒေအသိပညာပေးစာအုပ်ကို ၂၀၂၄-၂၀၂၅ မှာ ဆရာ၊ ဆရာမတွေကို သင်တန်းစပေးခဲ့တယ်လို့ ဆိုပါတယ်။

    စာရိတ္တနဲ့ပြည်သူနီတိဘာသာရပ်ထဲမှာ ဥပဒေပညာကို စပ်ဆက်သင်ကြားပေးနေတာလို့ သူက ဆိုပါတယ်။

    အသက် ၁၈ နှစ်အရွယ်ဖြစ်ကြတဲ့ Grade 12 ကျောင်းသားတွေကို စစ်မှုထမ်းဥပဒေအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေတွေကို သင်ကြားနေတယ်လို့လည်း သူက လွှတ်တော်မှာ ပြောပါတယ်။

    အသက် ၁၇ နှစ်အရွယ် Grade 11 ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတွေကိုသင်နေတယ်လို့ ပြောထားပါတယ်။

    မြန်မာ့ပညာရေးစနစ်အတွင်းက ဆရာ၊ ဆရာမမလုံလောက်မှုနဲ့ သင်ရိုးအားလုံးအချိန်မီအပြီးသင် ကြားနိုင်ရေးကို ဦးစားပေးသင်နေတာကြောင့် စာရိတ္တနဲ့ပြည်သူ့နီတိအပါအဝင် သင်ရိုးဝင်အုပ်စု(ခ) က ဘာသာရပ်တွေကို အပြည့်အဝသင်ကြားပေးနိုင်မှု နည်းပါတယ်။

    ဒီလိုသင်ရိုးညွှန်းတမ်းထဲထည့်ပြီး စစ်မှုထမ်းဥပဒေကို မသင်ကြားခင် စစ်တပ်အနေနဲ့ အခြေခံပညာကျောင်းက ကျောင်းသားတွေကို နွေရာသီအားလပ်ရက်တွေမှာ ရေတပ်နဲ့လေဆိပ်ဌာနချုပ်တွေကို ခေါ်ယူပြီး လေကြောင်း၊ ရေကြောင်းလူငယ်သင်တန်းပေးတာကို ၂၀၂၃ ခုနှစ်ကစပြီး လုပ်ဆောင်လာတာတွေ့ရပါတယ်။

    ဒါ့အပြင် ၂၀၂၆-၂၀၂၇ စာသင်နှစ်ကစပြီး နေပြည်တော်နဲ့ ရန်ကုန်မှာ လူငယ်ပညာရေးလေ့ကျင့်ရေးကျောင်းဖွင့်လှစ်သင်ကြားတာလည်းလုပ်လာတာပါ။

    နိုင်ငံတဝန်းက စစ်မြေပြင်တွေမှာ မြေပြင်ထိုးစစ်အင်အားဖြည့်တင်းဖို့ ၂၀၂၄ ဖေဖော်ဝါရီမှာ စစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး ဒီဥပဒေပါ သတ်မှတ်အသက်အကျုံးဝင်လူငယ်တွေကို စစ်သင် တန်းအပတ်စဥ်တစ်ခုအတွက် လူ ၅ ထောင်ဆီခေါ်ယူနေတာပါ။

    အောက်တိုဘာလထဲမှာ အပတ်စဥ် ၂၇ အထိ သင်တန်းဆင်းထားပြီဖြစ်တယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ချက်အရသိရပါတယ်။

    စစ်မှုထမ်းအသက်အကျုံးဝင်လူငယ်တွေကို ပြည်ပထွက်ခွာခွင့်ကန့်သတ်ထားသလို ရန်ကုန်လိုမြို့ပေါ်မှာပါ အတင်းအကျပ်ဖမ်းဆီးကာ စစ်သင်တန်းပို့ခံနေရတာကို ဒီ နှစ်နှစ်ကျော် ကာလအတွင်း ကိုယ်တိုင်ကြုံခဲ့သူတွေနဲ့ မိသားစုဝင်တချို့က ဘီဘီစီကို ဖြေထားပါတယ်။

    CDM စစ်သားတွေကတော့ စစ်တပ်အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မဖြတ်သိမ်းဘဲ ဆက်ထားရှိနေဦးမှာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

    ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရလည်း မြန်မာလူငယ်တွေ ထိုင်းကိုထွက်လာကြတဲ့ အကြောင်းအရင်းထဲမှာ စစ်မှုထမ်းစုဆောင်းမှုကလည်း အကြောင်းရင်း တစ်ရပ်ဖြစ်နေတယ်ဆိုတာလည်းပါဝင်ပါတယ်။

    နိုင်ငံတကာရွှေ့ပြောင်းသွားလာမှုကို စောင့်ကြည့်တဲ့IOM အဖွဲ့ရဲ့ အချက်အလက်အရ ထိုင်းမှာ မြန်မာ ၄ ဒသမ ၁ သန်းရှိပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန အချက်အလက်အရ တရားဝင်အထောက်အထားရှိသူ ၂ ဒသမ ၉ သန်းကျော်ရှိပါတယ်။

  11. နယ်စပ်က တိုက်ပွဲကိစ္စ မြန်မာစစ်သံမှူးကို ထိုင်းစစ်ဦးစီးချုပ် ခေါ်သတိပေး

    နိုဝင်ဘာ ၂ ရက်၊ ထိုင်းတော်ဝင်စစ်တပ်ဌာနချုပ်မှာ ထိုင်းစစ်ဦးစီးချုပ် ဥကရစ်ဘွန်တာနွန်က ဘန်ကောက်၊ မြန်မာစစ်သံမှူးဗိုလ်မှူးချုပ်ဝင်းသူလင်းကို တွေ့ဆုံတဲ့အခြေအနေ
    ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၂ ရက်၊ ထိုင်းတော်ဝင်စစ်တပ်ဌာနချုပ်မှာ ထိုင်းစစ်ဦးစီးချုပ် ဥကရစ်ဘွန်တာနွန်က ဘန်ကောက်၊ မြန်မာစစ်သံမှူးဗိုလ်မှူးချုပ်ဝင်းသူလင်းကို တွေ့ဆုံတဲ့အခြေအနေ

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်နဲ့ဆက်နေတဲ့ မြဝတီမြို့နယ်တကြောမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထိုင်းစစ်ဦးစီးချုပ် ဥကရစ်ဘွန်တာနွန်က ဘန်ကောက်မြို့က မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းကို မနေ့က ခေါ်ယူသတိပေးတယ်လို့ ထိုင်းတော်ဝင်စစ်တပ်ဌာနချုပ်က ဒီမနက် သတင်းထုတ်ပြန်ပါတယ်။

    မြန်မာဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်နဲ့ ကျည်ဆံတွေ ထိုင်းဘက်ခြမ်းကို ကျရောက်‌ပေါက်ကွဲတာကြောင့် ထိုင်းနိုင်ငံသားတချို့ ထိခိုက်တာ၊ နေအိမ်နဲ့ ဆေးရုံတွေပျက်စီးတဲ့အပေါ် ထိုင်းလူထုအကြား နယ်စပ်လုံခြုံရေးကို ဝေဖန်မှုမြင့်တက်နေတာပါ။

    မြန်မာဘက်ခြမ်းက စစ်ရေးလှုပ်ရှားမှုတွေ သတိကြီးကြီးနဲ့ ဆောင်ရွက်ဖို့၊ ထိုင်းနိုင်ငံသားတွေ ရဲ့ အသက်အိုးအိမ်လုံခြုံရေး သက်ရောက်လာနိုင်တဲ့အကျိုးဆက်တွေကို ထည့်သွင်းစဥ်းစားပေးဖို့ အလေးအနက်တိုက်တွန်းတယ်လို့ ထိုင်းစစ်ဦးစီးချုပ်က ပြောပါတယ်။

    ဒီတွေ့ဆုံမှုဟာ နှစ်နိုင်ငံစစ်တပ်တွေအကြား ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ဆက်ထိန်းသိမ်းလိုတယ်ဆိုတာကို ဖော်ပြနေတယ်လို့ ထိုင်းစစ်တပ်ကဘက် ထုတ်ပြန်ပါတယ်။

    ထိုင်းကာကွယ်‌ရေးဝန်ကြီးကလည်း ထိုင်းစစ်ဦးစီးချုပ်နဲ့အတူ မြန်မာစစ်သံမှူးကိုတွေ့ဆုံတာအပြင် မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိကြီးကို မနေ့က ဖုန်းခေါ်ခဲ့ပြီးအပြုသဘော‌ဆောင်တဲ့တုံ့ပြန်မှုရရှိတယ်လို့ ထိုင်း သတင်းတွေကို ပြောပါတယ်။

    မြန်မာက ပဋိပက္ခဟာ အနည်းငယ်ငြိမ်လာတယ်လို့ ယူဆပေမဲ့ မြန်မာက တိုင်းရင်းသား လူနည်းစုတွေနဲ့ သက်ဆိုင်တဲ့ပြည်တွင်းပဋိပက္ခ အဖြစ်ဆက်ရှိနေသေးတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

    ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက တိုက်ပွဲကြောင့် ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရတဲ့နောက်မှာ မြန်မာကို ထောက်ပံ့ပို့ဆောင်တာတွေ မလုပ်နိုင်အောင် ထိုင်းနယ်ခြားစောင့်တပ်က နယ်စပ်မှာရှိတဲ့မှောင်ခိုလမ်းတွေပိတ်ဖို့ အကောက်ခွန်ဌာနကို တိုက်တွန်းခဲ့ပါတယ်။

    အဲဒီလမ်းတွေကို အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၅ ရက်အထိ ထိုင်းဘက်က လုံခြုံရေးတင်း ကြပ်ကာ ပိတ်ထားဆဲဖြစ်ပါတယ်။

  12. ဖိလစ်ပိုင်မှာ ဦးမင်းအောင်လှိုင်နဲ့ စစ်တပ်အရာရှိ ၁၀ ဦးကို တိုင်ကြားထားတဲ့အမှု အယူခံထပ်ဝင်မယ် - CHRO

    ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကူးမ်ဂျီယန်
    ဓာတ်ပုံ ပုံစာ, ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ကူးမ်ဂျီယန်

    စစ်ခေါင်းဆောင်ဟောင်းအပါအဝင် မြန်မာစစ်တပ်အရာရှိ ၁၀ ဦးကို ရာဇဝတ်မှုစွပ်စွဲချက်နဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၃ ခုနှစ်က တိုင်ကြားခဲ့တဲ့အမှုကို ဒီကနေ့ အယူခံထပ်ဝင်မယ်လို့ အမှုကိုတိုင်ကြားခဲ့တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။

    ဒီအမှုဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်တပ်က နေအိမ်တွေကို အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး လူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆက်စပ်နေပါတယ်။

    အဲဒီဖြစ်ရပ်မှာ နစ်နာခဲ့သူ ငါးဦးက တရားလိုအဖြစ် ပါဝင်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို အသုံးပြုပြီး စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားခဲ့တာလို့ CHRO က ပြောပါတယ်။

    အဲဒီဥပဒေဟာ ဖိလစ်ပိုင်အာဏာပိုင်တွေက သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဆီ လွှဲပြောင်းပေးရာမှာ အသုံးပြုခဲ့တဲ့ ဥပဒေလည်း ဖြစ်ပါတယ်။ CHRO ကတော့ ဒီဥပဒေဟာ နိုင်ငံတကာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို ကျင့်သုံးနိုင်တဲ့ ဥပဒေဖြစ်တယ်လို့ ရှုမြင်ထားပါတယ်။

    ဒါပေမဲ့ ၂၀၂၃ ခုနှစ်က တိုင်ကြားခဲ့တဲ့အမှုကို ဖိလစ်ပိုင်တရားရုံးက သူ့နိုင်ငံနယ်နိမိတ်အတွင်း ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကိုသာ တရားစီရင်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့တယ်လို့ CHRO က ပြောပါတယ်။

    အခုအယူခံထပ်ဝင်မယ့်ကိစ္စနဲ့ပတ်သက်ပြီး တရားလိုဘက်က ရှေ့နေ ရိုမဘ် ဘာဂရိစ်က ဖိလစ်ပိုင်အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှု စတင်ဖို့ အခက်အခဲနည်းနိုင်တယ်လို့ ပြောပါတယ်။

    နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဆီမှာ အသုံးပြုနိုင်တဲ့ သက်သေအထောက်အထား အမြောက်အမြား ရှိနေပြီးသားဖြစ်တာကြောင့်လို့ သူက ပြောပါတယ်။

    CHRO ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ် ချင်းပြည်နယ်အတွင်း စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် နေအိမ်ပေါင်း ၂,၀၀၀ ခန့် ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၂၅၀ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၆၀,၀၀၀ ခန့်ဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း အဖွဲ့က ပြောပါတယ်။

    အခုလို အယူခံထပ်ဝင်တာဟာ ထန်တလန်ဖြစ်ရပ် ငါးနှစ်ပြည့်ပြီးနောက်မှာ ဖြစ်ပါတယ်။ တိုင်ကြားသူတွေထဲက တစ်ဦးဖြစ်သလို CHRO ရဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်တဲ့ ဆလိုင်းလင်းကတော့ “ငါးနှစ်ကြာခဲ့ပြီဖြစ်ပေမဲ့ နာကျင်မှုတွေက ဒီနေ့အထိ လတ်ဆတ်ပြင်းထန်နေဆဲ ဖြစ်တယ်” လို့ ပြောပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့ချိန်က မြန်မာစစ်တပ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ စစ်ရာဇဝတ်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်အပြင် အင်ဒိုနီးရှား၊ တီမော၊ အာဂျင်တီးနားနဲ့ ဒိန်းမတ်နိုင်ငံတွေမှာလည်း တရားစွဲဆိုခံရတာ၊ အမှုဖွင့်တိုင်ကြားခံရတာတွေ ရှိနေပါတယ်။

  13. အမေရိကန်ရဲ့ မြန်မာမဟာဗျူဟာသစ်မှာ ငြိမ်းချမ်းရေး၊ ရှားပါးမြေသတ္တုနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အလေးထား

    ရန်ကုန်မြို့ အမေရိကန်သံရုံး၊ ယာယီတာဝန်ခံ ဒေါက်ဂလပ်စ် အီး ဆောန်နစ်ခ်
    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ မြန်မာဆိုင်ရာအမေရိကန်သံရုံး၊ ယာယီတာဝန်ခံ ဒေါက်ဂလပ်စ် အီး ဆောန်နစ်ခ်

    အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မဟာဗျူဟာသစ်မှာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် မြန်မာမှာ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိရေးကို ထောက်ပံ့သွားမယ်လို့ ဖော်ပြထားပါတယ်။

    နောက်ထပ် အရေးကြီးတဲ့အချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို တိုးမြှင့်ရေး ကိုလည်း အလေးထား‌ပြောထားပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံက မြေရှားသတ္တုအရင်းအမြစ်တွေကို ရယူနိုင်ရေး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ရေးနဲ့ အမေရိကန်ရဲ့ စီးပွားရေးနဲ့ ဒေသတွင်းဩဇာလွှမ်းမိုးမှု တိုးမြှင့်ရေးတို့ကိုလည်း အဓိကရည်မှန်းချက်တွေအဖြစ် ထည့်သွင်းထားပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဩဂုတ်လ ၃၁ ရက်စွဲနဲ့ရေးသားထားပြီးအောက်တိုဘာလနှောင်းပိုင်းမှာထွက်ပေါ် လာတဲ့ အဲဒီအများပြည်သူကို ထုတ်ပြန်ထားတဲ့ မဟာဗျူဟာစာတမ်းမှာ အဓိကရည်မှန်းချက် လေးရပ်ကို ဖော်ပြထားတာပါ။

    ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း အမေရိကန်ရဲ့ ရည်မှန်းချက်တွေထဲမှာ မြန်မာ့အတိုက်အခံအင်အားစုတွေကြား သဘောထားကွဲလွဲမှုတွေ လျှော့ချရေး ပါဝင်ပါတယ်။

    ဗဟိုအဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ကွဲပြားမှုတွေ လျှော့ချပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

    ဒီလုပ်ငန်းစဉ်အတွက် သက်ဆိုင်သူပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ အနည်းဆုံးသုံးခု ပြုလုပ်ပြီး ဘဏ္ဍာရေးဖက်ဒရယ်စနစ်နဲ့ နယ်မြေသတ်မှတ်ရေးဆိုင်ရာ သဘောတူညီချက်တွေ၊ မူဝါဒအဆိုပြုချက်တွေ ရရှိဖို့ ရည်မှန်းထားပါတယ်။

    အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုအရင်းအမြစ်တွေကို ရယူနိုင်မယ့် အခွင့်အလမ်းတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ ရည်ရွယ်ထားတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

    အဲဒီထဲမှာ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုတွေကို နှိမ်နင်းဖို့ မြန်မာနိုင်ငံနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ် ရရှိရေး ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

    စီးပွားရေးပိုင်းမှာတော့ အမေရိကန်က မြန်မာရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်လာရေးကို ရည်မှန်းထားပါတယ်။

    အမေရိကန်ကုမ္ပဏီတွေအတွက် ဒေါ်လာငါးသန်းကျော်တန်ဖိုးရှိတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံးသုံးခု ရရှိဖို့နဲ့ ၂၀၃၀ ပြည့်နှစ်အကုန်မှာ အမေရိကန်ထုတ်ကုန်နဲ့ စိုက်ပျိုးရေးထွက်ကုန် တင်သွင်းမှုကို သုံးဆတိုးဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

    မြန်မာမှာ နိုင်ငံပိုင်စီးပွားရေးစနစ်၊ သွင်းကုန်လိုင်စင်နဲ့ နိုင်ငံခြားငွေရရှိရေးဆိုင်ရာ အခက်အခဲတွေဟာ အမေရိကန်ကုမ္ပဏီတွေအတွက် အတားအဆီးဖြစ်နေတယ်လို့လည်း စာတမ်းမှာ ဖော်ပြထားပါတယ်။

    မြန်မာ့အရေးမှာ သံတမန်ရေး၊ စီးပွားရေးနဲ့ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတွေကို တိုးချဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချသူတွေနဲ့ လက်တွေ့လုပ်ငန်းအဆင့် ဆက်ဆံရေးတွေ ပိုမိုတည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

    လူသားချင်းစာနာမှုအကူအညီပိုင်းမှာလည်း မိတ်ဖက်နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ ပေါင်းစပ်ပြီး မြန်မာနိုင်ငံမှာ အကူအညီအလိုအပ်ဆုံး လူဦးရေ သုံးသန်း၊ တစ်နည်းအားဖြင့် အဲဒီလူဦးရေရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေဖို့ ရည်မှန်းထားပါတယ်။

    အမေရိကန်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ 'အမေရိကန်အကျိုးစီးပွားကို ဦးစားပေးရေး' နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာအပေါ် အခြေခံထားတယ်လို့လည်း ပြောထားပါတယ်။

    အမေရိကန်နိုင်ငံမှာ ဗီဇာသက်တမ်းကျော်လွန်နေထိုင်တဲ့ မြန်မာနိုင်ငံသားအရေအတွက်ကိုလည်း သုညအထိ လျှော့ချဖို့နဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပြည်ပပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။

    မြန်မာနိုင်ငံအရေးမှာ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အာဆီယံတို့အပါအဝင် ဒေသတွင်းမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်သံရုံးရဲ့ မဟာဗျူဟာစာတမ်းမှာ ဖော်ပြထားပါတယ်။

    တဖက်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို မိတ်ဆက်မျှဝေတဲ့ အစီအစဉ်တွေ အပါအဝင် အပြန်အလှန်ဖလှယ်ရေးအစီအစဉ်တွေကိုလည်းတောက်လျှောက်လုပ်ဆောင်နေပါတယ်။

    လော့စ်အိန်ဂျယ်လိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ (LA2M) တည်ထောင်သူ၊ အမေရိကန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူနဲ့ နိုင်ငံရေးသုံးသပ်သူတစ်ဦး ဖြစ်တဲ့ ဦးဂျိမ်းရွှေ (U James Shwe) က ‌တော့ အမေရိကန်ရဲ့ ရည်မှန်းချက်အများစုဟာ နေပြည်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် လက်တွေ့အကောင်အထည်ဖော်ဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။

    မြေရှားသတ္တု အဓိကထွက်ရှိရာ ချီဖွေနဲ့ ပန်ဝါဒေသတွေကို ကချင်လွတ်လပ်ရေးတပ် - KIA က ထိန်းချုပ်ထားသလို တော်လှန်ရေးအင်အားစုတွေ မပါဝင်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ဖို့လည်း မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

    ဒါ့အပြင် မြေရှားသတ္တုဟာ ချက်ချင်းစီးပွားရေးအကျိုးအမြတ်ရနိုင်တဲ့ အရင်းအမြစ်တစ်ခုထက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဩဇာနဲ့ အလေးသာမှုရစေမယ့် အင်အားတစ်ခုဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

    နိုင်ငံရေးအင်အားစုတွေကို တစ်ဖွဲ့ချင်းစီ သီးခြားဆက်ဆံပြီး အကျိုးအမြတ်ပေးတဲ့ သွေးခွဲအုပ်ချုပ်ရေးနည်းလမ်းကိုလည်း သတိထားဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။

  14. အမေရိကန်က နေပြည်တော်နဲ့ ဘာကြောင့်ပြန်ထိတွေ့ဆက်ဆံလာသလဲ

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေး နဲ့ သုတေသနဌာန အကြီးအကဲ မိုက်ကယ် ဗန့် စ်
    ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေး နဲ့ သုတေသနဌာန အကြီးအကဲ မိုက်ကယ် ဗန့် စ်

    မြန်မာမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား၊ မရိန်းတပ်ဖွဲ့ဝင်ဟောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုကနေ အမေရိကန်နဲ့ နေပြည်တော်ကြား အဆင့်မြင့်ထိတွေ့ဆက်ဆံမှုတွေ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့ပါတယ်။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်ဟာ နေပြည်တော်ကို သွားရောက်ပြီး သမ္မတဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    မြန်မာဟာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အရေးကြီးသတ္တုထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အကျိုးစီးပွားတွေ ဆုံတွေ့လာတဲ့ နေရာတစ်ခု ဖြစ်လာနိုင်လား။

    ဆောင်းပါးအပြည့်အစုံ ကို ဒီလင်ခ့် မှာ ပြန်ဖတ်နိုင်ပါပြီ။

  15. မင်္ဂလာပါ။

    နိုဝင်ဘာ ၃ ရက် ဘီဘီစီမြန်မာပိုင်းသတင်း‌တွေကို ဒီစာမျက်နှာမှာ တိုက်ရိုက် တင်ဆက်ပေး‌‌နေပါတယ်။