ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့ ဒီကနေ့ ရှင်းမယ့်အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ရေး ဆန္ဒပြပွဲတစ်ခု
ဓာတ်ပုံ ပုံစာ, ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ရေး ဆန္ဒပြပွဲတစ်ခု
ရေးသားခဲ့သည်။

(၁) ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့ ဒီကနေ့ ရှင်းမယ်

နေပြည်တော် Wisdom Hillမူကြိုက အသက် ၃ နှစ် မပြည့်သေးတဲ့ မူကြိုကျောင်းသူလေး လိင်မတရားပြုကျင့်ခံရတယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

Wisdom Hill မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား (နာမည်ရင်းမဟုတ်)ကို တစုံတယောက်က မုဒိမ်းပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိဘတွေက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

ဒီအမှုမှာ ကလေးငယ်လေးကို မတရားပြုကျင့်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တဲ့ အောင်ကြီး (ခေါ်) ကိုအောင်ကျော်မျိုး ကိုတော့ တရားရုံးတင် စစ်ဆေးမှုမှာ ပြစ်မှုကျူးလွန်တာ မပေါ်ပေါက်တဲ့အတွက်ဆိုပြီး ဒက္ခိဏခရိုင်တရားရုံးက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တရားရှင်ပြန်လွှတ်ပေး ခဲ့ပါတယ်။

အောင်ကြီးဟာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်းဖြစ်ပြီး တရားလိုပြသက်သေတွေထဲက ၁၉ ဦးထဲက Wisdom Hill မူကြိုကျောင်းက ဆရာမနှင်းနု အပါအဝင် ဆရာမ ၃ ဦးကို စစ်ဆေးပြီးချိန်မှာ တရားရုံးက ခုလို အမိန့်ချလိုက်တာပါ။

(၂) ၀ ဒေသမှာ ပိတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ပြန်ဖွင့်ခွင့်ပြု

burma
ဓာတ်ပုံ ပုံစာ, ဝငြိမ်းချမ်းရေး အနှစ် ၃ဝ ဆင်ယင်နိုင်ပြီ

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ ဌာနချုပ်ဖြစ်တဲ့ ပန်ဆန်း အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နေရာတချို့မှာ ပိတ်ထားခဲ့တဲ့ နှစ်ခြင်းနဲ့ ရိုမန်ကက်သလစ် ခရစ်ယာန်ဘုရား ကျောင်းတွေထဲက တချို့ကို နိုဝင်ဘာလထဲမှာ ပြန်ဖွင့်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ UWSA ရဲ့ လားရှိုးမြို့က ဆက်ဆံရုံးတာဝန်ခံ ဦးညီရန်း က ဘီဘီစီကို ပြောပါတယ်။

ဒီဘုရားကျောင်းတွေဟာ ဝဒေသရဲ့စည်းမျဉ်းစည်းကမ်းနဲ့အညီဖွင့်လှစ်ထားတာဟုတ်မဟုတ်ဆိုတာကို ပြည်လည်စီစစ်ခဲ့ပြီးမှ ပြန်ဖွင့်ခွင့် ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာတုန်းက ဝတပ်ဖွဲ့ဟာ အနည်းဆုံး ဘုရားကျောင်း ၁၀ ခုကို ဖျက်ဆီးခဲ့ပြီး ကချင်နှစ်ချင်းခရစ်ယာန်ကျောင်းတွေ၊ ကက်သလစ်ခရစ်ယာန်ကျောင်းတွေ အပါအဝင် ဘာသာရေးအဆောက်အဦး ၅၂ ခု ကို ပိတ်ခဲ့ပါတယ်။ အဲ

အခုတော့ ပန်းဆန်းမြို့က ဘုရားကျောင်းတစ်ကလွဲပြီး ပိတ်ထားတဲ့ ဘုရားကျောင်း ၅၂ ကျောင်းစလုံးကို ပြန်ဖွင့်ပေးလိုက်တယ်လို့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် ရဲ့ ဥက္ကဋ္ဌ ခလမ်ဆမ်ဆွန် က ပြောပါတယ်။

UWSA ထိန်းချုပ်တဲ့ ဒေသမှာ ဝလူမျိုးတချို့အပါအဝင် ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ ကချင်၊ လားဟူ၊ အာခါ၊ လီရှုးစတဲ့ တိုင်းရင်းသားလူနည်းစုတွေရှိပါတယ်။

ပန်ဖွင့်ခွင့်ရတဲ့ ဘုရားကျောင်းတွေ က ပန်ဆန်း၊ ဟိုတောင်း၊ မိုင်းပေါက်၊ မိုင်းမော့၊ ဝင်းခေါင်နဲ့ ပန်ဝိုင်မြို့နယ်က ဘုရားကျောင်းတွေ ပါပါတယ်။

အဲ့ဒီတုန်းက ဖမ်းဆီးထားတဲ့ ဘာသာရေးအကျိုးဆောင်တွေကိုလည်း ပြန်လွှတ်လိုက်ပြီလို့ ဦးညီရန်းက ပြောပါတယ်။

၁၉၉၂ ခုနှစ်နောက်ပိုင်းက UWSA ရဲ့ ခွင့်ပြုချက်မပါပဲ တည်ဆောက်ထားတဲ့ ဘုရားကျောင်းတွေကို တပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ကစပြီး ဝတပ်သား တွေက လိုက်လံရှာဖွေပြီး ချိတ်ပိတ်ခဲ့ပါတယ်။

ဝဒေသမှာ ဘုရားကျောင်းတွေအများအပြားရှိနေပြီး အစွန်းရောက်ဘာသာရေးခေါင်းဆောင် တွေရှိနေတယ်ဆိုပြီး ခရစ်ယာန်ဘာသာရေး အကျိုးဆောင်တချို့ကိုလည်း စက်တင်ဘာလတုန်းက ဖမ်းဆီးစစ်ဆေးခဲ့သလို ဘုရားကျောင်းတွေကို ပြန်လည်စီစစ်ခဲ့တာဖြစ်တယ်လို့ ဦးညီရန်းက ပြောပါတယ်။

(၃) ကော့သောင်းမှာ ဖမ်းမိတဲ့ လှေစီးဒုက္ခသည်တွေကို စစ်ဆေးနေဆဲဖြစ်

ကော့သောင်းရေပြင်မှာ ဖမ်းမိတဲ့ လှေစီးဒုက္ခသည်များ
ဓာတ်ပုံ ပုံစာ, ကော့သောင်းရေပြင်မှာ ဖမ်းမိတဲ့ လှေစီးဒုက္ခသည်များ

ကော့သောင်းရေပြင်မှာ ဖမ်းမိတဲ့ လှေစီးဒုက္ခသည် ၁၇၀ ကျော်ကို စစ်ဆေးနေတာ ဒီဇင်ဘာ ၁၉ ရက်နေ့ဆိုရင် ၄ ရက်ကြာ ရှိနေပြီ ဖြစ်ပါတယ်။ သူတို့တွေ အားလုံးကိုတော့ လတ်တလောမှာ ကော့သောင်းက ဇာဒတ်ကြီး ရေတပ်စခန်းမှာ ထိန်းသိမ်းထားပါတယ်။

သူတို့တွေထဲက အများစုဟာ ဘင်္ဂလာဒေ့ရှ်ဒုက္ခသည်စခန်းက လာတဲ့ ရိုဟင်ဂျာတွေဖြစ်ပြီး ၁၇ ဦးကတော့ ရခိုင်ပြည်နယ်၊ စစ်တွေ သဲချောင်း ဒုက္ခသည်စခန်းက လာတာဖြစ်တယ်လို့ တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ လှေစီးဒုက္ခသည်အားလုံးကို အရေးယူမှာလား၊ နေရပ်ပြန်ပို့မှာလားဆိုတဲ့ ဘီဘီစီရဲ့ မေးမြန်းချက်ကို တိုင်း လဝက ဝန်ကြီး၊ နယ်လုံဝန်ကြီးနဲ့ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးတို့က တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ရဲ့ လမ်းညွှန်ချက်အမိန့်ကို စောင့်ဆိုင်းနေတယ်လို့ ပြန်ဖြေကြပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလှေစီးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်က လူပို့ဆောင်တဲ့ ပွဲစားကနေတဆင့် မလေးရှားနိုင်ငံဘက်ကို သွားရောက် ခိုလှုံကြဖို့ ဒီဇင်ဘာ ၁၁ရက်နေ့ကစပြီး ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာလာတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောထားပါတယ်။

ဒီမတိုင်မီကလည်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတချို့ဟာ ကုန်းလမ်းကနေလည်း ရန်ကုန်နဲ့အခြားတိုင်းတွေကို ဖြတ်သန်းကာ မလေးရှားကိုသွားဖို့ ကြိုးစားတာတွေရှိခဲ့ပြီး ဖမ်းမိသူတွေကို လဝက အက်ဥပဒေနဲ့ အမှုဖွင့် အရေးယူတာတွေ ရှိခဲ့ပါတယ်။