စစ်တွေဗုံးပေါက်ကွဲမှုနဲ့ ဖမ်းဆီးထားသူကို ထောင်ဒဏ် နှစ် ၃၀ ချမှတ် အပါအဝင် မနက်ခင်း သိထားသင့်တဲ့ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Narinjara
(၁) စစ်တွေဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲအဖမ်းခံထားရသူကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဗုံး ၃ လုံး ပေါက်ကွဲမှုနဲ့ ဆက်စပ် ဖမ်းဆီးခံထားရတဲ့ ဦးအေးဝင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေက စစ်တွေခရိုင် တရာရုံးက ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။
"၃ မှုနဲ့ စွဲပြီးတော့ ၃ မှုနဲ့ ချလိုက်တယ်ဗျာ။ နှစ် ၃၀ ချတယ်။ ကျနော် ပြောချင်တာက ကျနော်ဟာ ဘယ်ပေါက်ကွဲမှုမှာမှ၊ ဘယ်ဟာမှာမှ မပါခဲ့ဘူး။ ပါဝင်ခြင်းလည်း မရှိဘူး။ ကူညီခြင်းလည်း မရှိဘူး။ အဲ့ဒီ ဖြစ်ပွားတဲ့နေကျနော်က ဘူးသီးတောင်မောင်တောမှာ ကယ်ဆယ်ရေး ပေးဖို့အတွက် သွားနေခဲ့တာပါ။ ရခိုင့်လူမှု ကူညီစောင့်ရှောက်ရေး ဖောင်ဒေရှင်းလည်းပါတယ်" လို့ ဦးအေးဝင်းကနေ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
စစ်တွေမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ဦးအေးဝင်းကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့ပြီး ခုလို အမိန့်ချမှတ်လိုက်တာပါ။
ဦးအေးဝင်းကတော့ မြို့နယ် တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ အယူခံဝင်ဖို့ ရှေ့နေနဲ့ တိုင်ပင်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
(၂) စီအန်န်အန်န် သတင်းထောက် ဂျင်မ်အကော်စတာ အိမ်ဖြူတော်မှာ သတင်းယူခွင့်ပြန်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စီအန်န်အန်န် သတင်းထောက် ဂျင်မ်အကော်စတာရဲ့ အမှုကို တရားသူကြီးက ကြားနာပြီးတဲ့နောက်မှာ အိမ်ဖြူတော်မှာ သတင်းယူခွင့်ရှိတယ်လို့ ပြောလိုက်ပါတယ်။
အခုလအစောပိုင်းက သမ္မတထရမ့်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် ဂျင်မ်အကော်စတာ နဲ့ သမ္မတ အချေအတင် အငြင်းပွားရာမှာ သူ့ကို သတင်းယူခွင့် ပိတ်ပင်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျင်မ်အကော်စတာ အပေါ် စွဲချက်တင်မှုဟာ ကျိုးကြောင်းခိုင်လုံမှု မရှိတဲ့အတွက် တရားသူကြီး တင်မသီကယ်လီက လာမယ့်သီတင်းပတ်မှာ နှစ်ဖက်လျှောက်လဲချက်တွေ လေ့လာရင်း အမိန့်ချမှာပါ။
တရားသူကြီးကတော့ အိမ်ဖြူတော်ကနေ ဂျင်မ်အကော်စတာ ကို သတင်းယူခွင့်ပိတ်ခဲ့တာဟာ သတင်းထောက်တွေရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ထိပါးစေတာလို့ ပြောထားပါတယ်။
အိမ်ဖြူတော် ရှေ့နေတွေကတော့ မစ္စတာ ကွန်စတာရဲ့ အပြုအမှုဟာ သတင်းစာရှင်းလင်းပွဲမှာ စောင့်ထိမ်းရမှာကို ချိုးဖောက်တဲ့အကြောင်း ပြောပါတယ်။
(၃) တောင်ကြီမှာ ဗုံးတွေ့ခဲ့တာကြောင့် ဒေသခံတွေ ထိတ်လန့်

ဓာတ်ပုံ ရင်းမြစ်, Sai Tun Aung Lwin
ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်က မြို့လယ်ခေါင်လူစည်ကားတဲ့ မြို့မဈေးမီးပွိုင့်နားမှာ လက်ဆွဲသေတ္တာငယ်နဲ့ ထည့်ထားတဲ့ လက်လုပ်ဗုံးတစ်လုံးတွေ့လို့ စစ်တပ်ရဲ့လက်နက်ကျွမ်းကျင်သူတွေက အချိန်မှီဖေါက်ခွဲခဲ့ရပါတယ်။
ဈေးနားမှာတွေ့ပြီးတဲ့နောက် လူစည်ကားတဲ့ စီးတီးစကွဲ ဈေးဝယ်စင်တာနဲ့ အိုးရှင်းဈေးဝယ်စင်တာတွေမှာလည်း လူတွေအထိတ်တလန့်ဖြစ်အောင် သံသယဖြစ်စရာတွေ ထပ်မံတွေ့လို့ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ မဟုတ်ကြောင်းကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ ဦးစီးပထမတန်းအရာရှိ ဒုရဲမှူးကြီး စန်းဝင်းက ဘီဘီစီကို ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သံသယဖြစ်စရာလူပုဂ္ဂိုလ်တို့ သဲလွန်စတို့ မတွေ့သေးတဲ့အတွက် ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဒုရဲမှူးကြီး စန်းဝင်းက ပြောပါတယ်။
မီးပုံးပျံပွဲကျင်းပရေးကော်မတီကလည်း ဗုံးတွေ့တယ်ဆိုတာ တနေရာတည်းသာဖြစ်ကြောင်းနဲ့အဝေရာမီးပုံပျံကွင်းမှာ လုံးဝ သံသယဖြစ်စရာမတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။
ဒါပေမယ့်တော့ တောင်ကြီးမြို့မှာ မီးပုံပျံပွဲကျင်းပနေတဲ့ လူစည်ကားနေချိန်မှာ ဗုံးတွေတွေ့လို့ သက်ဆိုင်ရာက ဖောက်ခွဲခဲ့ရတာကြောင့် ဒေသခံတွေရော တောင်ကြီးမီးပုံပျံပွဲ ရောက်နေတဲ့ ဧည့်သည်တွေပါ စိုးရိမ် ထိတ်လန့်နေကြပါတယ်။
(၄) ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှား နှောင့်ယှက်မှု ရှိမရှိအပေါ် မေးခွန်းတွေဖြေဖို့ သမ္မတထရမ့် အသင့်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Google
ပြီးခဲ့တဲ့၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရုရှ နှောင့်ယှက်မှုကို စုံစမ်းနေတဲ့ အမေရိကန်တရားရေးအရာရှိ ရောဘတ်မူလာရဲ့ မေးခွန်းတွေဖြေဖို့ အဖြေလွှာတွေအသင့်ရေးပြီးတဲ့အကြောင်း သမ္မတထရမ့် က ပြောလိုက်ပါတယ်။
ဒီအဖြေလွှာတွေကိုလည်း သူ့ရဲ့ရှေ့နေတွေက ပြင်ဆင်ပေးထားမဟုတ်ဘဲ သူကိုယ်တိုင်ပဲ ရေးတဲ့အခါမှာ အလွန်လွယ်ကူတဲ့အကြောင်း ဒါပေမယ့် သူဟာအလုပ်များနေတာကြောင့် မတင်သွင်းသေးတဲ့အကြောင်းတွေ ပြောပါတယ်။
ဒါ့အပြင် စိတ်ရင်းမကောင်းတဲ့သူအချို့က တမင်ရည်ရွယ်မေးတဲ့မေးခွန်းတွေကိုလည်း သတိထားဖို့လိုကြောင်း သမ္မတထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ မူလာ စုံစမ်းဖော်ထုတ်မှုဟာ မလိုတဲ့လူဖယ်ရှားရေး နိုင်ငံရေးပယောဂဆန်တဲ့အကြောင်းကိုလည်း သမ္မတထရမ့်က ပြောပါတယ်။
ပြီးခဲ့တဲ့အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားက ပါဝင်စွက်ဖက် တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် စုံစမ်းနေတဲ့ အထူးစုံစမ်း စစ်ဆေးရေးမှူး ရောဘတ်မူလာ ဟာ ဂရန်းဂျူရီ အဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်နေတာဖြစ်ပြီး မစ္စတာ ထရမ့်ရဲ့ မဲဆွယ်လှုပ်ရှားရေးအဖွဲ့ဝင် ၄ ဦး နဲ့ ရုရှားနိုင်ငံသား ၂၅ ယောက် အပါအဝင် လူ ၃၂ ယောက်ကို စွဲချက်တင် စစ်ဆေးနေပါတယ်။
ဒီအဖွဲ့က စုံစမ်းစစ်ဆေးရေးနယ်ပယ်ကိုချဲ့ထွင်ပြီး သမ္မတထရမ့်ရဲ့ ဘဏ္ဍာရေး ကိစ္စတွေကိုပါ စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။






















