အောက်တိုဘာ ၈ ရက် ညချမ်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Yvan Cohen
၁။ အေဘီခွဲထွက်က လက်နက်သိမ်း
အန်စီအေ လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး အေဘီအက်စ်ဒီအက်ဖ် ခွဲထွက်အဖွဲ့တဖွဲ့က မိခင်တပ်စခန်း တခုကို ရှောင်တခင်ဝင်ပြီး လက်နက်တချို့ကို သိမ်းယူလိုက်ပါတယ်။
အဲဒီလက်နက်တွေကို ပြန်ရဖို့ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့က မဟာမိတ်တပ်ဖွဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင် သံလွင်မြစ်နားက ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်တဲ့နေရာမှာရှိတဲ့ အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း ၃ အခြေစိုက် တပ်စခန်းမှာ အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီ ခေါင်းဆောင်တွေ ညီလာခံလုပ်နေစဉ်မှာ ဗိုလ်ခင်ကျော် ဦးဆောင်တဲ့ အေဘီ ခွဲထွက်အဖွဲ့က သူတပ်သားတွေနဲ့ဝင်လာပြီး လက်နက်တွေကို သိမ်းဆည်း လိုက်ပါတယ်။
၂၀၁၂-၂၀၁၃ ခုနှစ်ကစပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ် နဲ့သဘောထားကွဲလွဲလို့ ခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့တဲ့ ဗိုလ်ခင်ကျော်အဖွဲ့က လက်နက်သိမ်းခဲ့တာပါ။
ဗိုလ်ခင်ကျော်အဖွဲ့က သိမ်းသွားတဲ့လက်နက်တွေကို ကေအန်ယူတပ်မဟာ ၅ အဖွဲ့က ယာယီထိန်းသိမ်း ထားတယ်လို့ အေဘီအက်စ်ဒီအက်ဖ် ကပြောပါတယ်။
ဗိုလ်ခင်ကျော်အဖွဲ့က အေဘီအက်စ်ဒီအက်ဖ်ကနေ ခွဲထွက်သွားပြီးနောက်ပိုင်းမှာ ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်တဲ့ ရှေ့တန်းနေရာတချို့မှာ လှုပ်ရှားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cinoby
၂။စွမ်းအင်အရေး ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လို
ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီးမှာ ကပ်ဘေးဆိုး ဖြစ်ပေါ်မှုတွေကနေ ကာကွယ်နိုင်အောင် လူမှုအဖွဲ့အစည်းအတွင်း ကြီးမားတဲ့ ပြောင်းလဲ နေထိုင်မှုတွေလုပ်ဆောင် ရမယ်လို့ အရေးပါတဲ့ ကုလသမဂ္ဂ အစီရင်ခံစာ တရပ်မှာ ဖော်ပြ ထားပါတယ်။
အစိုးရတွေ အချင်းချင်း ကူးလူးဆက်သွယ် ဆောင်ရွက်တဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အဖွဲ့တဖွဲ့က ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စွမ်းအင်သုံးစွဲမှု ၊ ခရီးသွားလာမှု ၊ အဆောက်အအုံ ဆောက်လုပ်ရေး ဆိုင်ရာ နည်းစံနစ် အသုံးချမှုနဲ့ လူတွေရဲ့ စားသောက်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လိုတယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။
ကမ္ဘာကြီးရဲ့ အပူချိန် ၁.၅ ဒီဂရီ တိုးလာတဲ့ အနေအထားကို ထိန်းထားနိုင်ရင်တောင် သစ်တောပျက်ယွင်းမှု ၊ ပူပြင်းခြောက်သွေ့မှုနဲ့ ရေကြီးရေလျှံမှုတွေကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ရေးသား ထားပါတယ်။
အဲဒီလို အနေအထား ရနိုင်ဖို့ စွမ်းအင်ပြန်လည် အသုံးချရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ အကြီးအကျယ် ချက်ချင်း ရင်းနှီးမြုပ်နှံဖို့ လိုတယ်လို့ ဆိုပါတယ်။
တကယ်လို့ နှစ် ဒီဂရီ တိုးလာရင် ကမ္ဘာပေါ်က သန္တာကျောက်တန်းတွေ အကုန်လုံး ပျက်စီးကုန်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
၃။ စီးပွားရေး နိုဘယ်ဆုတွေ ကြေညာ
အခုနှစ်အတွက် စီးပွားရေး ပညာဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်က ဝီလီယမ် နောဒက်စ် နဲ့ ပေါလ် ရိုမာ တို့ကို ပေးအပ်လိုက်ပါတယ်။
ဒီ စီးပွားရေး ပညာရှင် နှစ်ယောက်ဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ နည်းပညာဖန်တီး တီထွင်မှုတွေကနေ ရေရှည် တည်တံ့တဲ့ တိုးတက်မှုရအောင် ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာကို ရေးသား ဖော်ထုတ် ခဲ့လို့ အခုလို အသိအမှတ်ပြု ခံရတာ ဖြစ်ပါတယ်။
ကမ္ဘာမှာ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တချို့ကို သူတို့ကြိုးပမ်းချက်နဲ့ ဖြေရှင်းနိုင်ခဲ့တယ်လို့ နိုဘယ်ဆုရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။
ဒီပညာရှင် နှစ်ယောက်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ ကတည်းက ဆုရွေးချယ် ခံရဖို့ ထိပ်က ပြေးနေခဲ့တာ ဖြစ်ပြီး အခုချီးမြှင့်ခံရတဲ့ ဆုငွေ ဒေါ်လာ တသန်းကို နှစ်ယောက်ပူးတွဲ ရရှိတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, JEFF PACHOUD
၄။ အင်တာပိုလ် အကြီးအကဲကို တရုတ်စစ်ဆေး
နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်အကြီးအကဲဟောင်း တရုတ်အမျိုးသား မင်ဟောင်ဝေ ကို လာဘ်ယူမှုနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ တရုတ် အစိုးရက ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်က ပြင်သစ်ကနေ တရုတ် အသွားမှာ မင်ဟောင်ဝေ ပျောက်သွားခဲ့တာပြီးနောက် အခုလို တရုတ်ရဲ့ ပြောဆိုချက် ထွက်လာတာပါ။
ပျောက်ဆုံးတဲ့လူတွေကို ကူညီရှာဖွေပေးလေ့ရှိတဲ့ အင်တာပိုလ် အဖွဲ့ကြီးက သူတို့ရဲ့ အကြီးအကဲ မစ္စတာမင်ကို ရှာမရ ဖြစ်နေပုံရခဲ့ပြီးနောက် သူတို့အဖွဲ့ကနေ အနားယူသွားပြီလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ပြောခဲ့တာ ဖြစ်ပါတယ်။
မစ္စတာမင်ရဲ့ ဇနီးဖြစ်သူကလည်း သူ့ခင်ပွန်းအန္တရာယ်နဲ့ ကြုံနေရတာကို ဖော်ပြတဲ့ အီမိုဂျီ မက်ဆေ့ချ် တခု သူ့ဆီ ပို့ခဲ့တယ်လို့ တနင်္ဂနွေနေ့တုန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။






















