သြဂုတ်လ ၁၄ ရက်နေ့မနက်ခင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
(၁) တောင်အာရှသားတွေ ဖေ့စ်ဘွတ်ခ် ပေါ်ကနေ စပိန် ဘောလုံးပွဲတွေ အခမဲ့ တိုက်ရိုက် ကြည့်ခွင့် ရတော့မယ်
တောင်အာရှမှာ ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်ကနေ ဘောလုံးပွဲတွေ အခမဲ့ကြည့်ခွင့်ပေးဖို့ ဖေ့စ်ဘွတ်ကုမ္ပဏီနဲ့ သဘောတူညီမှုရသွားပြီလို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
အိန္ဒိယ၊ ပါကစ္စတန်နဲ့ တောင်အာရှ ခြောက်နိုင်ငံက ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေဟာ လာမယ့် ဘောလုံးရာသီမှာ ဖေ့စ်ဘွတ်ပေါ်မှာပဲ အလကားကြည့်နိုင်ပါတော့မယ်။
လူသုံးများတဲ့ ဆိုရှယ်မီဒီယာ ကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ အခုလောလောဆယ်မှာလည်း ဘေ့စ်ဘော အားကစားပွဲတွေကို အွန်လိုင်းပေါ်မှာ ထုတ်လွှင့်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Saw chang phaung
(၂) ဧရာဝတီ၊ သံလွင်နဲ့ ငဝန်မြစ်ရေတွေ စိုးရိမ်ရေမှတ်ရောက်နေ
ပြီးခဲ့တဲ့လက ရေကြီးတာတွေကြောင့် လူအများရေဘေးသင့်ခဲ့ရတဲ့ သံလွင်မြစ်ရေဟာ အခုချိန်မှာ စိုးရိမ်ရေမှတ် အထက်မှာ ရှိနေပါတယ်။
ဘားအံမြို့မှာ သုံးပေခွဲခန့် အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်နေပါတယ်။ မော်လမြိုင်မြို့မှာဆိုရင် ကမ်းနားတလျှောက် ရေတွေတက်နေပါတယ်။
ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် တလက်မလောက် ကျော်လွန်နေပြီး နောက်နှစ်ရက်မှာလဲ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်မှာရှိနိုင်မယ်လို့ မိုးလေဝသက ခန့်မှန်းထားပါတယ်။
ဒါကြောင့် ဇလွန်မြို့နယ်၊ ဘားအံမြို့နယ် ၊ မအူပင်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တွေအတွင်းမှာရှိတဲ့ မြစ်ကမ်းပါးနဲ့ မြေနိမ့်ပိုင်းမှာနေသူတွေကို အထူးသတိပြုနေဖို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ မူပိုင်SHWE INN THAR KHIN MG WI
(၃) ရန်ကုန်ဆေးရုံကြီး ဘာကြောင့်မီးလောင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါ ပြင်ပလူနာဌာနမှာ သြဂုတ်လ ၁၃ ရက်နေ့ ည ၆ နာရီ ၃၅ မိနစ်က ဖြစ်ခဲ့တဲ့ မီးလောင်မှုဟာ ပြင်ပလူနာဌာန အသေးစားခွဲစိတ်ခန်းထဲမှာရှိတဲ့ မီးခလုတ်ခုံ အပူလွန်လဲရာက စခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ပါတယ်။
မီးခလုတ်ခုံ အပူလွန်ကဲပြီး မျက်နှာကြက်မှာရှိတဲ့ သစ်သားတန်းတွေ နဲ့ ဝါယာကြိုးတွေကို မီးကူးစက်လောင်ကျွမ်းခဲ့ရတာလို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၃ သိန်း ၇ သောင်း ၅ ထောင် ခန့်ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ တစုံတရာမရှိဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
(၄) နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မမီးမီးရဲ့ဈာပနကို ၁၇ ရက်နေ့မှာလုပ်မယ်
ကားမတော်တဆမှုကြောင့် မနေ့က ကွယ်လွန်သွားတဲ့ ၈၈မျိူးဆက်ကျောင်းသူ မသင်းသင်းအေး (ခ) မမီးမီးကို သြဂုတ်လ ၁၇ ရက်နေ့ သောကြာနေ့မှာ ရေဝေးသုဿာန်မှာ သဂြိုလ်မှာဖြစ်ပါတယ်။
သူ့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေရဲ့ ဝမ်းနည်းစကား အမှတ်တရစကားတွေကို ဘီဘီစီမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။






















