ဇူလိုင်လ ၂၅ ရက် မနက်ပိုင်း သိသင့်တဲ့သတင်းများ

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ မူပိုင်EPA
လာအိုနိုင်ငံဆည်ကျိုးပေါက်မှုမှာ လူ ၂၀ ထက်မနည်းသေဆုံး
လာအိုနိုင်ငံ အရှေ့တောင်ပိုင်း အက်တာပူး ပြည်နယ်ထဲက ဆည်တစ်ခုကျိုးပေါက်ခဲ့ရာ လျှံထွက်လာတဲ့ရေတွေကြောင့် ရေလွှမ်းမိုးမှုဖြစ်ပြီးလူ ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အာဏာပိုင်တွေက ကယ်ဆယ်ရေးတွေ စတင် လုပ်ဆောင်နေပါပြီ။
ဆောက်လုပ်ဆဲ ဆည်ဟာ တနင်္လာနေ့က ကျိုးပေါက် ခဲ့တာဖြစ်ပြီး ရွာပေါင်း ၆ ရွာ ရေလွှမ်းသွား ခဲ့ပြီး လူအနည်းဆုံး တရာလောက် ပျောက်ဆုံးနေပြီး ထောင်နဲ့ချီအိမ်တွေလည်း နစ်မြုပ်ခဲ့ပါတယ်။
ရေလွှမ်းတဲ့နေရာတွေမှာ သောင်တင်နေတဲ့ရွာသားတွေကို ဒေသခံအာဏာပိုင်တွေက ရဟတ်ယာဉ်နဲ့လှေတွေသုံးပြီး ကယ်ဆယ်နေပါတယ်။ ဒေသခံအာဏာပိုင်တွေက လာအိုအစိုးရ အဖွဲ့အစည်းတွေကို အရေးပေါ်အကူအညီ၊ အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အစားတွေကို ကူညီဖို့တောင်းဆိုနေပါတယ်။
ဆည်ထဲလျှံထွက်လာတဲ့ရေတွေကြောင့် လူ ၆၆ဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ko Naung Latt
ဖားကန့်မှာ မြေစာပုံပြိုကျမှုရဲ့ နောက်ဆက်တွဲ
ဇူလိုင်လ ၁၄ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လုံးခင်းကျေးရွာအုပ်စုတွင်းမှာရှိတဲ့ စိုင်းရာ ရွာသစ်အနီးမှာ မြေစာပုံ ပြိုကျတာကြောင့် လူဆယ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အခုအခါ ဒေသခံတွေပြောချက်အရ ဒီသေဆုံးတဲ့ လူဦးရေ နှစ်ဆယ်ကျော်သွားပြီလို့ သိရပါတယ်။
မြေစာပုံပြိုကျတာက နွံအိုင်ထဲ ဖြစ်တာကြောင့် နွံအိုင်ထဲကနေ တချို့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းက ရက်ကြာတဲ့အခါ ပေါ်လာတဲ့အတွက် ဒီလို သေဆုံးသူ ဦးရေတိုးတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမြေစာပုံပြိုကျမှုမှာ ပျောက်ဆုံးသူတွေလည်း အခုချိန်ထိ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဂရိတောမီးလောင်တာကြောင့် သေဆုံးသူ ၇၄ ယောက်ရှိလာပြီ
ဂရိနိုင်ငံမှာ ဆိုးဆိုးဝါးဝါး လောင်နေတဲ့ တောမီးကြောင့် အခုအခါ သေဆုံးသူ လူဦးရေ ၇၄ ယောက် အထိ ရှိလာပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
လူ၁ဝဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၁ ယောက်ကတော့ အရေးပေါ်ကုသမှုတွေ လုပ်နေခဲ့ကြပါတယ်။
အခုထပ်မံတွေ့တဲ့ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပြီးတော့ ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။
ဒီတောမီးကို ရာနဲ့ချီတဲ့ မီးသတ်သမားတွေက ငြှိမ်းသတ်နေပေမယ့် မီးတောက်မီးလျှံတွေ ကြီးတာကြောင့် အေသင်မြို့အနားအထိ ရောက်တဲ့အတွက် ဒေသခံတွေလည်း မီးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြပါတယ်။






















