အိုင်စစ်အဖွဲ့ဘေးရန်နဲ့ တာ့ခ်မန်လူနည်းစု

ဓာတ်ပုံ ရင်းမြစ်, AFP
အီရတ်နိုင်ငံမှာ အမာရီမြို့က တာ့ခ်မန်လူနည်းစု တွေကို အစ္စလမ်မစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့က အစုလိုက်သတ်ပစ်တာမျိုး မလုပ်နိုင်အောင် ချက်ခြင်းဆောင်ရွက်ဖို့လိုနေပြီလို့ ကုလ သမဂ္ဂက ပြောလိုက်ပါတယ်။ သူတို့မြို့ကို နှစ်လ နီးပါး ပြင်ပလောကနဲ့ အဆက်ဖြတ် ခံထားရပြီး တာ့ခ်မန်တွေဟာ အစားအစာနဲ့ရေ ပြတ်လတ်မှု တွေနဲ့ ကြုံနေရပါတယ်။
အစ္စလမ်နိုင်ငံ လက်နက်ကိုင်တွေ ပိတ်ဆို့ ထားတဲ့ အမာရီမြို့ကို အမြန်ဆုံး ကယ်တင်ဖို့ အီရတ် အစိုးရ အနေနဲ့ လုပ်နိုင်တာအားလုံး လုပ်ဖို့ လိုတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ထိပ်တန်း အရာရှိက ပြောခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဘဂ္ဂဒက်က အီရတ် အစိုးရ ထောက်လှမ်းရေး ရုံးချုပ်မှာ ဗုံးနဲ့ တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ အားလုံးပါဝင်တဲ့ အစိုးရ အဖွဲ့ ဖွဲ့နိုင်ဖို့အတွက် ဆွန်နီခေါင်းဆောင်တွေနဲ့ အီရတ်က တခြား နိုင်ငံရေး အင်အားစုတွေ ဆွေးနွေးနေကြတုန်းမှာပဲ အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ရတာပါ။
ခရစ်ယာန်တွေနဲ့ ယာဇီးဒီးစ်တွေဟာ တစ်သက်လုံး နေလာခဲ့တဲ့ အီရတ်မှာ ပဋိပက္ခကြောင့် ဆက်နေခွင့် မရတာမျိုးကစပြီး လက်မခံနိုင်စရာ ကိစ္စတွေပဲလို့ ဂျာမန် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ သူက အီရတ် အပါအဝင် အရှေ့အလယ်ပိုင်း ပဋိပကက္ခ ပြသနာတွေကနေ ထွက်ပြေးလာနေတဲ့ ဒုက္ခသည်တွေကို ဂျာမနီက အမြောက်အများ လက်ခံနေတဲ့ ကိစ္စကို စိုးရိမ်တယ်လို့လဲ ပြောခဲ့ပါတယ်။
















