ရုရှား ယာဉ်တန်း ဝင်ရောက်လာ၊ ကျူးကျော်မှုလို့ ဆို

ရုရှား ယာဉ်တန်း လူဟန့်စ်ခ် မြို့ဆီ ဦးတည် သွားနေ
ဓာတ်ပုံ ပုံစာ, ရုရှား ယာဉ်တန်း လူဟန့်စ်ခ် မြို့ဆီ ဦးတည် သွားနေ
ရေးသားခဲ့သည်။

ယူကရိန်း အရှေ့ပိုင်းက အရပ်သားတွေ အတွက် ကူညီရေး ပစ္စည်းတွေ သယ်လာတယ် ဆိုတဲ့ ရုရှား ကုန်တင်ကား အစင်း ၉ဝ ဟာ ခွင့်ပြုချက် မရှိဘဲ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက် လာတယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

ဒီလို ကုန်တင်ကားတွေ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက် လာတာဟာ ရုရှရဲ့ ပြောင်ပြောင် တင်းတင်း ကျူးကျော်မှု ဖြစ်တယ်လို့ ယူကရိန်း လုံခြုံရေး အကြီးအကဲ Valentyn Nalyvaychenko က ပြောဆိုလိုက်ပြီး ဒီယာဉ်တန်းကို အင်အားသုံး တားဆီးမှာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

ခုတော့ ဒီယာဉ်တန်းဟာ ရုရှ ဘက်တော်သားတွေ အောက်က သူပုန် နယ်မြေထဲ ရောက်သွားပြီး သူပုန်နဲ့ အစိုးရ တပ်တွေ စစ်ခင်းနေကြတဲ့ လူဟန့်ခ်စ် မြို့ဘက်ကို ဦးတည် သွားနေပါတယ်။

ဒီယာဉ်တန်းကို နယ်စပ် ဖြတ်သန်းခွင့် ပေးဖို့ ယူကရိန်း အစိုးရက နယ်စပ်မှာ တစ်ပတ်ကြာ ခွင့်မပေးဘဲ ထားခဲ့တာကြောင့် ဒါဟာ အကြောင်းမဲ့ တားမြစ်တာ ဖြစ်တယ်လို့ ရုရှားက ပြန်လည် စွပ်စွဲခဲ့ပါတယ်။

အစောပိုင်းက ဒီယာဉ်တန်းကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ယူကရိန်းထဲ ဝင်ရောက်ဖို့ စီစဉ် ထားခဲ့ပေမယ့် အခု ဝင်ရောက် လာရာမှာတော့ ကြက်ခြေနီ အဖွဲ့ ပါဝင် ပတ်သက်ခြင်း မရှိတော့ကြောင်း ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

တချို့ သတင်းတွေအရ ဒီယာဉ်တန်းကို ခွဲထွက်ရေး သူပုန်တွေက လိုက်ပါ စောင့်ကြပ် လာတယ်လို့ သိရပါတယ်။