မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ G8 ဆွေးနွေးမယ်

လန်ဒန် မြို့တော်မှာ ဒီကနေ့ ကျင်းပမယ့် ကမ္ဘာ့ စီးပွားရေး ထိပ်သီး ၈ နိုင်ငံက ကျန်းမာရေး ဝန်ကြီးတွေရဲ့ ညီလာခံမှာ Dementia ဦးနှောက် မှတ်ဉာဏ် ချို့ယွင်းတဲ့ ပြဿနာကို နိုင်ငံတကာ အတိုင်းအတာအရ ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမယ် ဆိုတာ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ၊ သုတေသီတွေနဲ့ ဆေးကုမ္ပဏီတွေလည်း ဆွေးနွေးပွဲ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ စောစောစီးစီး ရောဂါ ရှာဖွေနိုင်ပြီး ရောဂါ သက်သာအောင် လုပ်ဆောင်ပေးရာမှာ တိုးတက်မှု ရှိစေဖို့နဲ့ ထိရောက်တဲ့ ကုသမှုတွေ ပေးချင်ကြတာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာ ဆေးကုသလို့ မရနိုင်တဲ့ စိတ်ရောဂါ ခံစားနေကြရသူ သန်း ၄၀ ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ရောဂါသည် အရေအတွက်ဟာ လာမယ့် ၂၀၅၀ ခုနှစ်မှာ သုံးဆ ပိုများလာနိုင်တယ် လို့လည်း ခန့်မှန်းကြပါတယ်။ ဒီ အခြေအနေဟာ သက်ကြီး ရွယ်အိုတွေကို ပိုမို သက်ရောက်မှုတွေ ဖြစ်လာနိုင် ပါတယ်။














