ငွေချေးနှုန်း စျေးကစားမှု အန္တရာယ် အသိပေးပြီးပြီလို့ ကန်ဘဏ္ဍာဝန်ကြီး ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
လွန်ခဲ့တဲ့ လေးနှစ်ကျော် လောက်ကတည်းက ဗြိတိန်က အာဏာပိုင်တွေနဲ့ အမေရိကန် ထိပ်တန်း အရာရှိတွေကို ဘဏ်တွေ အချင်းချင်း ငွေချေးနှုန်း ဆိုင်ရာ စျေးကစားမှုနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း အသိပေးခဲ့ ပါတယ်လို့ ကွန်ဂရက် အမတ်တွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး တင်မသီ ဂိုင်နာက ပြောကြားလိုက်ပါတယ်။
ဗြိတိန်က ဘာကလေစ် ဘဏ်ကြီးဟာ အဲဒီ ငွေချေးနှုန်းနဲ့ ပတ်သက်လို့ လိမ်လည်မှုတွေ ပေါ်ပေါက်ခဲ့တာကြောင့် ဒဏ်ကြေး ဒေါ်လာ သန်း ၄၅ဝ ပေးဆောင် ခဲ့ရပြီးတဲ့နောက် အခု ပြောကြားချက် ထွက်ပေါ်လာတာပါ။
၂ဝဝဂ ခုနှစ်တုန်းက နယူးယောက် ဗဟိုဘဏ်မှာ ဥက္ကဌ အဖြစ် သူတာဝန် ထမ်းဆောင်နေတုန်း သူနဲ့ အမေရိကန် ငွေကြေး စျေးကွက်က သူ့လုပ်ဖော် ကိုင်ဖက်တွေဟာ လီဘာ ငွေချေးနှုန်း စျေးကစားမှုနဲ့ ပတ်သက်လို့ တကယ့်ကို အန္တရယ် ရှိကြောင်း သတိထားမိခဲ့ကြတယ်လို့ မစ္စတာ ဂိုင်နာက ပြောပါတယ်။
အင်္ဂလန် ဗဟိုဘဏ် ဥက္ကဌ မာဗင်ကင်းန်နဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး ငွေကြေးစျေးကွက် စည်းမျဉ်းစည်းကမ်းတွေ တောင့်တင်း ခိုင်မာဖို့ အပါအဝင် အကြံပြုချက် တော်တော်များများ ပေးခဲ့ပါတယ်လို့ မစ္စတာ ဂိုင်နာက ဆိုသွားခဲ့ပါတယ်။














