ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့ယာဉ်တန်း ဗုံးထိ

ဓာတ်ပုံ ရင်းမြစ်, BBC World Service
ဆီးရီးယားနိုင်ငံမှာ ကုလသမဂ္ဂရဲ့ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်သူတွေဟာ နိုင်ငံ တောင်ပိုင်း ဒယ်ရာ မြို့ကို အသွား သူတို့ရဲ့ ယာဉ်တန်းကို လမ်းဘေးဗုံးတလုံး ထိမှန် ပေါက်ကွဲ ခဲ့တဲ့ အတွက် ဆီးရီးယား စစ်သား ၆ ဦး ဒဏ်ရာ ရရှိသွား ပါတယ်။
ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ နော်ဝေနိုင်ငံက ဗိုလ်ချုပ် ရောဘတ်မု့ဒ် ဟာလည်း အဲဒီ ယာဉ်တန်းမှာ ပါပေမယ့် သူကတော့ ဒဏ်ရာရရှိမှု မရှိခဲ့ပါတယ်။
ဟုမ်းစ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာကတော့ အစိုးရနဲ့ အတိုက်အခံ တပ်ဖွဲ့ တွေ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူ ထားပေမယ့်လည်း ပစ်ခတ်မှုတွေဟာ ပုံမှန် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂက စောင့်ကြည်သူတွေဟာ ဟုမ်းစ်မြို့မှာ ကင်းလှည့်နေတာကို တွေ့ရကြောင်းနဲ့ အနီးအနား မြို့တွေကတော့ လုံးဝ တိတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။
အာရပ်နိုင်ငံများ အဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂတို့ရဲ့ ပူးတွဲ ငြိမ်းချမ်းရေး အစီအစဉ် အရ ဒီလေ့လာစောင့်ကြည်သူတွေကို ပြီးခဲ့တဲ့လက စတင်ပြီး ဆီးရီးယားမှာ ချထားခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ဆီးရီးယားမှာ ငြိမ်းချမ်းရေး စောင့်ကြည့်သူ အယောက် ၇၀ လောက် ရှိနေပြီ ဖြစ်ပေမယ်လို့ အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့ အတွက်တော့ ဘာမှာ ထိရောက်မှု မရှိသေးပါဘူး။















