ဗြိတိသျှဝန်ကြီးကို လစ်ဗျားသူပုန်ခေါင်းဆောင် တရားစွဲ

ဓာတ်ပုံ ရင်းမြစ်, Getty
လစ်ဗျား တပ်မှူး တယောက်ကို ဗြိတိသျှ အုပ်ချုပ်တဲ့ နယ်မြေထဲကနေ အဲဒီတုန်းက ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီး ဂျက်စထရော လက်မှတ်ရေးထိုးပြီး ကဒါဖီ့လက်ထဲ ပြန်လည် လွှဲအပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲမယ်လို့ ဆိုပါတယ်။
ဗြိတိသျှ အုပ်ချုပ်မှု အောက်မှာ ရှိတဲ့ ဒီရေးဂိုး ဂါဆီယာ ဆိုတဲ့ ကျွန်းကလေးပေါ်ကနေ လစ်ဗျား တပ်မှူး အဗ္ဗဒူလ် ဟာကင်မ် ဘဲလ်ဟက်ချ်နဲ့ ဇနီး ကို စီအိုင်အေကဖမ်းပြီး ထိုင်းနိုင်ငံကတဆင့် ကဒါဖီအစိုးရလက်ထဲ အပ်ခဲ့တာဖြစ်ပါတယ်။
လစ်ဗျား တပ်မှူး မစ္စတာ ဘဲလ် ဟက်ချ်ဟာ အဲဒီတုန်းက သူပုန်တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ လစ်ဗျား အစ္စလာမ်မစ်သူပုန်အဖွဲ့ LIFG ရဲ့ ခေါင်းဆောင် တယောက်ဖြစ်ပါတယ်။
LIFG လစ်ဗျား သူပုန်အဖွဲ့ဟာ အယ်လ်ခိုင်းဒါး နဲ့ နီးစပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း ဗြိတိသျှ ထောက်လှမ်းရေး MI5 က ယူဆထားတာဖြစ်ပါတယ်။
သူတို့ ဇနီးမောင်နှံ နှစ်ယောက်ကို စီအိုင်အေက ဖမ်းဆီးပို့ဆောင်နိုင်ဖို့အတွက် အဲဒီတုန်းက ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဂျက်စထရောက လက်မှတ်ရေးထိုးပေးခဲ့တယ်လို့ မစ္စတာ ဘဲလ်ဟက်ချ် ရဲ့ ရှေ့နေက စွပ်စွဲပါတယ်။
မစ္စတာ ဘဲလ်ဟက်ဒ်ချ် နဲ့ သူ့ဇနီးတို့က စွပ်စွဲရာမှာ သူတို့ အပေါ် ထိုင်း၊ အမေရိကန် စီအိုင်အေနဲ့ လစ်ဗျား အာဏာပိုင်တို့ ကျူးလွန်ကြတဲ့ နှိပ်စက်ညှင်းပန်းမှု၊ ဘက္ထရီရှော့တိုက်တာတွေ ၊ ရိုက်နှက်တာတွေမှာ မစ္စတာ ဂျက် စထရောလည်း ပါဝင် ပတ်သက်မှု ရှိတယ်လို့ ဆိုပါတယ်။
ဗြိတိန်ဝန်ကြီးတွေကတော့ စွပ်စွဲချက်ကို ငြင်းပါတယ်။ တရားမဝင် ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့တာမျိုးမရှိသလို နှိပ်စက်ညှင်းပန်းမှု လုပ်ခဲ့တာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။
မစ္စတာ ဂျက်စထရော ကတော့ ထပ်ဆင့် မှတ်ချက်ပေးတာမျိုး မရှိပါဘူး။ ဒီလ စောစောပိုင်းတုန်းကတော့ ဗြိတိသျှ အစိုးရဟာ မစ္စတာ ဘဲလ် ဟက်ချ် နဲ့ သူ့ဇနီး ဖာတီမာ ဘော့ချာ တို့ကို ကဒါဖီ့ထက်ထဲ လွှဲအပ်ခဲ့တာ ဟုတ်မှန်ကြောင်း ဘီဘီစီက ဖွင့်ချ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အတိုင်းအတာမျိုးနဲ့ လွှဲအပ်မှု လုပ်ခဲ့ကြောင်း တော့ မရှင်းလင်းပါဘူး။
မနှစ်တုန်းက မစ္စတာ ဂျက်စထရောနဲ့ ဘီဘီစီ Radio4 တို့ လုပ်ခဲ့ကြတဲ့ အင်တာဗျူးတခု မှာတော့ လေဘာအစိုးရဟာ သူ့နိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားဖို့ ရောက်လာတဲ့သူကို တရားမဝင် ပြန်လည် လွှဲအပ် ပို့ဆောင်တာမျိုးကို ဆန့်ကျင်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် နှိပ်စက်ညှင်းပန်းမှု အမျိုးမျိုးကိုလည်း ဆန့်ကျင်တဲ့အတွက် အဲသလို ကိစ္စမျိုးတွေမှာ ပါဝင် ပတ်သက်တာမရှိသလို သိသိနဲ့ မသိချင်ယောင်ဆောင် တာမျိုးလည်း လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးတယောက်ဟာ ထောက်လှမ်းရေးလုပ်သမျှ အသေးစိတ်ကို အကုန်မသိနိုင်ဘူးလို့လည်း သူက ထပ်လောင်းပြောဆိုသွားပါတယ်။


















