လစ်ဗျား အစိုးရ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ ကုလ ပြော

ဓာတ်ပုံ ရင်းမြစ်, REUTERS
လစ်ဗျားက အစိုးရ တပ်ဖွဲ့တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေ အပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့က စွပ်စွဲ ပြောကြားလိုက် ပါတယ်။
လူသတ်မှု ၊ ညှင်းပမ်း နှိပ်စက်မှုနဲ့ အရပ်သားတွေ အပေါ် အရမ်းကာရော တိုက်ခိုက်တာတွေ အပါအဝင် ရာဇဝတ်မှု ကျူးလွန်တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒီလို တစိုက်မတ်မတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဗိုလ်မှူးကြီး ကဒါဖီရဲ့ ကြိုတင် စီစဉ် အမိန့်ပေးမှုတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။
အစိုးရ တပ်ဖွဲ့တွေ ကျူးလွန်သလောက် များပြားမှု မရှိပေမယ့် အတိုက်အခံ တပ်ဖွဲ့တွေ ကလည်း စစ်ရာဇဝတ်မှု ချိုးဖောက်တာ တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့က ဆိုပါတယ်။
လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့လယ်မှာတော့ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။
ဝေဟင်မှာ လေယာဉ်ပျံသန်းတာ ကြားနေရပေမယ့် ဒီလေယာဉ်တွေက ဘယ်အဖွဲ့အစည်း ဖက်ကလည်း ဆိုတာတော့ မသိရသေးပါဘူး။
ဒီနှစ် မတ်လကတည်းက လစ်ဗျားက ပစ်မှတ်တွေကို NATO နေတိုးတပ်ဖွဲ့တွေက ပုံမှန် ပစ်ခတ် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အစောပိုင်းတုန်းကလည်း သူပုန်တွေ ထိန်းချုပ်ရာ Benghazi ဘန်ဂါဇီမြို့မှာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုဟာ သူပုန် ခေါင်းဆောင်တွေ နိုင်ငံခြား သံအရာရှိတွေနဲ့ သတင်းထောက်တွေ ရှိရာ ဟိုတယ် အပြင်ဖက်မှာ ဖြစ်ပွားခဲ့တာပါ။
သူပုန် အဖွဲ့ ပြောခွင့်ရသူကတော့ ထောင်ထားတဲ့ ကားဗုံးကနေ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာ နေရာက အာဏာပိုင်တွေက အသေအပျောက် ထိခိုက်ဒဏ်ရာ ရမှု မရှိဘူးလို့ ပြောပါတယ်။


















