အိန္ဒိယ ရဲ့ အာဖဂန်နစ္စတန်ဆက်ဆံရေး

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန်ဆင်း ဟာ အာဖဂန်နစ္စတန်ကို နှစ်ရက်ကြာ ချစ်ကြည် ရေး ခရီးစဉ် အဖြစ် ကြာသပတေးနေ့ က ရောက်ရှိ လာ ပါတယ်။
အိန္ဒိယ ဟာ အာဖဂန်နစ္စတန် ရဲ့ကျန်းမာရေး၊ ပညာရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍ တွေအတွက် အမေရိကန် ဒေါ်လာသန်း ၁၃၀၀ လောက် ထောက်ပံ့ဖို့ ကတိပြုထား တာမို့ ဒေသတွင်းမှာ အာဖဂန် ကို အများဆုံး အကူ အညီ ပေးတဲ့ နိုင်ငံ ဖြစ်သလို ဒီ ငွေပမာဏဟာ အာဖဂန် အပေါ် သြဇာ လွှမ်းမိုး နိုင်လောက်အောင် အထိ များ ပါတယ်။
အာဖဂန်နစ္စတန် ကနေ အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာဖို့ ပြင်နေတာကြောင့် အမေရိကန် ရဲ့ သြဇာ အဲဒီမှာ ကျဆင်း လာနေတဲ့ အခုအချိန်မှာ အိန္ဒိယ က သူတို့ နှစ်နိုင်ငံ ဆက်ဆံရေး ပို ခိုင်မာအောင် ဆောင်ရွက်လာတဲ့ သဘောလည်းတွေ့ရပါတယ်။
အခုလို အိန္ဒိယ နဲ့ အာဖဂန် ပို နီးနီးကပ်ကပ် ဆက်ဆံ လာတာကြောင့် အာဖဂန်နစ္စတန် အပေါ်သြဇာ လွှမ်းမိုးချင်နေတဲ့ အိမ်နီးချင်း ပါကစ္စတန် အဖို့တော့ မကျေနပ် စရာ ဖြစ်နိုင် ပါတယ်။
အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း အနေနဲ့ လည်း အိမ်နီးချင်းတွေ ဖြစ်တဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ လုံး ကျေနပ်အောင် ကြိုးစားဖို့ ဒီအချိန်မှာ ပို အရေးကြီး နေ ပါတယ်။
ပါကစ္စတန် ဟာ စစ်သွေးကြွတွေကို လက်ခံ ထားတယ် ဆိုပြီးကာလ ရှည်ကြာ အိန္ဒိယ က စွပ်စွဲလာခဲ့ပြီး အခုတော့ အိုစမာ ဘင်လာဒင် ကို ပါကစ္စတန် ထဲမှာ တွေ့တဲ့ အတွက် အိန္ဒိယ ဖက်က အောင်ပွဲရ သလို ခံစား နေတဲ့ပုံ ရှိပါတယ်။
တဖက်မှာလည်း သမ္မတခါဇိုင်း အနေ နဲ့ တာလီဘန်တွေ နဲ့ ပြန်ပြီး ပြေလည်ရေး မှာ ပါကစ္စတန်ရဲ့ အကူ အညီ ကို လိုနေပြီး၊ အိန္ဒိယ ကတော့ ဒါကို ဆန့်ကျင်ပါတယ်။
အိန္ဒိယ ဖက် က ကာဘူး အစိုးရ ဟာ တရုတ် နဲ့ ပိုအဆက်သွယ် လုပ်လာတဲ့ အပေါ် မှာ လည်း စိုးရိမ်မှုတွေ ရှိနေ ပါတယ်။
တရုတ် က အာဖဂန်မှာရှိတဲ့ သယံဇာတတွေ အထူးသဖြင့် ကြေးနီသတ္တုတွေကို မျက်စေ့ကျ သလို၊ အိန္ဒိယကလည်း လိုချင်နေပါတယ်။
ဒီတော့ ပါကစ္စတန်၊ တရုတ် နဲ့ အာဖဂန်နစ္စတန် တို့ ပိုနီးနီးကပ်ကပ် ဖြစ်လာမယ် ဆိုရင် အိန္ဒိယ ရဲ့လုံခြုံရေး အတွက်တော့ မကောင်း နိုင်ပါဘူး။
ဒါကြောင့်မို့ အာဖဂန်နစ္စတန် မှာ နှစ်ရက်ကြာ လည်ပတ်စဉ် အတွင်း အိန္ဒိယ ဝန်ကြီးချုပ် သူ့ နိုင်ငံ နဲ့ ပိုဆက်ဆံ ရေး တိုးမြှင့် အောင် ဆွဲဆောင်တဲ့ လုပ်ငန်း တွေ ကို လုပ်ဆောင်သွား လိမ့်မယ် လို့ ယုံကြည် ရပါတယ်။


















