မူဘာရက် ရာထူး က ဆင်းပေးရပြီ

egypt
ဓာတ်ပုံ ပုံစာ, ငါတို့ အီဂျစ် ပြည်သားတွေ လို့ ဂုဏ်ယူ အောင်ပွဲခံ နေကြ
ရေးသားခဲ့သည်။

နှစ်ပေါင်း ၃၀ နီးပါး အာဏာကို စွဲကိုင် ထားခဲ့တဲ့ အီဂျစ် သမ္မတ မူဘာရက် ရာထူး ကနေ ဆင်းသွား ခဲ့ရ ပါပြီ။

၁၈ ရက်ကြာ ဆက်တိုက် လူထု ဆန္ဒပြပွဲ တွေ ဖြစ်ခဲ့တဲ့ အီဂျစ် ဟာ သောကြာ နေ့ ဒေသ စံတော်ချိန် ညဦးပိုင်း မှာ တော့ သမ္မတ မူဘာရက် ရာထူး ကနေ ဆင်းပေး လိုက်ပြီ လို့ သိလိုက်ရ တဲ့ အတွက် သိန်းသန်းချီတဲ့ ဆန္ဒပြ ပြည်သူတွေ ဟာ ပျော်လွန်းလို့ အော်ကြ ဟစ်ကြ၊ အလံတွေ ဝှေ့ယမ်း ကြတဲ့ အပြင် လူထု အင်အား နဲ့ အာဏာရှင် ကို ဖြုတ်ချ နိုင်ပြီလို့ အော်ဟစ် ကြွေးကြော် ခဲ့ကြ ပါတယ်။

ဒုတိယ သမ္မတ အိုမာ ဆူလေမန် က မစ္စတာ ဟော်စနီ မူဘာရက် က အီဂျစ် ပြည်ထောင်စုရဲ့ သမ္မတ အဖြစ် ကနေ ဆင်းပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ၊ နိုင်ငံ ရဲ့ ရေးရာ ကိစ္စတွေ ကို အီဂျစ် စစ်တပ်ရဲ့ စစ်ဦးစီး ကောင်စီ ကို လွှဲပေးခဲ့ပါပြီ လို့ နိုင်ငံ ကို ရုပ်မြင်သံကြား က တဆင့် ကြေညာခဲ့ ပါတယ်။

သမ္မတ မူဘာရက် တစ်ယောက် သမ္မတ အိမ်တော်ကနေ Sham El Sheik ကို ထွက်သွားပြီ ဆိုတဲ့ သတင်းတွေ ထွက်လာ ပြီးတဲ့နောက် သူ ရာထူးကနေ နုတ်ထွက် သွားပြီ ဆိုတာ ကို ကြေငြာ ခဲ့တာပါ။

ကြေညာတဲ့ အချိန် က အီဂျစ်မှာ ည အမှောင် အချိန်ကို ရောက်နေပြီမို့ အီဂျစ် လူထုရဲ့ အောင်ပွဲခံ မီးရှူး မီးပန်း ဖောက်လွှတ်တဲ့ အလင်းရောင် တွေက အမှောင်ထုလွှမ်း နေတဲ့ ကောင်းကင်ကြီး ကို လင်းလက် သွားတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ကိုင်ရိုက လူအုပ်ကြီးထဲ ကိုယ်တိုင်ပါဝင် ဆန္ဒပြနေခဲ့တဲ့ Gi Gi Ibrahim ဆိုတဲ့ အမျိုးသမီး က သူ့ တသက်မှာ တွေ့ရ မြင်ရခဲ တဲ့ ဖြစ်ရပ် အကြောင်း ကို တဟီရာ ရင်ပြင် ကနေ စိတ် လှုပ်ရှား စွာ နဲ့ ကျမတို့ အောင်ပွဲ ခံနိုင်ပါပြီ၊ ကျမကိုယ်ကျမ ယုံတောင် မယုံနိုင်လောက် အောင် ပါပဲ၊ နှစ်ပေါင်း ၃၀ အတွင်းမှာ အပျော်ရဆုံး ပါ၊ လူထု အင်အားနဲ့ အာဏာရှင် ကို ဖြုတ်ချ နိုင်ခဲ့ ပါပြီ၊ အီဂျစ် လူထု အတွက် အာဏာရှင် မူဘာရက် မရှိတော့ပါဘူး၊ အီဂျစ် ပြည်သူတွေ လွတ်လပ် သွားပါပြီ၊ ဘယ်သူမှ လူထု ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး လွှမ်းမိုး နိုင်စွမ်း မရှိတော့ ပါဘူး လို့ ဘီဘီစီ ကို ပြောပြ ပါတယ်။

အီဂျစ် ရဲ့ လမ်းမ တွေ ပေါ်မှာ ဂုဏ်ယူစွာ အောင်ပွဲ ခံနေကြတဲ့ ပြည်သူတွေ၊ ထောင်သောင်း ချီ တဲ့ လူထု တွေ စုပေါင်း ကခုန် နေကြတာတွေ၊ အီဂျစ် အလံ ကို ဝှေ့ယမ်း လို့ ပျော်ရွှင် နေတဲ့ အသံတွေ က အခု သတင်း ရေးချိန် အီဂျစ် ဒေသ စံတော်ချိန် စနေနေ့ မနက် ၃ နာရီ ကျော် အထိ ဖုံးလွှမ်း နေဆဲပါ။