နိုင်ဂျီးရီးယားကို ဖီဖာ အရေးယူနိုင်

ကမ္ဘာ့ဖလားမှာ ရှုံးပွဲတွေ ဆက်တိုက်တွေ့ပြီး အုပ်စု အဆင့်က ထွက်ခဲ့ရတဲ့ နိုင်ဂျီးရီးယား ဘောလုံးအသင်းကို သမ္မတက နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေကနေ နှစ်နှစ် ဝင်မပြိုင်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
အသင်းကို ပြန်လည် စုစည်းဖွဲ့စည်းဖို့ လိုနေပြီ၊ ဒါကြောင့် ပြိုင်ပွဲတွေ မဝင်သေးပဲ နေရမယ်လို့ သမ္မတက နိုင်ဂျီးရီးယား ဘောလုံး အဖွဲ့ချုပ်ကို ညွှန်ကြားခဲ့တာပါ။
နိုင်ဂျီးရီးယားရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်ချုပ်မှု ကော်မီတီကိုလဲ စုံစမ်းစစ်ဆေးသွားမယ်၊ မသမာတာ အကျင့်ပျက်လာဘ်စားတာတွေ ရှိရင် အရေးယူသွားမယ်လို့ သမ္မတ ဂွဒ်လပ် ဂျိုနသန်က ပြောခဲ့ပါတယ်။
ဒီလို ပြိုင်ပွဲတွေက ရပ်နားထားမယ်ဆိုတဲ့ အကြောင်းကိုလည်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာကို အကြောင်းကြားထားပြီလို့ ပြောပါတယ်။
ဖီဖာ တာဝန်ရှိသူတွေကတော့ ဒီကိစ္စကို လေ့လာနေတယ်၊ ဖီဖာ စည်းမျဉ်းထဲမှာ အစိုးရတွေက ဘောလုံးအဖွဲ့ချုပ်အပေါ် ဝင်ပြီး စွက်ဖက်တာတွေမလုပ်ရဘူးလို့ ပြဌာန်းထားတယ်၊ နိုင်ဂျီးရီးယားက အဲဒီအချက်ကို ချိုးဖောက်တယ် ဆိုရင်တော့ နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ကို ဖီဖာကနေ ထုတ်ပယ်တဲ့ အထိ အရေးယူသွားနိုင်တယ်လို့ပြောခဲ့ပါတယ်။
ဒီလိုပဲ အုပ်စုကနေ ထွက်ခဲ့ရတဲ့ ပြင်သစ်ဘောလုံးအသင်းထဲမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုလဲ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြင်သစ် သမ္မတ နီကိုလပ်ဆာကိုဇီက ပြောခဲ့တာကို ဖီဖာက စောင့်ကြည့်နေတယ်လို့ ဖီဖာ ဆက်သွယ်ရေး အရာရှိ နီကိုလပ် မိုင်းဂေါ့က ပြောပါတယ်။
အုပ်စု ဘီ မှာ နိုင်ဂျီးရီးယားဟာ အာဂျင်တီးနားကို တစ်ဂိုး ဂိုးမရှိ၊ ဂရိကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးပြီး၊ တောင်ကိုရီးယားနဲ့ နှစ်ဂိုးစီသရေကျခဲ့လို့ တစ်မှတ်ပဲ ရပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်ပါတယ်။
















