ကမ္ဘာ့ဖလား ဇွန်လ ၂၄ ရက်ပွဲစဉ်များ

အုပ်စု (F)
ဆလိုဗက်ကီးယား ၃ - ၂ အီတလီ
ဒီနှစ် ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာ ကြည့်လို့အကောင်းဆုံး ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပထမကစားခဲ့တဲ့ ပွဲ နှစ်ပွဲမှာ သရေကျထားတဲ့ အီတလီ နိုင်ကိုနိုင်မှ ရှုံးထွက်အဆင့် တက်နိုင်မှာမို့ ရှေ့ကိုအတင်းတက် ကစားပါတယ်။ အဆုံးသတ် ဂိုးသွင်းခွင့်ကတော့ သေသေချာချာ မရပါဘူး။
ဒါပေမယ့် ဆလိုဗက်ကီးယားရဲ့ တန်ပြန်ထိုးဖောက်ပုံက ပိုပြီးထိရောက်တယ်လို့ ပြောနိုင်မှာပါ။ ခံစစ်လုံလှတယ်လို့ နာမည်ကြီးတဲ့ အီတလီ နောက်တန်း အကြိမ်ကြိမ် ပေါက်ပါတယ်။ ၁၅ မိနစ်မှာ ဆလိုဗက်ကီးယားရလိုက်တဲ့ ဂိုးကလည်း လှလှပပပါပဲ။ အီတလီနောက်တန်းလူ ရော့ဆီ ရှေ့ကိုကန်ပေးလိုက်တဲ့ ဘောလုံးကို ဆလိုဗက်ဖက်က ကုချကာဖြတ်ယူပြီး နောက်ခံလူတွေကြားက အနေတော် ချပေးလိုက်တဲ့ ဘောလုံးကို ရောဘတ်ဗီတက်က အနိမ့်ဘော အပြင်းကန်သွင်းလိုက်တာပါ။
ဒုတိယပိုင်းမှာတော့ အီတလီဖက်က ခံစစ်အသားပေးတဲ့ အလယ်တန်းလူ ဂက်တူးဆိုးနေရာမှာ ကွာဒီယာလားရား ဝင်လာပြီး အီတလီ တိုက်စစ် ပိုအရှိန်မြှင့်လာပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာလည်း ဆလိုဗက်ကီးယားရဲ့ သွက်သွက်လက်လက် ထိုးဖောက်ပုံတွေကိုလည်း အီတလီနောက်တန်း အမီလိုက်ပြီးဖျက်နေရပါတယ်။ ၇၅ မိနစ်မှာ ဗီတက်က နောက်တစ်ဂိုး သွင်းလိုက်တဲ့ အခါ အီတလီအတွက် ပြိုင်ပွဲထဲမှာ ဆက်နေနိုင်ဖို့က တော်တော်လေး ခက်သွားပါပြီ။ ဒီဂိုးကလည်း နောက်တန်းရဲ့ အမှားလို့ပဲ ပြောရမှာပါ၊ ဆလိုဗက်ကီးယား ရတဲ့ ကော်နာကို ညာဖက်က ကန်တင်ပေးတယ်၊ အီတလီနောက်ခံလူက ခေါင်းတိုက် ဖျက်ထုတ်တာက စောစောက ကော်နာကန်တဲ့ လူဆီပြန်ရောက်သွားပြီး သူက ဂိုးရှေ့ကို လှိမ့်ဘောချပေးတာကို ဗီတက်က ပြေးဝင်ပြီးကန်သွင်းလိုက်တာပါ။
ဒီလိုနဲ့ မိနစ် ၈၀ အရောက်မှာတော့ အီတလီအတွက် မျှော်လင့်ချက်ရှိစရာ ဂိုးတစ်ဂိုး ပြန်ရပါတယ်။ ဒုတိယပိုင်းမှာ ခြေစွမ်းပြနေတဲ့ ကွာဒီယာလားရား ဆွဲပေးပြီး ကန်သွင်းတဲ့ ဘောလုံး ဆလိုဗက် ဂိုးသမားပုတ်ထုတ်လိုက်တာကို ဒီမက်တီယိုက ဝင်ပိတ် ဂိုးသွင်းလိုက်တာပါ။

ဒါပေမယ့် ၈၉ မိနစ်မှာ ဆလိုဗက် က တတိယဂိုးကို ထပ်သွင်းလိုက်တဲ့ အခါမှာတော့ အီတလီအတွက် မျှော်လင့်ချက်တွေ ကုန်ဆုံးသွားခဲ့ရပါတယ်။ ဘေးထွက်ဘောကို ဆလိုဗက်ဖက်က ဂိုးဧရိယာထဲ အမြောက်ပစ်ပေးလိုက်တာကို ကိုပူကက်က အီတလီ နောက်ခံလူတွေကို ကျော်ဖြတ်ပြေးရင်း ဂိုးသမားကို ကျော်ပြီး ကန်သွင်းသွားတာပါ။
အီတလီ ကမန်းကတန်း လိုက်ကစားတဲ့ အခါ နာကျင် အချိန်ပို ကစားနေတဲ့ အချိန်မှာ အီတလီက စိတ်ဖြေသိမ့်စရာ နောက်တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကွာဒီယာလားရားက ဂိုးဧရိယာ အစပ်ကနေ လှလှပပလေး ဂိုးသမားကို ကျော်ပြီးကန်သွင်းသွားတာပါ။
ဒါပေမယ့် သိတ်နောက်ကျ သွားပါပြီ၊ အီတလီ နောက်ထပ် ဂိုးသွင်းနိုင်စရာ အချိန်မရှိတော့ပါဘူး၊ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးပြီး စုစုပေါင်း ၂ မှတ်နဲ့ အုပ်စု နောက်ဆုံးကနေ ပြိုင်ပွဲက ထွက်လိုက်ရပါပြီ။
ကမ္ဘာ့ချန်ပီယံ လေးကြိမ်ဖြစ်ဖူးတဲ့ အီတလီ၊ လက်ရှိချန်ပီယံ အီတလီ မရှုမလှပဲ ပွဲက ထွက်ရပါပြီ။ သူ့ရှေ့မှာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားက ဒုတိယရထားတဲ့ ပြင်သစ်လဲ ထွက်ရပြီးပြီမို့ ဒီနှစ် ချန်ပီယံအသစ် ဘယ်သူဖြစ်လာမလဲ ဆိုတာလဲ ပိုစိတ်ဝင်စားစရာ ကောင်းနေပြီ ဖြစ်ပါတယ်။
ပါရာဂွေး ၀ - ၀ နယူးဇီလန်

ဒီပွဲကတော့ ဘာမှ ပြောစမှတ်ပြုလောက်စရာ မရှိတဲ့ ပွဲတစ်ပွဲပါ။ နယူးဇီလန်ဟာ ဒီပွဲနိုင်ရင် မျှော်လင့်ချက် ရှိပေမယ့် ကမ္ဘာ့အဆင့်မှာ ထိထိရောက်ရောက် မယှဉ်နိုင်သေးဘူးဆိုတာ ပြနေပါတယ်။
နှစ်ဖက် စလုံး ကွင်းလယ် ကစားကွက်တွေပဲ ရှိခဲ့ပြီး ဂိုးသမားတွေ မဖမ်းရသလောက် ရှိခဲ့တဲ့ ပွဲပါ။
ဒီပွဲ သရေကျခဲ့တဲ့ အတွက် ပါရာဂွေးက စုစုပေါင်း ၅ မှတ် အုပ်စု ပထမနဲ့ ဒုတိယဆင့်တက်ပါတယ်။ အီတလီကို နိုင်လိုက်တဲ့ ဆလိုဗက်ကီးယားကတော့ ၄ မှတ် အုပစု ဒုတိယနဲ့ တက်ပါတယ်။
ကမ္ဘာ့ အဆင့် ၇၇ ရှိတဲ့ နယူးဇီလန်ကတော့ ၃ ပွဲ သရေ ၃ မှတ်နဲ့ ပြိုင်ပွဲက ထွက်ရပေမယ့် ချန်ပီယံ အီတလီရဲ့ ရှေ့က တတိယနေရာ ရခဲ့တာကပဲ ဂုဏ်ယူစရာ လို့ပြောနိုင်မှာ ဖြစ်ပါတယ်။
အောင်ပွဲရ ဂျပန်အသင်း
ဂျပန် ၃ - ၁ ဒိန်းမတ်
ဂျပန် ခြေစွမ်းပြပြီး ဒိန်းမတ်ကို အပြတ်အနိုင်ယူခဲ့တဲ့ ပွဲပါ။ ဂျပန်အသင်းဟာ သူတို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၀၂ ခုနှစ်ကလွဲရင် ကျန်တဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ နိုင်ပွဲတောင် တစ်ပွဲမှ မရဖူးတဲ့ အစဉ်အလာဆိုးကြီးကို ဒီနှစ်ကမ္ဘာ့ဖလားမှာ ချန်ထားရစ်လိုက်နိုင်ပါပြီ။
နိုင်ပွဲတွေရခဲ့ ရုံမက ခုဆို ဒုတိယအဆင့်ကိုတောင် တက်သွားပါပြီ။
ဒီပွဲမစခင်ကတော့ ဒိန်းမတ်က သူတို့ရဲ့ အရပ်အမောင်းကို အားကိုးပြီး ဂိုးဧရိယာထဲကို ချပေးမယ်၊ ခေါင်းတိုက် ဂိုးတွေ သွင်းမယ်လို့ ကြုံးဝါးထားကြပါတယ်။
တကယ်တန်း ကစားတော့ ဂျပန်က ဒီအချက်ကို ကြိုတွက်ထားပြီး ဂိုးဧရိယာထဲကို ဝင်လာတဲ့ ဘောလုံးမှန်သမျှကို စုပြီး ဖျက်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။
ဂျပန်ကစားသမားတွေဟာ ဘောလုံးကို ထိန်းထားနိုင်ပြီး အပေးအယူတိုတိုလေးတွေနဲ့ ဒိန်းမတ်နောက်တန်းကို ထိုးဖောက်ပါတယ်။
ကေအိဆုကေး ဟွန်ဒါဟာ ဂျပန်ရဲ့ အကောင်းဆုံးဘောလုံးသမားပါ၊ သူ့ကို ဒိန်းမတ် နောက်တန်းမထိန်းနိုင်ပါဘူး။
ဂျပန်ရဲ့ ပထမဂိုးကိုသွင်းပေးသူကလည်း ဟွန်ဒါပါပဲ။ ၁၇ မိနစ်မှာ ဂျပန်ရတဲ့ ပစ်ဒဏ်ဘောကို အဝေးက လှလှပပ ကန်သွင်းသွားတာပါ။
မကြာပါဘူး ဂျပန်ဒုတိယဂိုး ရပါတယ်။ ဒီ ဂိုးကလည်း စောစောကလိုပါပဲ။ ပစ်ဒဏ်ဘောကို အင်ဒိုက ကန်သွင်းသွားတာပါ။မိနစ် ၃၀ မှာ ဂျပန်က ၂ ဂိုးရနေပါပြီ။
ဒုတိယပိုင်းမှာတော့ ဒိန်းမတ်က ဂိုးဧရိယာထဲကို တစ်လုံးပြီး တစ်လုံးကန်တင်ပေးပါတယ်။ အာဆင်နယ်မှာကစားတဲ့ နစ်ကလပ် ဘင့်တနာကိုလဲ ဂျပန်နောက်တန်းက မလှုပ်နိုင်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ၈၁ မိနစ်အရောက်မှာတော့ ဒိန်းမတ် ပင်နယ်တီရပါတယ်။ ဂျပန်နောက်တန်းလူက ဂိုးဧရိယာထဲမှာ ဒိန်းမတ်ရှေ့တန်းလူကို တွန်းချတယ်ဆိုပြီးပေးခံရတာပါ။
ဒိန်းမတ် ကပ္ပတိန် တိုမတ်ဆင် ကန်ပါတယ်။ ဂျပန်ဂိုးသမား ပုတ်ထုတ်ပါတယ်။ ပြန်ကန်ထွက်လာတဲ့ ဘောလုံးကို တိုမတ်ဆင်ကပဲ ပြန်ပိတ်ပြီး ကန်သွင်းလို့ ဂိုးရပါတယ်။ ၂ ဂိုး ၁ ဂိုး ဖြစ်နေချိန်မှာ သရေကျရင်တောင် ဒိန်းမတ် အခွင့်အရေးရှိမှာပါ။ ဒါပေမယ့် ဒိန်းမတ်ကစားသမားတွေ သိတ်လိုက်မကစားနိုင်ကြပါဘူး။
ဒီလိုနဲ့ ပွဲပြီးကာနီး ၈၇ မိနစ်မှာ တော့ ဂျပန်က နောက်ထပ်တစ်ဂိုးသွင်းလိုက်ပါတယ်။ ဟွန်ဒါက ဒိန်းမတ်နောက်ခံလူတွေကို လိမ်ခေါက်ပြီး လှလှပပ ဘေးကိုချပေးလိုက်တဲ့ ဘောလုံးကိုအိုကာဇာကီက အသာလေး ကန်သွင်းလိုက်တာပါ။
ဂျပန် ထိုက်ထိုက်တန်တန် နိုင်ခဲ့ပါတယ်။ ရုရှားကလပ်မှာ ကစားနေတဲ့ ဟွန်ဒါကို ဥရောပကလပ် မန်နေဂျာတွေ မျက်စေ့ကျနေကြပြီ ဖြစ်ပါတယ်။
နယ်သာလန် ၂ - ၁ ကင်မရွန်း

နယ်သာလန် သက်သက်သာသာပဲ နိုင်သွားတဲ့ ပွဲပါ။
ကင်မရွန်းကတော့ သေချာပေါက်ထွက်ရတော့မယ်ဆိုတာ သိနေပေမယ့် ဂုဏ်သိက္ခာအတွက် ကျိုးစား ကစားသွားပါတယ်။
နယ်သာလန် အတွက် အဖွင့်ဂိုးကို ဗင်ပါစီက သွင်းပါတယ်။
ဒုတိယပိုင်းမှာ ပင်နယ်တီကတဆင့် အီတိုးက ကင်မရွန်းအတွက် ချေပဂိုး သွင်းပါတယ်။
ပွဲပြီးကာနီးမှာတော့ အာယင် ရော်ဘင် ကန်သွင်းတဲ့ ဘောလုံး တိုင်ထိပြီး ပြန်အထွက်မှာ ဟန်တယ်လာက ကန်သွင်းပြီး နယ်သာလန် အနိုင်ဂိုးရသွားပါတယ်။
ဒီအုပ်စုမှာ နယ်သာလန်က ၃ ပွဲစလုံးနိုင်ပြီး အုပ်စု ပထမ၊ ဂျပန်ကတော့ ၂ ပွဲနိုင် တစ်ပွဲရှုံး ၆ မှတ် ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်သွားခဲ့ပါပြီ။
ရှုံးထွက် အဆင့်မှာ နယ်သာလန်က ဆလိုဗက်ကီးယား၊ ဂျပန်က ပါရာဂွေးတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။


















