ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , ကမ္ဘာမှာ မြန်မာက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ၃ နှစ်ဆက် ထိခိုက်သေဆုံးသူ အများဆုံး

ကမ္ဘာမှာ မြန်မာက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ၃ နှစ်ဆက် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာတဲ့သတင်းနဲ့အတူ နို၀င်ဘာ ၂၅ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကမ္ဘာမှာ မြန်မာက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ၃ နှစ်ဆက် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ မိုင်းစောင့်ကြည့်အဖွဲ့ပြော
  • ရိုဟင်ဂျာအရေး ICJ တရားရုံးဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူထုတ်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ICJ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့စင်ကာပူပြော

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တဲ့အမှုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ချမှတ်ခဲ့တဲ့စီရင်ချက်ကို လေးစားလိုက်နာတယ်လို့ လာမယ့်နှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် စင်ကာပူနိုင်ငံက ပြောပါတယ်။

    ဒါအပြင် အဲဒီစီရင်ချက်က ဘာသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကိုလည်း လေ့လာသုံးသပ်နေတယ်လို့လည်း စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဌာနက ဒီနေ့ သတင်းထုတ် ပါတယ်။

    မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေ၊ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့အခက်အခဲကို စိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။

    ဒုက္ခသည်တွေ အန္တရာယ်ကင်းကင်း၊ ကိုယ့်သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ကိုလည်း ထပ်တိုက်တွန်းတယ်လို့ ဆိုပါတယ်။

    နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကို အာဆီယံနဲ့ တခြားနိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

  2. မြန်မာဟာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ သုံးနှစ်ဆက် ကမ္ဘာ့အများဆုံးဖြစ်

    ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် လူ ၁,၈၉၁ ဦး သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ပြီး ကမ္ဘာပေါ်မှာ ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နေတယ်လို့ ၂၀၂၆ Landmine Monitor အစီရင်ခံစာမှာ ဖော်ပြပါတယ်။

    ဒီအရေအတွက်ဟာ တစ်ရက်ကို ပျမ်းမျှ လူငါးဦးကျော်နှုန်း မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးနေတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ မြို့နယ်တွေရဲ့ သုံးပုံ နှစ်ပုံနီးပါးမှာ မိုင်းအန္တရာယ်ရှိနေပြီး စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    ကမ္ဘာတဝန်းမှာတော့ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် လူ ၆,၉၂၉ ဦး သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့ပြီး အဲဒီထဲမှာ အရပ်သား ၈၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။

    အရပ်သားထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ်တွေက ထက်ဝက်ခန့်ရှိပြီး မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ကလေးငယ်တွေ အန္တရာယ်ကြုံနေရတဲ့ အခြေအနေကိုလည်း အစီရင်ခံစာက အလေးပေးဖော်ပြထားပါတယ်။

    ကမ္ဘာတဝန်း မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်းဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ငါးနှစ်အတွင်း အများဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုင်းအန္တရာယ်အခြေအနေဟာ အကျပ်အတည်းအဆင့်ကို ကျော်လွန်ပြီး ကပ်ဘေးအဆင့် ရောက်ရှိနေပြီလို့ Landmine Monitor 2026 အစီရင်ခံစာ ပူးတွဲရေးသားသူ Yeshua Moser-Puangsuwan က ပြောပါတယ်။

    Landmine Monitor 2026 အစီရင်ခံစာကို လူသတ်နိုင်တဲ့မြေမြှုပ်မိုင်းတွေ တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICBL) က နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

  3. မင်္ဂလာပါ။

    နို၀င်ဘာ ၂၅ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။