သပိတ်ကျင်းမြို့ကို PDF ပူးပေါင်းတပ်တွေလက်ထဲကနေ စစ်တပ် ပြန်ထိန်းချုပ်

စစ်ကောင်စီကို ကန့်သတ်ပိတ်ဆို့မယ့် ဥပဒေကြမ်းတွေကို အမေရိကန်လွှတ်တော်ကော်မတီတွေ အတည်ပြုတဲ့ သတင်းအပါအဝင် ဇူလိုင် ၂၃ ရက် မြန်မာ နဲ့ ကမ္ဘာတစ်ဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့ကို ၁ နှစ်နီးပါးအကြာမှာ စစ်တပ်ပြန်ထိန်းချုပ်
  • ဗန်းမော်ကို စစ်ကူဖို့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ သင်္ဘော ၁၅ စင်းထက်မနည်းပါဝင်တဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရ
  • ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က စစ်တပ်ပိုင် အာမီရမ် အရက် စက်ရုံဝင်းထဲ ပေါက်ကွဲပြီး မီးလောင်မှုဖြစ်
  • မိုင်းပေါက်မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး "ဝ" ရဲအရာရှိ တစ်ဦးအပါအဝင် သေဆုံးသူ ၄ ဦး အထိရှိလာ
  • အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မတရားအသင်း ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ဆယ်လီ အမျိုးသားကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေး
  • မြန်မာစစ်တပ်၊ စစ်ကောင်စီတို့နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် လေယာဉ်ဆီရရှိရေးကို ကန့်သတ်ပိတ်ဆို့မှုတေွ လုပ်ဖို့ရည်ရွယ်တဲ့ ဥပဒေမူကြမ်း ၃ ခုကို အမေရိကန်လွှတ်တော်ရဲ့ ကော်မတီတွေအတည်ပြု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၂၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. နျူကလီးယားလက်နက်တွေကို ဘယ်နိုင်ငံတွေက ပိုင်သလဲ

    နျူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေနဲ့ ခန့်မှန်းအရေအတွက်ပြဇယား

    ဘရာဇီး၊ ဆွီဒင်၊ ဆွစ်ဇာလန် စတဲ့နိုင်ငံတွေဟာ နျူကလီးယား အစီအစဥ်ကို လုပ်ဖို့ အစပြုခဲ့ကြပြီးနောက်ပိုင်းမှာတေ့ သူတို့ကိုယ်တိုင်ကဖြစ်စေ၊ အပြင်က ဖိအားတွေကြောင့် ဖြစ်စေ ဒီအစီအစဥ်တွေကို စွန့်ခွာခဲ့ကြပါတယ်။

    တောင်အာဖရိက နိုင်ငံကတော့ နျုကလီးယားလက်နက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီးမှ ဒီလက်နက်တွေကို ဖြုတ်သိမ်းပစ်သလို၊ နျူကလီးယား အစီအစဥ်ကိုလည်း လုံးဝ ဖျက်သိမ်းပစ်လိုက်တဲ့ တခုတည်းသော နိုင်ငံပါ။

    ကမ္ဘာ့ဘယ်နိုင်ငံတွေက နျူလက်နက်ပိုင်ဆိုင်ထားကြပါသလဲ၊ ဘယ်လိုပိုင်ဆိုင်ခဲ့ကြတာပါလဲ၊ … စတာတွေကို ဒီလင့်ခ် ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. စစ်ကောင်စီက မန္တလေးမှာ ကေတီဗီတွေ ၁ လ ပိတ်ခိုင်း

    မန္တလေးမြို့မှာ KTV ခန်းတွေကို တစ်လပိတ်ထားဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားတဲ့အတွက် ပိတ်ထားကြရပြီး အဲ့ဒီ KTV ခန်းတွေကတော့ ဟိုင်းခန်းလို့ခေါ်ကြတဲ့ မူးယစ်ဆေးသုံးစွဲလို့ရတဲ့ အခန်းတွေဖြစ်ပါတယ်။

    အခုနောက်ပိုင်း KTV ခန်းတွေဟာ မူးယစ်ဆေးဝါးတွေ လွတ်လွတ်လပ်လပ် သုံးစွဲလို့ရရှိလာတာကြောင့် အဲ့ဒီနေရာကို လူငယ်တွေနဲ့ ငွေ ကြေးအများအပြားသုံးစွဲနိုင်သူတွေက ဖျော်ဖြေရေးအတွက် အဓိကအသုံးပြုလာကြတာ ဖြစ်ပါတယ်။ ကိုမြင့်လွင်က ပြောပြထားပါတယ်။ ရုပ်သံမှာ ဆက်လက်ကြည့်ရှုပါ။

    ဗီဒီယို ပုံစာ, စစ်ကောင်စီက မန္တလေးမှာ KTV တွေကို ၁ လ ပိတ်ခိုင်း
  4. ရုပ်သံ - လူသေဆုံးတဲ့အထိဖြစ်တဲ့ မိုင်းပေါက်မြို့ ရေကြီးမှု

    ရှမ်းပြည်နယ်အရှေ့ပိုင်းက '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ မိုင်းပေါက်မြို့မှာ မိုးသည်းပြီး ရေကြီးရေလျှံတာတွေ ဖြစ်လို့ သေဆုံးသူ ၄ ဦးအထိရှိတယ်လို့ ဝ အာဏာပိုင်တွေဘက်က သတင်းထုတ်ပါတယ်။

    သေဆုံးသူတွေထဲမှာ ကယ်ဆယ်ရေးလုပ်ရင်း သေဆုံးတဲ့ ရဲအရာရှိတစ်ဦးလည်း ပါဝင်ပါတယ်။

    ၀ အာဏာပိုင်တွေကတော့ အခုအခြေအနေကို ထိန်းချုပ်ဖို့နဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    မိုင်းပေါက်က ရေကြီးမှု အခြေအနေကို ရုပ်သံမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

    ဗီဒီယို ပုံစာ, ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပေါက်မြို့က ရေကြီးမှု အခြေအနေ
  5. "ဝီဖာ" အရှိန်ကြောင့် မဲဆောက်မှာ ရုတ်တရက်ရေကြီး ၊ချင်းမိုင်မှာလည်း ရေကြီးအန္တရာယ် ကြိုတင်ကာကွယ်ပြီ, ထိုင်းမြောက်ပိုင်းက ချင်းရိုင်နဲ့ နန် တို့မှာလည်း ရေကြီးမှုတွေဖြစ်နေ

    ထိုင်းရေကြီးမှုပုံဟောင်း
    ဓာတ်ပုံ ပုံစာ, ထိုင်းရေကြီးမှုပုံဟောင်း

    “ဝီဖာ” အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အ‌ရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးကြီး၊ လေကြီးမယ်လို့ ထိုင်းမိုးလေဝသက ဒီကနေ့မှာ ကြေညာပါတယ်။

    ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းက နန် ပြည်နယ်မှာ လည်း နန် မြစ်တလျှောက်ကနေရာတွေကို မြစ်ရေတွေ တက်လာနေပြီလို့ ထိုင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေး နှင့် လျှော့ချရေး ဌာန (DDPM) က လွန်ခဲ့တဲ့ ၁ နာရီက ကြေညာပါတယ်။ လက်ရှိမှာ သက်ကြီးရွယ်အိုတွေနဲ့ ထိလွယ်ရှလွယ်သူတွေကို ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ကယ်ထုတ်ပေးထားတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    နောက်ပြီး မယ်ဆိုင်မြစ်ရေဟာ တာ့ခ် ခရိုင်၊ ဖော့ဖရ မှာ မြင့်တက်လာနေတယ်လို့ DDPM က သတိပေးစာထုတ်ပြန်ပါတယ်။

    မယ်ဆိုင်မြစ်ကမ်းနံဘေး နေထိုင်သူတွေ အနေနဲ့ ကုန်းမြင့်ပိုင်းကို ရွှေ့ပြောင်းကြဖို့၊ သက်ကြီးရွယ်အိုနဲ့ လူနာတွေကိုလည်း ဂရုပြုကြဖို့ ပြောထားပါတယ်။

    နောက်ပြီး မဲဆောက်မြို့မှာလည်း ညနေ ၆ နာရီမှာ ရေထပ်တက်လာလိမ့်မယ်လို့ DDPM က သတိပေးထားပါတယ်။

    အခုလက်ရှိ မဲဆောက်မြို့ နေရာအများစုမှာလည်း မြစ်ရေတက်လာနေတယ်လို့ မဲ‌ဆောက်မှာ နေထိုင်တဲ့ မြန်မာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “အခု အာဏာပိုင်တွေက ရေကြီးလို့ သွားလို့မရတော့တဲ့ နေရာတွေကို ပိတ်ထားပြီ။ မြို့လယ်ခေါ်မှာတောင် ရေက ဒူးလောက်ရောက်နေတယ်။ အနိမ့်ပိုင်းနေရာတွေမှာတော့ ခါးလောက်ရောက်နေပြီ။” လို့ သူက ပြောပါတယ်။

    ထိုင်မြောက်ပိုင်းမြို့ ချင်းရိုင်မှာတော့ ဒီနေ့ နံနက် ၁၁ နာရီမှာ မိုးအဆက်မပြတ်ရွာနေလို့ ရေအတက်မြန်နေပြီး ရေကြီးမှုကြုံနေရတယ်လို့ PBS သတင်းဌာနက ဖော်ပြပါတယ်။

    ချင်းရိုင်က ဆေးရုံ Thoeng Hospital ကလည်း ရေကြီးမှုကြောင့် ဆေးရုံယာယီ ပိတ်ထားလိုက်ပြီး အရေးပေါ် မတော်တဆမှုတွေကိုတော့ ဆေးရုံရဲ့ယာယီကုသရေးစခန်းဖွင့်ထားတဲ့ Wat Phra Si Mahapho ဘုန်းကြီးကျောင်းမှာ ကုသပေးသွားမယ်လို့ ဒီကနေ့မှာပဲ ကြေညာလိုက်ပါတယ်။

    ချင်းမိုင်မြို့မှာတော့ မြို့တော်ဝန်က မိုးကြီး၊ ‌ရေကြီးအန္တရာယ်ကြောင့် လူ ၂ သောင်းကျော် ခိုလှုံနိုင်မယ့် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်လိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    ထိုင်းပညာရေးဝန်ကြီးဌာနကလည်း ရေကြီးမှုအန္တရာယ်ကြောင့် ထိုင်းနိုင်ငံ အရှေ့မြောက်နဲ့ မြောက်ပိုင်းက စာသင်ကျောင်းတွေ ယာယီပိတ်ထားဖို့ အမိန့်ပေးထားပြီး လိုအပ်တဲ့အစီအမံတွေ လုပ်ထားဖို့ ညွှန်ကြားထားကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

    ဝီဖာ မုန်တိုင်းဟာ ဒီနေ့နံနက် ၁:၀၀ နာရီမှာ ထိုင်းနိုင်ငံ အရှေ့ပိုင်း နမ် ခရိုင်ရဲ့ ၁၈၀ ကီလိုမီတာ အကွာက လာအိုနိုင်ငံထဲက ခရိုင်တစ်ခုကို ဝင်ရောက်ခဲ့ပြီး အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    ထိုင်းမိုးလေဝသကတော့ ဇူလိုင် ၂၂ ရက်နေ ၂၄ ရက်အထိ မိုးအလွန်ကြီးပြီး လျှပ်တပြတ်ရေကြီး တာတွေ ရှိနိုင်ကြောင်း သတိပေးထားပါတယ်။

  6. မရဏစက်ရုံ - တရုတ်အကူအညီနဲ့ လည်ပတ်နေတဲ့မြန်မာစစ်တပ်ရဲ့ ကပစ ၂၁

    ကပစ ၂၁ ထုတ် လေကြောင်းဗုံးသရုပ်‌ဖော်ချက်
    ဓာတ်ပုံ ပုံစာ, ကပစ ၂၁ ထုတ် လေကြောင်းဗုံးသရုပ်‌ဖော်ချက်

    မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့လေကြောင်းသုံးဗုံးတွေကို တရုတ်အကူအညီနဲ့ ဆက်ထုတ်လုပ်နေတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အထူးလေ့လာချက်အစီရင်ခံစာနဲ့ ထုတ်ပြောလိုက်ပါတယ်။

    မြန်မာစစ်တပ်အတွက် လေကြောင်းတိုက်ခိုက်မှုသုံး ဗုံးတွေကို ထုတ်လုပ်နေတာက နိုင်ငံအလယ်ပိုင်းမကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ ကပစ ၂၁ ဖြစ်ပါတယ်။

    ဖျက်အားပြင်းဗုံးအပါအဝင် အကြီးစားလေကြောင်းသုံး ဗုံးတွေထုတ်တဲ့ အဲဒီစက်ရုံကို တောင်တန်းနဲ့ ဆည်ကြီးတစ်ခုကြားမှာ စစ်တပ်က လျှို့ဝှက်ပုံစံမျိုးတည်ထားပါတယ်။

    SAC-M ကတော့ အဲဒီ ကပစ ၂၁ စက်ရုံကို မရဏ စက်ရုံ လို့ သုံးနှုန်းပါတယ်။

    တရုတ်အကူအညီပေးနေတဲ့ မြန်မာစစ်တပ်ရဲ့ ကပစ စက်ရုံ အကြောင်း ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  7. စစ်တပ်အသေခံဒရုန်းအပျက် ထိုင်းဘက်ခြမ်းမှာတွေ့ရှိမှု ထိုင်းကန့်ကွက်စာပို့

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲ ပျက်ကျခဲ့သည့် ဒရုန်း
    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲ ပျက်ကျခဲ့သည့် ဒရုန်း

    ထိုင်းနိုင်ငံက သူ့ပိုင်နက်ထဲ စစ်တပ်ရဲ့ဒရုန်းတစ်စင်း ပျက်ကျမှုအတွက် တရားဝင်ကန့်ကွက်စာကို ထိုင်းအစိုးရက မြန်မာစစ်ကောင်စီထံ ပေးပို့လိုက်တယ်လို့ PBS သတင်းဌာနက ဖော်ပြပါတယ်။

    မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ်အရေးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာစစ်ကောင်စီနဲ့ ထိုင်းအာဏာပိုင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ နယ်စပ်ကော်မတီ (TBC) က တစ်ဆင့်ပေးလိုက်တာလို့ သတင်းက ဆိုပါတယ်။

    မြန်မာစစ်တပ်ရဲ့ ကာမီကာဇေ ဒရုန်းအပျက်တစ်စင်းကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက ထာ့ဆောင်ယန်းမြို့နယ်ထဲက ခွန်မယ့်ဝေကျေးရွာအနီးမှာ တွေ့ခဲ့တာပါ။

    ထိုင်းအာဏာပိုင်တွေရဲ့ ကနဦးစစ်ဆေးချက်အရ အဲဒီဒရုန်းဟာ စစ်တပ်ရဲ့ ကာမီကာဇေ ဒရုန်း အမျိုးစားဖြစ်ပြီး ဓာတ်ငွေ့ ဆလင်ဒါတစ်ခုကိုလည်း တွေ့ရှိကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

    ဒီဒရုန်းကို နယ်စပ်က KNLA စခန်းကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်နိုင်ပြီး နည်းပညာချို့ယွင်းကာ ထိုင်းနိုင်ငံပိုင်နက်ထဲကျရောက်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ KNLA နဲ့ ပူးပေါင်းတပ်တွေက နယ်စပ်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်း ကို သိမ်းပိုက်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာ စစ်တပ်ရဲ့ ဝေါလေဗျူဟာကိုလည်း ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ တိုက်ပွဲ ပြင်းထန်နေချိန်ဖြစ်ပါတယ်။

    ဝေါလေတိုက်ပွဲအတွင်း စစ်တပ်က ကာမီကာဇေ ဒရုန်းတွေ ၄ စင်းထက်မနည်း အသုံးပြုခဲ့ပြီး အဲဒီဒရုန်းတွေထဲက တစ်စင်းဟာ တိုက်ပွဲမြေပြင်မှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဘီဘီစီ သတင်းရင်းမြစ်က အစောပိုင်းကတည်းက ပြောပါတယ်။

    နောက်ဆုံးကျန်ရှိတဲ့ ဝေါလေဗျူဟာစခန်းကုန်းကိုလည်း တိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် နှစ်ဘက်တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

  8. သပိတ်ကျင်းမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ဆို

    သပိတ်ကျင်းမြို့နယ်ထဲက ခလရ (၁၄၈) တပ်စခန်းကို MDY-PDF သိမ်းပိုက်ခဲ့တဲ့ပုံ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, သပိတ်ကျင်းမြို့နယ်ထဲက ခလရ (၁၄၈) တပ်စခန်းကို MDY-PDF သိမ်းပိုက်ခဲ့တဲ့ပုံ (ပုံဟောင်း)

    မန္တလေးတိုင်းထဲ ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကို အတည်ပြုပြောပါတယ်။

    “သပိတ်ကျင်းဆေးရုံနားထိ စစ်တပ်က တပ်စွဲထားတယ်။ မြို့အကုန်လုံးကို စစ်တပ်က ထိန်းချုပ်လိုက်ပြီ” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    သပိတ်ကျင်းမြို့ပြန်ရဖို့ တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို စစ်တပ်က ဒရုန်းဖိသုံးပြီး ကင်းထောက်တာ၊ တိုက်ခိုက်တာတွေ ဒီရက်ပိုင်းအတွင်း တိုးလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

    စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ စစ်တပ်က သပိတ်ကျင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ ရေးသားနေကြတာတွေ့ရပါတယ်။

    စစ်ကောင်စီကတော့ သပိတ်ကျင်းမြို့ရဲ့ စစ်ရေးအခြေအနေကို သတင်းမထုတ်ပြန်သေးပါဘူး။

    သပိတ်ကျင်းကို မန္တလေး PDF နဲ့ ပူးပေါင်းအဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းမှာ သိမ်းခဲ့တာပါ။

    တစ်ဖက်မှာလည်း မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ကို စစ်ကူပို့နေတဲ့ စစ်သင်္ဘောအုပ်စု သပိတ်ကျင်းဒေသအရောက်မှာပဲ MDY-PDF အပါအဝင် ပူးပေါင်းတပ်တွေက ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

    အလားတူ ဇူလိုင် တတိယအပတ်ထဲမှာပဲ သပိတ်ကျင်းမြို့အနီးက မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ထဲက စစ်တပ်စခန်းတချို့ကိုလည်း MDY PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

    လက်ရှိ သပိတ်ကျင်းမြို့နယ်ကို ထိန်းချုပ်ထားတဲ့ MDY PDF ကိုလည်း ဘီဘီစီက နယ်မြေထိန်းချုပ်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်ဖြေကြားတာ မရှိပါဘူး။

    (အခုသတင်းမှာ အချက်အလက်တချို့ကို ပြန်လည်ပြင်ဆင်ထားပါတယ်)

  9. ဗန်းမော်ကို စစ်ကူမယ့် စစ်သင်္ဘောအုပ်စု ကြားဖြတ်တိုက်ခိုက်ခံရလို့ ၄ စင်းထက်မနည်း ပျက်စီး

    စစ်တပ်ရဲ့ စစ်သင်္ဘောတချို့ တိုက်ခိုက်ခံလိုက်ရတဲ့ မြင်ကွင်း
    ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ စစ်သင်္ဘောတချို့ တိုက်ခိုက်ခံလိုက်ရတဲ့ မြင်ကွင်း

    ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲကို စစ်ကူပို့ဖို့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ သင်္ဘော ၁၅ စင်းထက်မနည်းပါဝင်တဲ့ စစ်သင်္ဘောအုပ်စုဟာ သပိတ်ကျင်းမြို့နယ်ထဲ အရောက်မှာ တိုက်ခိုက်ခံရလို့ ၂ စီး မီးလောင်ပြီး ၂ စီး ပျက်စီးတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မြစ်ကြောင်းမှာ စစ်တပ် သင်္ဘောတွေ ခုတ်မောင်းချိန် ကြားဖြတ်မိုင်းခွဲတိုက်ခိုက်တာနဲ့ ပစ်ခတ်ခံရတာတွေကြောင့် အခုလို ပျက်စီးခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    စစ်ကူပို့လိုက်တဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စုထဲက သင်္ဘောတချို့ ရေအောက်မိုင်းနဲ့ မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့ အသွင်ဆောင်တဲ့ ရုပ်သံဖိုင်တစ်ခုကိုလည်း မန္တလေးပြည်သူ ကာကွယ်ရေးတပ်ဖွဲ့(MDY - PDF)နဲ့ ပူးပေါင်းတပ်ဖွဲ့တချို့က မနေ့က ထုတ်ပြန်ပါတယ်။

    အဲဒီစစ်သင်္ဘောတွေဟာ သပိတ်ကျင်းမြို့နယ်၊ ချောင်းသလဲကျေးရွာနဲ့ ကျောက်ကြီး ဇာတ်ဆိပ်ကြားနေရာတွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    အခုတော့ တိုက်ခိုက်ခံလိုက်ရတဲ့ စစ်သင်္ဘောအုပ်စုဟာ လက်ရှိမှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဒင်ကြီးကျရွာအနီးက ဧရာဝတီမြစ်ကြောင်းအထိ ရောက်ရှိနေပြီလို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

    ဒါအပြင် စစ်သင်္ဘော ၆ စင်းပါတဲ့ နောက်ထပ် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုတစ်ခုကလည်း မန္တလေးမြို့ကနေ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဒီရက်ပိုင်းအတွင်း ထပ်မံမောင်းနှင်လာတယ်လို့ ဧရာဝတီမြစ်ကြောင်းထဲမှာ စစ်သင်္ဘောလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ တော်လှန်ရေးကင်းထောက်အဖွဲ့တချို့က ဖော်ပြနေကြပါတယ်။

    စစ်ကောင်စီကတော့ ဗန်းမော်ကို စစ်ကူပို့တဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  10. ရန်ကုန်၊ ရွှေပြည်သာက စစ်တပ်ပိုင် အာမီရမ်အရက်ချက်စက်ရုံမှာ ပေါက်ကွဲမှုဖြစ်

    မီးသတ်တပ်ဖွဲ့က မီးလောင်တဲ့နေရာကို မီးငြှိမ်းသတ်နေပုံ

    ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ကွန်ပျူတာတက္ကသိုလ်အနီး အမှတ်(၄)လမ်းမကြီးပေါ် မှာရှိတဲ့ စစ်တပ်ပိုင် အာမီရမ် အရက် စက်ရုံဝင်းထဲ ဒီနေ့ မနက် မြန်မာစံတော်ချိန် ၉ နာရီကျော်မှာ ပေါက်ကွဲသံကြားရပြီး မီးလောင်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတချို့ကပြောပါတယ်။

    ရွှေပြည်သာမြို့နယ် အမှတ် ၄ အရန်မီးသတ်တပ်ဖွဲ့ကတော့ စက်ရုံမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် ခရိုင်နဲ့ မြို့နယ်တွေက မီးသတ်ယာဥ် ၁၁ စီးနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

    စက်ရုံအနီးမှာနေထိုင်တဲ့ မြို့ခံတစ်ဦးရဲ့ အပြောအရ မြန်မာစစ်တပ်လက်အောက်က မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် အာမီ အရက်ချက်စက်ရုံက ဘွိုင်လာအိုးပေါက်ကွဲတယ်လို့ သိရပြီး ၁၀ မိနစ်ကျော်ခန့် မီးလောင်ခဲ့တာလို့ဆိုပါတယ်။

  11. ကမ္ဘာကျော် ရော့ခ်အဆိုတော် Ozzy Osbourne ကွယ်လွန်

    အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမြို့မှာ ဖျော်ဖြေနေတဲ့ အော့ဇီ အော့စဘောင်း (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမြို့မှာ ဖျော်ဖြေနေတဲ့ အော့ဇီ အော့စဘောင်း (ပုံဟောင်း)

    ရော့ခ်ဂီတအဖွဲ့ Black Sabbath ရဲ့ ပင်တိုင်အဆိုရှင် အော်ဇီ အော့ဇ်ဘုန်းဟာ သူ့ရဲ့အဆိုရှင်ဘဝ နောက်ဆုံး ဖျော်ဖြေပွဲလုပ်ပြီး သီတင်းပတ်တွေအကြာမှာပဲ ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သွားပြီလို့ မိသားစုက သတင်းထုတ်ပြန်ပါတယ်။

    ကွယ်လွန်ချိန်မှာ သူ့အသက် အသက် ၇၆ နှစ်ရှိပါပြီ။

    မိသားစုကတော့ “ စကားလုံးတွေနဲ့ ဖော်ကျူးမနိုင်အောင် ဝမ်းနည်းခြင်းများစွာနဲ့ ကြေညာပါရစေ။ ချစ်ရတဲ့ အော်ဇီ အော့ဇ်ဘုန်းဟာ ဒီနေ့နံနက်မှာပဲ ကွယ်လွန်သွားပါပြီ။ ကွယ်လွန်ချိန်မှာ မိသားစုနဲ့ပဲ အတူ ရှိနေခဲ့ပါတယ်။ နောက်ဆုံးအချိန်လေးမှာ အချစ်၊ မေတ္တာတွေနဲ့ပဲ လွှမ်းခြုံခဲ့တယ်” လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

    သူဟာ ၂၀၁၉ ခုနှစ်ကတည်းက ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိခိုက်တဲ့ အာရုံကြောရောဂါ ပါကင်ဆန်ရောဂါ ခံစားနေရတာပါ။

    သူမကွယ်လွန်မီ ဒီလထဲမှာပဲ Black Sabbath အဖွဲ့အတူ နောက်ဆုံး ဖျော်ဖြေခဲ့တာပါ။

    အော်ဇီ အော့ဇ်ဘုန်းဟာ ရော့ခ်ဂီတလောကအတွက် တစ်ခေတ်ဆန်းစေတဲ့ရှေ့ဆောင်အနုပညာရှင်အဖြစ် အသိအမှတ်ပြုခံရသူလည်းဖြစ်ပါတယ်။

    ကမ္ဘာကျော်အဆိုတော်တွေ ဖြစ်တဲ့ အေရို စမစ် ၊ အယ်တန် ဂျွန်တို့အပြင် ဘောလုံးလောက အကျော်အမော်ဖြစ်ခဲ့သူ ဒေးဗစ်ဘက်ခမ်း တို့ကလည်း ဝမ်းနည်းကြောင်း၊ လေးစားဂုဏ်ပြုကြောင်း ထုတ်ပြောကြပါတယ်။

    သူ့ကို ချစ်မြတ်နိုးတဲ့ ပရိတ်သတ်တွေကလည်း လွမ်းသူပန်းခွေချခဲ့ကြပါတယ်။

  12. ရဲဘော်ဖိုးသံချောင်း၊ မန္တလေး လူထုဒေါ်အမာရဲ့ မီးပင်လယ်ကို ဖြတ်တဲ့သား

    ရဲဘော် ဖိုးသံချောင်းနဲ့ မိခင် ဒေါ်အမာတို့ရဲ့ ဘဝဖြတ်သန်းမှု ပုံ အဆင့်ဆင့်ကို အဖြူအဝါ အစိမ်းရောင်တွေနဲ့ ပေါင်းစပ် ဓာတ်ပုံ

    မောင်ဖိုးသံ လူဖြစ်ခဲ့တဲ့ ၁၉၅၀၊ ၁၉၆၀ ပြည့်လွန်နှစ်တွေဟာ ကမ္ဘာမှာ စစ်အေးဆိုတဲ့ လက်ဝဲလက်ယာ ဝါဒကြီးနှစ်ရပ် ယှဉ်ပြိုင်တဲ့ ခေတ်ကြီး အရှိန်အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

    မြန်မာပြည်မှာလည်း လွတ်လပ်ရေးခါစက စပြီး ကွန်မြူနစ်၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ကရင် စတဲ့ လက်နက်ကိုင်လှုပ်ရှားမှု မျိုးစုံနဲ့ ကြုံခဲ့ရသလို တရုတ်ဖြူ ကျူးကျော်မှုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

    သူ့မိဘတွေနဲ့ ခင်မင်တဲ့ ဝန်ကြီးချုပ် ဦးနု အစိုးရကို သူ့မိခင်စာအုပ်မှာ အမှာစာရေးပေးခဲ့တဲ့ သခင်သန်းထွန်းရဲ့ ကွန်မြူနစ်တွေက ပုန်ကန်နေတာ ဖြစ်ပြီး သူတို့ထုတ်တဲ့ သတင်းစာကို ကွန်မြူနစ်ဘက်ယိမ်းတယ်ဆိုပြီး ဖဆပလအစိုးရနဲ့ စစ်တပ်က စွပ်စွဲခဲ့ပါတယ်။

    စစ်ပြီးစ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့အတူ ဖဆပလမှာ ပါဝင်ခဲ့တဲ့ ဖခင်နဲ့ မိခင် သတင်းစာဆရာမရဲ့ သားသမီးတွေ ဖြစ်လို့ ငယ်စဉ်ကတည်းက နိုင်ငံရေး၊ စာပေ၊ အနုပညာလောကနဲ့ သူတို့ နီးစပ်ခဲ့ပြီး နိုင်ငံရေးမုန်တိုင်းကိုလည်း အရွယ်နဲ့မမျှ ကြုံခဲ့ရပါတယ်။

    ရဲဘော်ဖိုးသံချောင်း အကြောင်း ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  13. မိုးကြီးရေလျှံမှုရဲ့လက်သည် - ဖျက်အားကောင်းလာတဲ့ ကောင်းကင်မြစ်တွေ

    လေထုမြစ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးမှုတွေဟာ လူဦးရေ သိန်းသန်းချီကို ဘေးဒုက္ခရောက်စေတယ်လို့ သိပ္ပံပညာရှင်တွေပြော
    ဓာတ်ပုံ ပုံစာ, လေထုမြစ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးမှုတွေဟာ လူဦးရေ သိန်းသန်းချီကို ဘေးဒုက္ခရောက်စေတယ်လို့ သိပ္ပံပညာရှင်တွေပြော

    မကြာခင်ကမှ ရေကြီးတဲ့ဒဏ်ခံစားခံရတဲ့ တရုတ်၊ ကနေဒါ နိုင်ငံတွေအပါအဝင် ကမ္ဘာတလွှားက ဆိုးရွားတဲ့ ရေကြီးမှုတွေဟာ လေထုပူနွေးမှုတွေ ခပ်မြန်မြန်ဖြစ်လာနေတဲ့အကြောင်း အသိပေး ခေါင်းလောင်းတွေလိုပါပဲ။ ဒါဟာ အရင်အချိန်တွေထက် လေထုထဲပိုပြီးစိုထိုင်းလာတဲ့ အခြေအနေလို့ သိပ္ပံပညာရှင်တွေက ထောက်ပြပါတယ်။

    ၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက အီရတ်၊ အီရန် ၊ ကူဝိတ် နဲ့ ဂျော်ဒန် နိုင်ငံတွေမှာ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ နဲ့ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းတာတွေကြောင့် ရေကြီးတဲ့ဒဏ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ပြီးတဲ့နောက် မိုးလေဝသပညာရှင်တွေ တွေ့ရှိခဲ့တာက အဲဒီဒေသတွေရဲ့ ‌ကောင်းကင်ပေါ်မှာ စံချိန်တင်စိုထိုင်းမှုတွေများနေခဲ့ပြီး ၂၀၀၅ ခုနှစ်တုန်းက ပုံစံတူဖြစ်ရပ်ထက်တောင် ပိုပြင်းထန်ခဲ့ ပါတယ်။

    နှစ်လအကြာမှာတော့ ချီလီနိုင်ငံမှာ သုံးရက်အတွင်း မိုးရေချိန် ၅၀၀ မီလီမီတာအထိ ရှိပြီး မိုးကြီးခဲ့ပါတယ်။ အင်န်ဒီးစ်တောင်တန်းရဲ့ အစိတ်အပိုင်းအချို့က နှင်းတွေအရည်ပျော်တာကလည်း ချီလီရဲ့ ကောင်းကင်ပြင်မှာ ရေအများအပြားစုဝေးစေခဲ့ပြီး ဆိုးရွားတဲ့ ရေကြီးရေလျှံတဲ့ဖြစ်စဉ် ဖြစ်လာကာ လမ်း၊ တံတား နဲ့ ရေအရင်းအမြစ်တွေကို ဖျက်ဆီးခဲ့တာကြောင့်ပါ။

    တစ်နှစ်အကွာ ၂၀၂၂ ခုနှစ်တုန်းကလည်း နိုင်ငံရေးသမားတွေက “မိုးဗုံး” လို့သုံးနှုန်းတဲ့ဖြစ်စဉ် သြစတြေးလျနိုင်ငံမှာဖြစ်ခဲ့ပြီး လူအယောက် ၂၀ ကျော်သေဆုံးခဲ့သလို လူဦးရေထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

    ဒီဖြစ်စဉ်တွေဟာ ပိုမိုကျယ်ပြန့်ရှည်လျားပြီး ကြမ်းတမ်းဖျက်ဆီးအားပိုကောင်းလာတဲ့ လေထုမြစ်တွေရဲ့ အကျိုးဆက်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ နာဆာရဲ့ အပြောအရလည်း လေထုမြစ်တွေကြောင့် ကမ္ဘာတလွှားက လူဦးရေ သိန်းသန်းချီဟာ ရေကြီးတဲ့ဒဏ်ကို ရင်ဆိုင်နေရ တာပါ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  14. မိုင်းပေါက်မြို့ရေကြီးမှုမှာ ကယ်ဆယ်ရေးလုပ်တဲ့ “ဝ”ရဲအရာရှိအပါအဝင် ၄ ဦးသေဆုံးတယ်လို့ဆို

    သေဆုံးခဲ့တဲ့ "ဝ"ရဲအရာရှိ
    ဓာတ်ပုံ ပုံစာ, သေဆုံးခဲ့တဲ့ "ဝ"ရဲအရာရှိ

    ရှမ်းပြည်နယ်အရှေ့ပိုင်းက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မိုင်းပေါက်မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး “ဝ” ရဲအရာရှိ တစ်ဦးအပါအဝင် သေဆုံးသူ ၄ ဦး အထိရှိလာပြီလို့ “ဝ”ပြည်နယ် ရဲဌာနတရားရေးဌာနချုပ်ကထုတ်ပြန်ထားပါတယ်။

    သေဆုံးခဲ့တဲ့ “ဝ” ရဲအရာရှိဟာ ရဲအရာရှိအဖြစ် ၃ နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

    ရဲအရာရှိက Hongwei အမှတ် ၁ တိုက်ခန်းတစ်ခုဘေးမှာ ရပ်ထားတဲ့ အိမ်စီးကားတစ်စီး ရေနစ်မြုပ်သွားချိန် ကားပေါ်မှာပါတဲ့သူတွေကို ကယ်ဆယ်ဖို့ လုပ်ခဲ့ချိန်မှာပဲ ရေစီးနဲ့ မျောပါသေဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    ရဲအရာရှိရုပ်အလောင်းကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။

    သေဆုံးသူ ၄ ဦးထဲ ၂ ဦးရဲ့ ရုပ်အလောင်းကိုတော့ ရှာ‌ဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    “ဝ” ရဲအရာရှိ ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ကားပေါ်က သူတချို့လည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ ဘယ်နှစ်ဦးဆိုတာကိုတော့ “ဝ”ပြည်နယ် ရဲဌာန တရားရေးဌာနချုပ်ရဲ့ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

    မိုင်းပေါက်မြို့မှာ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒီနေ့ ဇူလိုင် ၂၃ ရက်အထိ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ “ဝ”ဒေသတွင်းသတင်းတွေမှာ ရေးသားထားပါတယ်။

    လက်ရှိမှာ "ဝ" ပြည်နယ် တရားစီရင်ရေး ကော်မတီဌာနက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    "ဝ" ပြည်နယ် သတင်းထုတ်ပြန်ရေးဌာနကလည်း ရေကြီးမှုအန္တရာယ် အထူးသတိပြုနေထိုင်ကြဖို့ အသိပေးထားပါတယ်။

  15. အကြမ်းဖက်ဆက်စပ်ပုဒ်မတွေနဲ့ဖမ်းထားတဲ့ အင်ဒိုဆယ်လီကို စစ်ကောင်စီက လွတ်ငြိမ်းပေး

    အကြမ်းဖက်၊ မတရားအသင်းဆက်သွယ်မှုနဲ့ဖမ်းထားတဲ့ အင်ဒို ဆယ်လီကို စစ်ကောင်စီ လွတ်ငြိမ်းပေး
    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားအမျိုးသားကို လွတ်ငြိမ်းခွင့်ပေးတဲ့အကြောင်း စစ်ကောင်စီက ရန်ကုန်မှာရှိတဲ့အင်ဒိုနီးရှားသံရုံးကို သံခင်းတမန်ခင်း လုပ်ထုံးလုပ်နည်းအတိုင်း စာပို့ အကြောင်းကြားခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးက ပြောပါတယ်

    အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မတရားအသင်း ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ဆယ်လီ အမျိုးသားကို စစ်ကောင်စီက ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

    အေဂျေလို့ နာမည်အတိုကောက်ခေါ်ပြီး အင်စတာဂရမ် လူမှုကွန်ရက်မှာ လူသိများတဲ့ အဲဒီအမျိုးသားဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆက်စပ် ပုဒ်မတွေနဲ့ စွပ်စွဲခံရပြီး အင်းစိန်ထောင်ထဲ ထောင် ၇ နှစ်ချမှတ်ခံထားရသူဖြစ်ပါတယ်။

    အခုတော့ သူ့ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဖြစ်ပြီး အင်ဒိုနီးရှားကို ပြန်ပို့လိုက်ပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားကာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    အဲဒီအမျိုးသားဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှာ အဖမ်းခံခဲ့ရတာပါ။

    သူ့ဖုန်းထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့တပ်တွေက တပ်ဖွဲ့ဝင်တွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံအချို့ကြောင့် ရန်ကုန်မှာပြုလုပ်တဲ့ မိတ်ဆွေတစ်ဦးရဲ့ မင်္ဂလာဆောင်ကို လာတက်ရင်း အဖမ်းခံခဲ့ရတာလို့ ဒီအကြောင်းသိတဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

    အခုတော့ ဒီအမျိုးသားဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေတဆင့် အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက်ပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောထားပါတယ်။

  16. စစ်ကောင်စီကို ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်နိုင်တဲ့ ဥပဒေမူကြမ်း ၃ ခုကို အမေရိကန်လွှတ်တော်ကော်မတီတွေအတည်ပြု

    ၇၈ ကြိမ်မြောက်တပ်မတော်နေ့ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ၇၈ ကြိမ်မြောက်တပ်မတော်နေ့ (ပုံဟောင်း)

    မြန်မာစစ်တပ်၊ စစ်ကောင်စီတို့နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် လေယာဉ်ဆီရရှိရေးကို ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ရည်ရွယ်တဲ့ ဥပဒေမူကြမ်း ၃ ခုကို အမေရိကန်လွှတ်တော်ရဲ့ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုကော်မတီက ဇူလိုင် ၂၂ ရက် တစ်ရက်တည်းမှာ အတည်ပြုလိုက်ပါတယ်။

    အဲဒီ ဥပဒေမူကြမ်း ၃ ခုကတော့ BRAVE မြန်မာဥပဒေကြမ်း၊ မြန်မာ GAP ဥပဒေကြမ်း၊ မြန်မာဘဏ္ဍာရန်ပုံငွေ အသစ်မရနိုင်ရေး ဥပဒေကြမ်း တို့ဖြစ်ပါတယ်။

    BRAVE မြန်မာဥပဒေကြမ်းက စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ နိုင်ငံပိုင် လုပ်ငန်းတွေ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ လေယာဉ်ဆီထောက်ပံ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

    အလားတူ မြန်မာစစ်တပ် အာဏာသိမ်းထားသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့)မှာ မဲပေးပိုင်ခွင့်ကို တားဆီးဖို့နဲ့ စစ်ကောင်စီရဲ့ စီးပွားရေးအပေါ် ပံ့ပိုးသူတွေကို ဖိအားပေးကန့်သတ်ဖို့လည်း ပါဝင်ပါတယ်။

    မြန်မာ GAP ဥပဒေကြမ်းကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်တဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ဖြစ်ပါတယ်။

    ဥပ‌ဒေကြမ်းအရ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုနဲ့ ပြစ်ဒဏ်ပေးမှုများ ဆောင်ရွက်နိုင်ရေးအပြင် ရိုဟင်ဂျာအပါအဝင် လူမျိုးစုအားလုံး ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

    မြန်မာဘဏ္ဍာရန်ပုံငွေ အသစ်မရနိုင်ရေး ဥပဒေကြမ်းကတော့ စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့မှုအသစ် ပိတ်ပင်ခြင်း၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက စစ်ကောင်စီကို ငွေအလွှဲအပြောင်းများ ကန့်သတ်ခြင်းတွေကို လုပ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

    Los Angeles Myanmar Movement (LA2M) အဖွဲ့၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေကတော့ “ဒီဥပဒေတွေက စစ်ကောင်စီအပေါ် စစ်ရေး၊ လူသားချင်းစာနာမှုနဲ့ ဘဏ္ဍာရေးဖိအား (၃) မျိုး ပေါင်းပြီး ဖိအားပေးတာလုပ်နိုင်ပါတယ်။ သဘောကတော့ အမေရိကန်က မြန်မာပြည်သူတွေဘက်မှာ ရပ်တည်နေပြီး တရားမျှတမှု၊ လူမျိုးစုအားလုံးပါဝင်မှုနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံတာဖြစ်ပါတယ်”လို့ သုံးသပ်ပါတယ်။

    နောက်တစ်ဆင့်အနေနဲ့ အခုဥပဒေမူကြမ်းတွေကို အမေရိကန် ကွန်ဂရက် အောက်လွှတ်တော်က ဆက်ပြီး မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ မဲခွဲမှုအတည်ပြုပြီးတဲ့နောက်မှာတော့ ဥပဒေအဖြစ် အတည်ပြုရန် အထက်လွှတ်တော်(ဆီနိတ်)ကို တင်သွင်းမယ်လို့ သိရပါတယ်။

  17. မင်္ဂလာပါ။ ဇူလိုင် ၂၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။