စစ်မှုထမ်းဖို့ရှောင်တိမ်းသူတွေကို စောင့်ကြည့်ဆင့်ခေါ်နေ, အာဏာပိုင်ဟန်ဆောင် အဓမ္မဖမ်းဆီးမှုနဲ့ ငွေကြေးကောက်ခံမှုတွေကြောင့် လူ ၁၉၉ ဦးကို အရေးယူထားတယ်လို့ဆို
စစ်မှုထမ်းဖို့ အလှည့်ကျရွေးချယ်ခံရသူတချို့ဟာ တခြားရပ်ရွာတွေကို ပြောင်းရွှေ့နေထိုင်တာ၊ ပြည်ပကို ထွက်ခွာတာနဲ့ လူစားထိုးတာတွေ လုပ်ဆောင်နေတဲ့အတွက် အဲဒီလို ရှောင်တိမ်းသူတွေကို စောင့်ကြည့်ဆင့်ခေါ်နေတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြောပါတယ်။
အဲဒီလို ရှောင်တိမ်းသူတွေကို စောင့်ကြည့်ဆင့်ခေါ်နေတဲ့ အပေါ် မသမာသူများကပါ တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး တချို့မြို့ရွာတွေမှာ လူတွေကို အဓမ္မဖမ်းဆီးပြီး ငွေကြေးရယူကာ စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် တချို့ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း စစ်မှုထမ်းသွားမယ့်သူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး လစဉ်ငွေကောက်ခံတာနဲ့ စစ်မှုထမ်းဖို့ ရှောင်တိမ်းသူတွေအစား လူစားထိုးထမ်းဆောင်စေဖို့ ငွေကြေးကောက်ခံတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလို အဓမ္မဖမ်းဆီးဆင့်ခေါ်တာနဲ့ တရားမဝင်ငွေကြေးကောက်ခံတာတွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ နည်းဥပဒေတွေကို ချိုးဖောက်ပြီး လုပ်ဆောင်နေကြတာဖြစ်တယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က ပြောပါတယ်။
အဲဒီလို အာဏာပိုင်ဟန်ဆောင်ငွေကြေးကောက်ခံမှုနဲ့ အဓမ္မဖမ်းဆီးမှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ငွေကြေးတောင်းခံမှုနဲ့ ပတ်သက်တဲ့ အမှု ၄၉ မှုမှာ လူ ၁၀၂ ဦးနဲ့ အဓမ္မစစ်မှုထမ်းစေခိုင်းမှုနဲ့ပတ်သက်တဲ့ အမှု ၂၂ မှုမှာ လူ ၉၇ ဦး၊ စုစုပေါင်း အမှု ၇၁ မှုနဲ့ လူ ၁၉၉ ဦးကို အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံ ငွေကြေးကောက်ခံမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက် ၁၈၂ ခု ရရှိခဲ့ရာမှာ ၉၁ ခုကို အရေးယူဆောင်ရွက်ပြီးစီးခဲ့ပြီး ၅၆ ခုကို စိစစ်နေဆဲဖြစ်ကာ ၃၅ ခုကို မမှန်မကန်တိုင်ကြားမှုအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အဓမ္မစစ်မှုထမ်းဆင့်ခေါ်မှုနဲ့ပတ်သက်ပြီး တိုင်ကြားချက် ၄၃ ခု ရရှိခဲ့ရာမှာ ၁၇ ခုကို အရေးယူဆောင်ရွက်ပြီးစီးခဲ့ပြီး ၁၄ ခုကို စိစစ်နေဆဲဖြစ်ကာ ၁၂ ခုကို မမှန်မကန်တိုင်ကြားမှုအဖြစ် သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလုပ်ရပ်တွေကို စိစစ်ဖော်ထုတ်အရေးယူနေပြီး အဓမ္မခြိမ်းခြောက်ဆင့်ခေါ်တာ၊ ညအချိန် ဖမ်းဆီးခေါ်ဆောင်တာ၊ ငွေကြေးနဲ့ လူစားထိုးဆင့်ခေါ်တာနဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ တရားမဝင်ငွေကောက်ခံတာတွေ လျော့နည်းပပျောက်စေဖို့ ဆက်လက်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်တယ်လို့ပြောပေမယ့် အဓမ္မဖမ်းဆီးခံရမှုတွေ ဆက်မြင့်တက်နေသလို ငွေကြေးတောင်းခံမှုနဲ့ စစ်မှုထမ်းဖို့ ရှောင်တိမ်းသူတွေအပေါ် ဖိအားပေးမှုတွေရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက ပြောထားပါတယ်။
စစ်မှုထမ်းဆင့်ခေါ်မှုမှာ အဓမ္မဖမ်းဆီးမှုနဲ့ ငွေကြေးတောင်းခံမှုတွေ ရှိနေကြောင်း အာဏာပိုင်တွေကိုယ်တိုင်ဝန်ခံထားပြီး လူ့အခွင့်အရေးအဖွဲ့တွေကလည်း အဲဒီလိုလုပ်ရပ်တွေကို အစောပိုင်းကတည်းက မှတ်တမ်းတင်ထောက်ပြထားပါတယ်။