ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု , ICJ စီရင်ချက်အပေါ် လုပ်သင့်တာလုပ်မယ်လို့ ဦးမင်းအောင်လှိုင် ပြော

ICJ စီရင်ချက်ပါ လိုက်နာသင့်တဲ့အချက်တွေကို လုပ်ဆောင်မယ်လို့ ဦးမင်းအောင်လှိုင် ပြောတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ မြန်မာထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

ICJ စီရင်ချက်ပါ လိုက်နာသင့်တဲ့အချက်တွေနဲ့ အာဆီယံရဲ့ ပဋိညာဉ်နဲ့ မူဝါဒတွေကို လေးစားလိုက်နာမယ်လို့ ဦးမင်းအောင်လှိုင် က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ICJ စီရင်ချက်နဲ့ပတ်သက်ပြီး လုပ်‌သင့်တာလုပ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်နဲ့ပတ်သက်ပြီး တာဝန်သိနိုင်ငံတစ်ခုအနေနဲ့ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်သွားမယ်လို့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောလာပါတယ်။

    ဒါပေမဲ့ လိုက်နာဖို့ မသင့်တဲ့အချက်တွေကိုတော့ လိုက်နာမှာမဟုတ်ဘူးလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

    နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ သူက အဲဒီလိုပြောခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

    ဂမ်ဘီယာက အမှုစတင်တင်သွင်းခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး ခုနစ်နှစ်တာကာလအတွင်း တရားရုံးလုပ်ငန်းစဉ်တွေမှာ အချက်အလက်၊ မှတ်တမ်းနဲ့ သက်သေအထောက်အထားတွေ တင်ပြကာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ICJ အမှုဟာ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းက နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့လည်း သူက ဆိုကာ ICJ ရဲ့ မဲခွဲဆုံးဖြတ်မှုလို့ သုံးနှုန်း‌ပြောဆိုထားပါတယ်။

    နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ နိုင်ငံအတွင်းဖြစ်ပျက်နေတဲ့ ကိစ္စအားလုံးအတွက် အဓိကတာဝန်ရှိတယ်လို့ ခံယူထားပြီး နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်ကိစ္စတွေကို လက်ခံမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

    ICJ က နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်ခဲ့တဲ့ နောက်ဆုံးစီရင်ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း၊ အဲဒီလိုကျူးလွန်မှုတွေကို တားဆီးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု ထပ်မဖြစ်စေရေး အာမခံဆောင်ရွက်ဖို့၊ သံသယရှိသူတွေကို စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဆိုဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ကုစားပြီး လျော်ကြေးပေးဖို့ အပါအဝင် ဆုံးဖြတ်ချက် ၁၃ ချက် ချမှတ်ထားပါတယ်။

    ဒါ‌ပေမဲ့ ဘယ်အချက်တွေကို လိုက်ပါလုပ်ဆောင်မယ်ဆိုတာနဲ့ဘယ်အချက်ကို လိုက်နာမှာမဟုတ်တာကိုတော့ ထုတ်ပြန်ချက်မှာ တိတိကျကျမတွေ့ရပါဘူး။

    ဒါအပြင် အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့် ဆက်လက်ကန့်သတ်ခံရပြီးနောက် အာဆီယံနဲ့ မြန်မာဆက်ဆံရေးကို ပြန်လည်သုံးသပ်မယ်လို့ ပြောထားတဲ့ ဦးမင်းအောင်လှိုင်က မနေ့က အစည်းအဝေးမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ အဖွဲ့ရဲ့ ပဋိညာဉ်နဲ့ မူဝါဒတွေကို လေးစားလိုက်နာသွားမယ်လို့ ပြောခဲ့ပါတယ်။

    အာဆီယံပဋိညာဉ်နဲ့ မူဝါဒတွေဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး သဘောတူထားတာဖြစ်တဲ့အတွက် အသက်ဝင်နေသရွေ့ လိုက်နာရမှာဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ တည်ဆဲဥပဒေတွေကိုလည်း အပြန်အလှန် လေးစားဖို့လိုကြောင်း သူက ပြောဆိုခဲ့ပါတယ်။

    လက်ရှိမှာ အာဆီယံက သူနဲ့ သူ့ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီးကို အာဆီယံထိပ်သီး‌ေဆွေး‌နွေး‌ပွဲတွေကို တက်ရောက်ခွင့်ဆက်လက်ကန့်သတ်ကြောင်းပြောထားပါတယ်။

  2. မင်္ဂလာပါ။

    နို၀င်ဘာ ၂၆ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။