သြဂုတ် ၁၅ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကိုဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
မြန်မာက တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ စစ်ခေါင်းဆောင်ကို တရုတ်ပြော
မြန်မာပြည်က တရုတ်စီမံကိန်းတွေအပါအဝင် ပြည်သူတွေကိုပါ ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ခေါင်းဆောင်ကို ပြောလိုက်ပါတယ်၊ ခြံအမှတ် ၅၄ ကို ဒီနေ့မနက်ပိုင်းတုန်းက ဒုတိယအကြိမ် လေလံတင် ရောင်းချခဲ့ပေမဲ့ လေလံဝင်ဆွဲသူမရှိတဲ့သတင်းအပါအဝင် ဩဂုတ် ၁၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေကြီးလို့ လူ ၃ ထောင်ကျော်လောက် ရေဘေးသင့်နေပါတယ်
- PV အမျိုးအစားပတ်စ်ပို့ကိုင်ပြီး အလုပ်ဗီဇာနဲ့ ပြည်ပထွက်ရင် စိစစ်တားမြစ်မယ်လို့ စစ်ကောင်စီ က ထုတ်ပြန်လိုက်ပါတယ်
- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပြန်စ
- ပြည်တွင်း ငွေဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့စေဖို့ဆိုပြီး စစ်ကောင်စီ က ဘဏ်အတိုးနှုန်းတွေကို ပြင်ဆင်သတ်မှတ်လိုက်ပါတယ်
- ခြံအမှတ် ၅၄ ဒုတိယအကြိမ်လေလံတင်ရောင်းချမှု လေလံဝင်ဆွဲသူမရှိ
- ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးနဲ့ ပြည်တွင်းတည်ငြိမ်ရေး ဆက်ပြီးကူညီဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံချိန် ဦးသန်းရွှေ တိုက်တွန်း
- တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ ရဲ့ ဒုတိယအကြိမ် လေလံကို ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ လေလံတင်ဖို့ရှိ
တိုက်ရိုက် ထုတ်လွှင့်ချက်
ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, တစ်သောင်းတန် မြန်မာကျပ်ငွေ စက်သုံးဆီသမားတွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းပေးမယ်လို့ စစ်ကောင်စီက ပြောလာတဲ့နောက် တစ်ရက်အတွင်းမှာ ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက် လာတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက်ငွေလွဲလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
သြဂုတ် ၁၃ ရက်နေ့ က မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်း ဘတ်ငွေ ၄၉၀ သာ ပေါက်ခဲ့တဲ့အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့တာကနေ သြဂုတ် ၁၅ ညနေပိုင်းမှာ ကျပ် တစ်သိန်းကို ဘတ်ငွေ ၅၉၀နဲ့ ၆၀၀ ကြား ပြန်ရောက်လာတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်းငွေလဲနှုန်းတွေအရဆိုရင် ကျပ် တစ်သိန်းမှာ ဘတ်ငွေ ၁၀၀ တက်လာပြီး ကျပ်စျေးအနည်းငယ်ပြန်တက်လာတာဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ နဲ့ မြန်မာကျပ်ငွေ လဲလှယ်တဲ့နေရာမှာလည်း ဒေါ်လာစျေးအနည်းငယ်ပြန်ကျခဲ့တယ်လို့ ရန်ကုန်မြို့ ငွေလဲလုပ်သူတွေက ပြောပါတယ်။
သြဂုတ် ၁၃ ရက်နေ့ က အမေရိကန်တစ်ဒေါ်လာတန်ဖိုးဟာ မြန်မာကျပ်ငွေ ၇၀၀၀ အထိ ပြင်ပစျေးကွက်မှာ စျေးမြင့်ခဲ့တာကနေ သြဂုတ် ၁၅ ရက် ညနေပိုင်း မှာတော့ ၆၀၀၀ ကျပ်ဝန်းကျင် ပြန်ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီ က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ထုတ်ရောင်းပေးမယ်ဆိုပြောထားပေမဲ့ လည်း ရန်ကုန် နဲ့ မန္တလေးမြို့တွေက ဆီဆိုင်တွေမှာ တန်းစီရတဲ့ ကားတန်းရှည်ကြီးတွေ သြဂုတ် ၁၅ ရက်နေ့ အထိ ရှိနေတုန်းပဲလို့လည်း မြို့ခံတွေက ပြောပါတယ်။
တာချီလိတ်မြို့ပေါ်မှာ ရေကြီးလို့ လူ ၃၀၀၀ ကျော် ရေဘေးသင့်နေ

ဓာတ်ပုံ ရင်းမြစ်, ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း
ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၄ ရက်နေ့က တာချီလိတ်မြို့ပေါ် ရေကြီးနေတဲ့ မြင်ကွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေကြီးလို့ လူ ၃ ထောင်ကျော်လောက် ရေဘေး သင့်နေတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေ ဘီဘီစီ ကို ပြောပါတယ်။
တာချီလိတ်မြို့ပေါ်က မယ်ခေါင်၊ တာလော၊ တာလျံ (၂) စတဲ့ ရပ်ကွက်တွေအပါအဝင် ရပ်ကွက် ၇ ခု ထက်မနည်း ရေမြုပ်နေတယ်လို့လည်း ပြောပါတယ်။
သြဂုတ် ၁၂ ရက်ထဲက ရေစကြီးတာ ဒီနေ့ သြဂုတ် ၁၅ အထိ ရေပြန်မကျသေးဘူး လို့လည်း တာချီလိတ် မြို့ခံတွေက ပြောပါတယ်။
“နှစ်တိုင်းရေကြီးတတ်ပေမဲ့ ဒီနှစ်ကရေပိုတက်တယ်။ ထိုင်းဘက် မယ်ဆိုင်က နည်းနည်းသက်သာတယ် ဒီဘက်က အနိမ့်ပိုင်းဖြစ်လို့ ရေက ခါးဝက်ကျော်တယ်။ တချို့နေရာတွေဆို ရင်ဝနားအထိ ရောက်တယ်” လို့ ရေဘေးကူညီပေးနေသူ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
တာချီလိတ်မြို့လယ်မှာရှိတဲ့ အောင်မြတ်ခန်းမ မှာ ရေဘေးကူညီရေးစခန်း ဖွင့်ထားသလို ရပ်ကွက်တွေထဲ မှာလည်း ရေဘေးသင့်ကူညီရေး နေရာတွေလုပ်ထားတယ်လို့လည်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
“ထမင်းပို့ပေးရတာ လူ ၃ ထောင်စာရှိသွားပြီ။ ရေမကြီးတဲ့ရပ်ကွက်ကလူတွေက ထမင်းဘူးတွေပေးတယ်။ ကျွန်မတို့က လှေတွေနဲ့လိုက် ရေမြုပ်နေတဲ့အိမ်တွေကို ဝေပေးနေတာ” လို့ ရေဘေးသင့်သူတွေကို ကူညီပေး နေသူတစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။
တာချီလိတ်မြို့နဲ့ ကပ်လျက် ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဆိုင်မြို့ပေါ်မှာလည်း ရေကြီးနေလို့ ကူညီကယ်ဆယ်ရေး တွေလုပ်နေရတယ်ဆိုပြီးလည်း ထိုင်းသတင်းမီဒီယာတွေက ရေးသားကြပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒကိုဆန်းစစ်ခြင်း
ဘီဘီစီရဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ ဗဟိုဘဏ်ရဲ့ လည်ပတ်မှုပုံစံကိုနားလည်တတ်ကျွမ်းတဲ့အရာထမ်းဟောင်းကတော့ စစ်ကောင်စီမှာ ပုံမှန်အစိုးရတစ်ရပ်ရှိသင့်တဲ့ နိုင်ငံခြားအရန်ငွေပမာဏထက် လျော့နည်းလာတယ်ဆိုပေမဲ့ သူသိမ်းယူထားတဲ့ ဒေါ်လာငွေတွေကို လက်ရှိပြင်ပပေါက်စျေးနဲ့ ထုတ်မရောင်းချင်တာလို့ ပြောပါတယ်။
''အားလုံးဆီက ဒေါ်လာတွေကိုသိမ်းလိုက်တာက သူတို့အတွက်ဒေါ်လာအရန်ငွေအားကောင်းအောင်လုပ်တာပါ။ အခုဒေါ်လာကို လုံလုံလောက်လောက်မရောင်းပေးတာက သူတို့အောက်ဈေးနဲ့ ဝယ်ထားတဲ့ဒေါ်လာတွေကို အောက်ဈေးနဲ့ပြန်မရောင်းတော့တာပါ။ ဒေါ်လာချွေတာပြီး သွင်းကုန်သမားတွေ ကိုယ့်ဟာကို ဒေါ်လာရှာကြဆိုတာမျိုးဖြစ်နေတာပါ'' လို့ ဗဟိုဘဏ်အရာထမ်းဟောင်းက ရှင်းပြပါတယ်။
စစ်ကောင်စီ ရဲ့ စီးပွားရေးမူဝါဒတွေကိုကြည့်ရင် နိုင်ငံရဲ့ စီးပွားရေးအားနည်းမှာထက် စစ်ကောင်စီရဲ့ လက်ထဲမှာ နိုင်ငံခြားအရန်ငွေ ခိုင်ခိုင်မာမာရှိဖို့ရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ ဗဟိုဘဏ်အရာထမ်းဟောင်းက ကောက်ချက်ချပါတယ်။
''စီးပွားရေးကျဆင်းလာတာလည်း သူတို့ ပေါ်လစီတွေကြောင့် ပြိုကျလာတာပါ။ အဲဒါကြောင့် စီးပွားရေး အခုထက်ပြိုလဲသွားရင်တောင်မှ သူတို့မှာတော့ ခံနိုင်ရည်ရှိနေနိုင်ပါတယ်'' လို့ စစ်ကောင်စီက ဒေါ်လာငွေတွေအားလုံးသိမ်းထားတဲ့ မူဝါဒကို ချိန်ထိုးတွက်ပြပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒကိုဆန်းစစ်ထားတဲ့ ဒီဆောင်းပါးအပြည့်အစုံ ကို ဒီလင်ခ့် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ပြည်ပထွက်ဖို့အသွား ရန်ကုန်လေဆိပ်ကနေ ပြန်လွှတ်ခံရသူတွေရှိလာ
PJ ပတ်စ်ပို့တွေသာမက အလည်အပတ်နဲ့ သွားရောက်ခွင့်ရှိတဲ့ PV ပတ်စပို့ နဲ့ ပြည်ပထွက်ခွာသူတွေကိုလည်း လေဆိပ်မှာ အစစ်အဆေး တင်းကျပ်မှုတွေရှိလာတယ်လို့ ကိုယ်တိုင်ကြုံရသူတချို့က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာတွေ တွေ့ရပါတယ်။
PV ပတ်စပို့နဲ့ ထွက်မယ့်သူတွေဟာ အသွားအပြန်လေယာဉ်လက်မှတ်၊ ဘာကြောင့် သွားတယ်ဆိုတဲ့အကြောင်းအရာနဲ့ သွားရောက်မယ့်နိုင်ငံမှာ တည်းခိုမယ့် နေရာ စတဲ့ အထောက်အထားခိုင်လုံအောင် ပြသနိုင်မယ်ဆိုရင် ထွက်ခွာခွင့် ရရှိနိုင်တာ ဖြစ်ပါတယ်။
ဒါပေမဲ့အလုပ်လုပ်ခွင့်ဗီဇာ Work Visa တုံးထုထားတဲ့ PV ပတ်စ်ပို့တွေနဲ့ ပြည်ပထွက်ခွာခွင့်ကိုတော့ ဒီရက်တွေကစလို့ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ခွင့်မပြုတာတွေရှိနေတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ပြည်ပထွက်ခွာတဲ့သူများလာတာတဲ့အတွက် အလုပ်လုပ်ခွင့်ရှိတဲ့ PJ ပတ်စ်ပို့စ်အမျိုးအစားကနေ PV ပတ်စ်စပို့ပြောင်းလဲလျှောက်ထားခွင့်ကိုလည်း ခွင့်မပြုတော့ဘူးလို့ ပတ်စ်ပို့သက်တမ်းတိုးဝန်ဆောင်မှုပေးသူတွေထံက သိရပါတယ်။
အပြည့်အစုံ ကို ဒီလင်ခ့် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
PV အမျိုးအစားပတ်စ်ပို့ကိုင်ပြီး အလုပ်ဗီဇာနဲ့ ပြည်ပထွက်ရင်တားမြစ်မယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာတွေ့ရတဲ့ ထိုင်းဗီဇာလျှောက်ထားသူများ ပြည်ပကိုအလည်အပတ်သွားဖို့ ထုတ်ပေးထားတဲ့ PV အမျိုးအစားပတ်စ်ပို့ကိုင်ဆောင်ပြီးအလုပ်အကိုင်ဗီဇာနဲ့ ပြည်ပထွက်မယ့်သူတွေကို စိစစ်တားမြစ်မယ်လို့ စစ်ကောင်စီက သြဂုတ် ၁၅ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ပြည်ပမှာအလုပ်လုပ်မယ့်သူတွေဟာ အလုပ်အကိုင်အတွက်ထုတ်ပေးတဲ့ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် ကို လျှောက်ထားရမှာဖြစ်တယ်လို့စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန က ပြောပါတယ်။
ဒါအပြင် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်လုပ်ဖို့လိုသလို ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လုပ်သွားဖို့ လိုတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာန ကပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြည်ပကို ထွက်ခွာ အလုပ်လုပ်မယ့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ အယောက် ၄၀ နီးပါး အိမ်ပြန်ပို့ခံရတယ်လို့ အလုပ်အကိုင်အေဂျင်စီတွေက ဘီဘီစီ ကို ပြောထားပါတယ်။
ပြည်ပနိုင်ငံတွေကိုသွားဖို့ နိုင်ငံကူးလက်မှတ် အမျိုးအစား ၇ မျိုးအထိရှိတယ်လို့လည်း စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
လားရှိုးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှုပြန်စ

ဓာတ်ပုံ ရင်းမြစ်, လားရှိုးပြန်လည်ထူထောင်ရေးအဖွဲ့
ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၄ ရက်နေ့က လားရှိုးပြန်လည်ထူထောင်ရေးအဖွဲ့ ထုတ်ပြန်ခဲ့တဲ့ လားရှိုး ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီး အတွင်းပိုင်းမြင်ကွင်း ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းတချို့ပြန်စနေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဘီဘီစီ ကို ပြောပါတယ်။
လားရှိုး ကုတင် ၅၀၀ ပြည့်ဆေးရုံကြီးကို ပြန်ဖွင့်ထားပြီး အရေးပေါ် ထိခိုက်ရှနာလူနာတွေကို ဆေးကုသ ပေးနေတာတွေ၊ ဓာတ်မှန်ရိုက်တာတွေနဲ့ ဆေးပေးနေတဲ့ ဓာတ်ပုံတွေကို လားရှိုးပြန်လည်ထူထောင်ရေး ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သြဂုတ် ၁၄ ရက်က တွေ့ရပါတယ်။
“အရင် CDM လုပ်ထားတဲ့မြို့နယ်ကျန်းမာရေးမှူး ဦးဆောင်ပြီး ကျန်းမာရေးလုပ်ငန်းတွေ ပြန်စဖို့ ပြင်ဆင်နေ တယ်” လို့ လားရှိုး မြို့ခံတဦးက ဘီဘီစီ ကို ပြောပါတယ်။
လားရှိုးပြန်လည်ထူထောင်ရေးအဖွဲ့ရဲ့ စာမျက်နှာမှာတော့ CDM ဆရာဝန်တွေနဲ့ ဆေးဖက်ဆိုင်ရာ CDM ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူမယ်လို့ ရေးသားထားပါတယ်။
ဒါအပြင် ကလေးမွေးဖွားတာ၊ သွေးစစ်ဆီးစစ်တာတွေအပြင် တီဘီဆေး နဲ့ အေအာရ်တီဆေးဝါးတွေကို လားရှိုးဆေးရုံကြီးမှာ လာထုတ် လို့ရတယ်ဆိုပြီးလည်း လားရှိုးပြန်လည်ထူထောင်ရေးအဖွဲ့ က ပြောထား ပါတယ်။
ကိုးကန့်တပ်(MNDAA) ကတော့ လားရှိုးဆေးရုံကြီး ပြန်ဖွင့်တာနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၅ ရက်နေ့အထိ တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဘာတွေ တောင်းဆိုလိုက်လဲ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ခေတ်သစ် ပိုးလမ်းမ စီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်မှု အရှိန်မြှင့် ဖော်ဆောင်ပြီး တရုတ်-မြန်မာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း လည်ပတ်မှု ကောင်းမွန်အောင် ဆောင်ရွက်စေလိုတဲ့ အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံချိန် မစ္စတာ ဝမ်ယိက အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာအနေနဲ့ မြန်မာမှာရှိတဲ့တရုတ်ဝန်ထမ်းတွေနဲ့ စီမံကိန်းတွေ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျ ကာကွယ်ပေးရေး ထိန်းသိမ်းဖို့၊ တရုတ် -မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း မျှော်လင့်တဲ့အကြောင်း သူက ပြောပါတယ်။
စစ်ကောင်စီ က ဘဏ်အတိုးနှုန်းတွေ ပြင်ဆင်သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီးနောက် တွေ့ရတဲ့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က စစ်ကောင်စီ ဗဟိုဘဏ်ရုံး ပြည်တွင်း ငွေဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့စေဖို့ဆိုပြီး ဘဏ်အတိုးနှုန်းတွေကို ပြင်ဆင်သတ်မှတ်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ အသစ်ပြင်ဆင်လိုက်တဲ့ အတိုးနှုန်းတွေထဲမှာ ဗဟိုဘဏ်အတိုးနှုန်းကို ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ တိုးမြင့်သတ်မှတ်လိုက်ပါတယ်။
ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အပ်ငွေ အတိုးကို အနည်းဆုံး ၇ ရာခိုင်နှုန်းသတ်မှတ်နိုင်ပြီး ချေးငွေ အတိုးကိုတော့ ၁၅ ရာခိုင်နှုန်းအထိ ယူနိုင်တယ်လို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဘဏ်အတိုးနှုန်းတွေဟာ တခြားနိုင်ငံတွေက ဘဏ်အတိုးနှုန်းတွေထက် အဆပေါင်းများစွာ မြင့်မားနေတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဗဟိုဘဏ် ဘက်ကတော့ ပြည်သူတွေအနေနဲ့ ဘဏ်အပ်ငွေကနေ အတိုးပိုရအောင်အပြင် ဘဏ်တွေအနေနဲ့ ချေးငွေ ပိုထုတ်ချေးနိုင်အောင် အတိုးနှုန်းတွေကို ပြင်ဆင်ခဲ့တာလို့ က ပြောပါတယ်။
- ပုဂ္ဂလိကဘဏ်တွေစိုးရိမ်ရေမှတ်ရောက်နေပြီလား
- စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒတွေ တကယ်မှားခဲ့သလား
အရင်က ဘဏ်ချေးငွေ အတိုးနှုန်းတွေကို ၁၂.၅ ရာခိုင်နှုန်းအထိပဲ ယူရမယ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်နေမှာ ဖြစ်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၂၀၂၄ ခုနှစ်၊ ဧပြီလက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် က ၅ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့တာ ကနေ ၂၀၂၃ ခုနှစ် အရောက်မှာတော့ ၂၇ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာဖြစ်တယ်လို့လည်း IMF က ပြောထားပါတယ်။
သတင်းထူး, ခြံအမှတ် ၅၄ ဒုတိယအကြိမ်လေလံ - လေလံဝင်ဆွဲသူမရှိ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင်ဖြစ်တဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ ကို ဒီကနေ့မှာ ဒုတိယအကြိမ် လေလံတင်ရောင်းချခဲ့ပေမဲ့လည်း လေလံဆွဲမယ့်သူမရှိလို့ မအောင်မမြင်ခဲ့ဘူးလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်အမှုဖြစ်တဲ့ ခြံအမှတ် ၅၄ ကို ဒီနေ့ မနက် ၁၀ နာရီမှာ ဒုတိယအကြိမ်လေလံ တင်ခဲ့ပေမဲ့ လေလံဝင်ဆွဲသူ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပထမအကြိမ်လေလံကို ပြီးခဲ့တဲ့ မတ်လတုန်းက လေလံကြမ်းခင်းစျေး ငွေကျပ် ၃၁၅ ဘီလျံ သတ်မှတ်ပြီး ပထမအကြိမ်လေလံခေါ်ခဲ့ခဲ့ပေမဲ့ လေလံဝင်ဆွဲသူ မရှိတာကြောင့် ဦးအောင်ဆန်းဦးဘက်က ရှေ့နေကနေတဆင့် လေလံကြမ်းခင်းစျေးကို ပြင်ဆင်ပေးဖို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
အခုဒုတိယတစ်ကြိမ်မှာတော့ ကြမ်းခင်းစျေး မြန်မာကျပ်ငွေ ၃၀၀ ဘီလျံနဲ့ သတ်မှတ်ခဲ့တာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာလည်း လေလံဝင်ဆွဲသူ မရှိခဲ့ပါဘူး။
ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးနဲ့ ပြည်တွင်းတည်ငြိမ်ရေး ဆက်ပြီးကူညီဖို့ တရုတ်ကို ဦးသန်းရွှေ တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန
ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ(ညာဘက်)နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ(ဘယ်) မြန်မာနိုင်ငံကို ပြည်ပဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ရေးနဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ဖို့ တရုတ်နိုင်ငံအနေနဲ့ ဆက်ပံ့ပိုးကူညီဖို့ မျှော်လင့်တယ်လို့ ဦးသန်းရွှေကပြောပါတယ်။
နအဖ အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ် ၁၄ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးချိန် ဦးသန်းရွှေက အခုလို ပြောခဲ့တာလို့ တရုတ်နိုင်ငံဘက်က သတင်းထုတ်ပြန်ပါတယ်။
ဝမ်ယိကလည်း မြန်မာနိုင်ငံအပေါ် ပြည်ပအင်အားစုတွေက ဝင်ရောက်စွက်ဖက်တာကို အခိုင်အမာ ဆန့်ကျင်သလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးတဲ့ ပြောဆိုပြုမူတာတွေကိုအခိုင်အမာ ဆန့်ကျင်တယ်လို့လည်း ပြန်ဆွေးနွေးခဲ့တယ်လို့ ဆိုပါ တယ်။
မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ကဏ္ဍစုံ ပံ့ပိုးကူညီတာတွေကို ကျေးဇူးတင်တဲ့အကြောင်း၊ ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းနိုင်ငံဖြစ်သလို အစဉ်အမြဲ ချစ်ကြည်ရင်းနှီးစွာ အတူနေထိုင်ကြတာကလည်း ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တဲ့အကြောင်း ဦးသန်းရွှေကပြောခဲ့တယ်လို့ လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဦးသန်းရွှေနဲ့ မစ္စတာ ဝမ်ယိတို့ တွေ့ ဆုံမှုကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ခြံအမှတ် ၅၄ ဒုတိယအကြိမ်လေလံတင်မှု - သြဂုတ်လ ၁၅ ရက်မနက်မြင်ကွင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ဖြစ်တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ် ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ အရှေ့ မြင်ကွင်းတွေဖြစ်ပါတယ်။
ဒီနေ့မှာ ခြံအမှတ် ၅၄ ကို ဒုတိယအကြိမ် လေလံတင်ရောင်းချမှာဖြစ်ပါတယ်။
လေလံစျေး စတင်ကြေညာတာကိုတော့ မြန်မာစံတော်ချိန် ၁၀ နာရီမှာ စတင်မှာဖြစ်ပါတယ်။

ခြံအမှတ် ၅၄ အကြောင်း သိသင့်သမျှ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ခြံအမှတ် ၅၄ မှာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မြင်တွေ့ရတဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ ဟာ အမေရိကန်သမ္မတ အိုဘားမား၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ တောင်အာဖရိက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးတို့လို ကမ္ဘ့ာခေါင်ဆောင်တွေနဲ့ နယ်ပယ်အသီးအသီးက သြဇာတိက္ကမ ရှိသူတွေကို ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးရဲ့ ခေတ္တအကျဉ်းထောင်၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည် ခေါင်းချခဲ့တဲ့နေရာ၊ ကမ္ဘာကျော် ပုဂ္ဂိလ်တွေ လာရောက်လည်ပတ်ခဲ့တဲ့နေအိမ် စတဲ့ သမိုင်းတန်ဖိုးပေါင်းများစွာ ရှိတဲ့ ခြံနံပါတ် ၅၄ ဟာ ဒေါ်လာသန်းချီတန်တဲ့ အမွေဆိုင်ပစ္စည်းလည်း ဖြစ်လာပါတယ်။
အခုတော့ ဒီခြံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အမွေပိုင်ဆိုင်မှုအမှုမှာ လေလံတင်ရောင်းချဖို့ အထိဖြစ်လာပါတယ်။
အပြည့်အစုံကို ခြံနံပါတ် ၅၄ - သမိုင်းကို လေလံပစ်ခြင်းဘီဘီစီ အထူးဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ခြံအမှတ် ၅၄ - အမွေဆိုင်ကို လေလံပစ်ဖို့ ဦးအောင်ဆန်းဦး ဘာကြောင့်ကြိုးပမ်းတာလဲ

ဓာတ်ပုံ ပုံစာ, အမွေဆိုင်အိမ်နဲ့ခြံအမှုနဲ့ပတ်သက်ပြီး ဘီဘီစီက ဦးအောင်ဆန်းဦးကို ၂၀၀၈ ခုနှစ်မှာ ပုဂံမှာရှိတဲ့ သူ့နေအိမ်မှာ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ် ဦးအောင်ဆန်းဦးဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်တို့ရဲ့ သားကြီး ဖြစ်ပြီး ၁၉၄၃ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
သူဟာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တဦးတည်းသော မောင်နှမ သားချင်း ဖြစ်ပါတယ်။
ဦးအောင်ဆန်းဦးဟာ အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။
ခြံအမှတ် ၅၄ အမွေဆိုင်အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊ ပုဂံမြို့ဟောင်းက နေအိမ်မှာ နေထိုင်နေတဲ့ ဦးအောင်ဆန်းဦးကို ၂၀၁၈ ခုနှစ်မှာ ဘီဘီစီမြန်မာပိုင်းက သွားရောက်မေးမြန်းခဲ့တဲ့ အင်တာဗျူးကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ခြံအမှတ် ၅၄ ဒုတိယအကြိမ် လေလံ ဒီနေ့တင်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ မောင်နှမနှစ်ယောက် အမွေဆိုင်အိမ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်ဖြစ်တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ ရဲ့ ဒုတိယအကြိမ် လေလံကို ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ တင်ဖို့ရှိတယ်လို့ သိရပါတယ်။
လေလံစတင်ချိန်က မနက် ၁၀ နာရီလို့ သိရပါတယ်။
ဒုတိယအကြိမ် လေလံတင်တာကိုတော့ သြဂုတ်လ ၁၅ ရက် ဒီနေ့မှာလုပ်ဖို့ ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးပတ်မှာ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
ဒီတခါ ကြမ်းခင်းဈေးကတော့ ငွေကျပ် ဘီလီယံ ၃၀၀ ဖြစ်ပါတယ်။
ပထမအကြိမ်လေလံခေါ်ခဲ့ချိန်မှာ ကြမ်းခင်းစျေးကို ငွေကျပ် ၃၁၅ ဘီလျံ သတ်မှတ်ခဲ့ပြီး လေလံဆွဲသူမရှိတာကြောင့် ဦးအောင်ဆန်းဦးဘက်က ငွေကျပ် ၂၈၅ ဘီလျံကို လျှော့ချသတ်မှတ်ပေးဖို့ ရှေ့နေကနေတဆင့် တရားရုံးကို တင်ပြခဲ့တာပါ။
တရားရုံးက နှစ်ဖက်ရှေ့နေတွေနဲ့ အပြန်အလှန်ကြားနာပြီးနောက်မှာတော့ ငွေကျပ် ဘီလျံ ၃၀၀ ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဒီနေ့ လုပ်မယ့် ခြံအမှတ် ၅၄ ရဲ့ ဒုတိယအကြိမ် လေလံရဲ့ နောက်ဆက်တွဲ သိရတဲ့ သတင်းကိုလည်း ဘီဘီစီအနေနဲ့ ထပ်ဖော်ပြပေးသွားပါမယ်။
