နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်းပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကျားဖြန့်နှိမ်နင်းရေးကို ဦးဆောင်လုပ်နေတဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက လက်ထောက်ဝန်ကြီးဟာ ထိုင်းကနေတဆင့် မြန်မာဘက်ခြမ်းကို ကူးပြီး KK Park ကို သွားကြည့်တဲ့သတင်းအပါအဝင် ဒီဇင်ဘာ ၁၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်းပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

မနက်ခင်း မိုးဖွဲဖွဲအပြီးမှာ ထွက်လာတဲ့မြေသင်းနံ့သင်းသင်းကို ရှုမိတိုင်း ပေါင်ပေါင်းတစ်ယောက် ရင်တထိတ်ထိတ် ဖြစ်နေရတုန်းပါပဲ။
ဒီအနံ့က သော့ခတ်ထားတဲ့ဂိတ်တွေရဲ့နောက်မှာ စစ်ရေးပြလေ့ကျင့်ခဲ့ရတဲ့နေ့တွေဆီ သူ့ကို ပြန်ခေါ်ဆောင်သွားတတ်တာကြောင့်ပါ။ ဒီအနံ့ကပဲ သူ တစ်နေ့မပြတ် ကြောက်လန့်ခဲ့ရတဲ့ လီကျောင်း အဆင့်မြင့်ပညာရေးကျောင်း တက်ခဲ့ရတဲ့ နေ့တွေကို ပြန်အမှတ်ရစေပါတယ်။
အသက် ၁၄ နှစ်သာရှိသေးတဲ့အရွယ်မှာ သူဟာ တရုတ်ကျေးလက်ဒေသဘက်က အနီနဲ့ အဖြူရောင်ဆေးသုတ်ထားတဲ့ အဆောက်အဦ တစ်ခုထဲကနေ ၆ လလုံး အပြင်မထွက်ရသလောက် နေခဲ့ရပါတယ်။
အဲဒီကျောင်းမှာ မိဘတွေ မနိုင်လို့၊ အိမ်မှာ ကလန်ကဆန်ပြုမူလို့ မကောင်းကျောင်းဖို့ ခံရတဲ့ ကလေးတွေဟာ ''တည့်မတ်ပေးတယ်'' ဆိုတဲ့ခေါင်းစဉ်အောက်ကနေ သင်တန်းနည်းပြဆရာတွေနဲ့ကြုံရပါတယ်။
စည်းကမ်းမလိုက်နာနိုင်တဲ့ ကလေးတွေဆိုရင် ဆိုးဆိုးရွားရွားရိုက်နှက်ခံရပြီး ရက်အတော်ကြာ ကျောချမအိပ်နိုင်တာ ဒါမှမဟုတ် မထိုင်နိုင်တဲ့အထိ ဖြစ်ရတယ်လို့ သူကပြောပါတယ်။
"စက္ကန့်တိုင်းက ဝဋ်ကြွေး ခံနေရသလိုပဲ" လို့ အခုချိန်မှာ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ပေါင်ပေါင်းက ပြောပါတယ်။ တုံ့ပြန်ခံရမှာစိုးတဲ့စိုးရိမ်ချက်ကြောင့် ပေါင်ပေါင်းရဲ့ နာမည်ကို နာမည်အရင်းမသုံးထားပါဘူး။
သူကိုယ်တိုင်လည်း သေကြောင်းကြံဖို့အထိ တွေးခဲ့သလို တခြားကျောင်းသားတွေလည်း အဲဒီလိုကြံခဲ့ကြတယ်လို့ သူက ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တာ့ခ်ခရိုင်ပြန်ကြားရေး
ကရင်ပြည်နယ် ကျားဖြန့်လုပ်ငန်းတွေကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ခေါ်ပေးဖို့ စစ်တပ်က တရုတ်ကိုယ်စားလှယ်ကို တောင်းဆိုခဲ့တယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF)ဘက်ကနေ သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက်က မြန်မာဘက်က မြဝတီမှာ ပြုလုပ်တဲ့ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ၃ နိုင်ငံ ဆွေးနွေးပွဲမှာ စစ်တပ်ဘက်က ပြောခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ကျားဖြန့်တိုက်ဖျက်ရေးမှာ အဓိကတာဝန်ယူထားတဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး လျိုကျုံးရီကလည်း တရုတ်နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ BGF ဘက်ကနေ သိရပါတယ်။
ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတစ်ဦးအတွက် တစ်ရက်စားစရိတ် ၁၅,၀၀၀ ကျပ်နှုန်းကုန်ကျပြီး စစ်တပ်က ကုန်ကျစရိတ် ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော် သုံးစွဲကုန်ကျခဲ့တယ်လို့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ နိုင်ငံက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားပြီး ထိန်းသိမ်းထားရတာ တာဝန်ကြီးလေးပါတယ်။ ကျန်ရှိနေသေးသူတွေကို သက်ဆိုင်ရာနိုင်ငံများအနေနဲ့ မိမိနိုင်ငံသားကို အမြန်ဆုံးလာရောက်ခေါ်ဆောင်ပေးကြဖို့ကိုလည်း ပြောကြားလိုပါတယ်” လို့ စစ်ကော်မရှင်ပြောခွင့်ရက ပြောထားတာပါ။
စစ်ကော်မရှင်ရဲ့ အချက်အလက်အရ မြဝတီနယ်ထဲက ကျားဖြန့်ဆိုက်တွေကနေ ဒီနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ ဒီဇင်ဘာ ၁၃ ရက်အထိ နိုင်ငံခြားသား ၁၃,၂၇၂ ဦးကို ရှာဖွေထိန်းသိမ်းထားနိုင်ပြီး ၁၁၆၁၇ ဦးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးဆီ ပြန်လွှဲအပ်ခဲ့ပြီ ဖြစ်ပါတယ်။
အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်ကြပါတယ်။
ကျားဖြန့်နှိမ်နင်းရေးလုပ်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကနေ နိုင်ငံခြားသား ၇၀၁၉၆ ဦးကို စိစစ်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီဖြစ်တယ်လို့လည်း စစ်ကော်မရှင်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြစတြေးလျက ဘွန်ဒီ ကမ်းခြေ ပစ်ခတ်မှုမှာပါဝင်တဲ့သေနတ်သမား သားအဖ ၂ ဦးဟာ အစ္စလာမစ်နိုင်ငံတော်အဖွဲ့(IS)နဲ့ ဆက်နွှယ်မှုရှိသူတွေလို့ သတင်းတွေမှာဖော်ပြလာပါတယ်။
ကမ်းခြေ ပစ်ခတ်မှုမှာ သေနတ်သမား သားအဖ နှစ်ဦးရဲ့ နာမည်တွေကိုလည်း သတင်းတွေမှာ ဖော်ပြလာပါတယ်။ အဖေဖြစ်သူက အသက် ၅၀ အရွယ် ဆာဂျစ် အခရမ်ဖြစ်ပြီး သားဖြစ်သူက ၂၄ နှစ်အရွယ် နာဗီး အခရမ်ဖြစ်တယ်လို့ ဆိုပါတယ်။
သားဖြစ်သူ နာဗီး အခရမ်ဟာ ဆစ်ဒနီအခြေစိုက် အိုင်အက်စ်အဖွဲ့ရဲ့ ကလာပ်စည်း တစ်ခုနဲ့ နီးနီးစပ်စပ် ဆက်နွှယ်တာကြောင့် စုံစမ်းစစ်ဆေးခံခဲ့ရဖူးတယ်လို့ အေဘီစီသတင်းဌာနက သတင်းဖော်ပြပါတယ်။
သြစတြေးလျဝန်ကြီးချုပ်ကလည်း နာဗီး အခရမ်ဟာ ၂၀၁၉ ခုနှစ်တုန်းက ရဲရဲ့အာစုံစိုက်မှုခံခဲ့ရဖူးပေမဲ့ အကြမ်းဖက်မှု တစ်ခုခုလုပ်ဖို့ အန္တရာယ်ရှိတဲ့အရိပ်အယောင် မမြင်ခဲ့ရဘူးလို့ ဆန်းစစ်တာခံခဲ့ရတယ်လို့ ဆိုပြီး ပြောပါတယ်။
သြစတြေးလျ အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ကတော့ ဒီသားအဖ နှစ်ယောက်စလုံးဟာ အကြမ်းဖက်အဖွဲ့ အိုင်အက်စ်ကို သစ္စာခံကြသူတွေလို့ ယူဆနေတဲ့အကြောင်း အေဘီစီ သတင်းမှာဖော်ပြပါတယ်။
နောက်ပြီး သေနတ်သမား သားအဖနှစ်ယောက်ဟာ ဘွန်ဒီကမ်းခြေကို သွားလို့ လာလို့လွယ်အောင် နာရီဝက်လောက်ပဲဝေးတဲ့နေရာမှာ ယာယီအိမ်ငှားခဲ့တယ်လို့ ရဲက ယူဆနေပါတယ်။
ရဲက အဲဒီအိမ်ကိုလည်း စီးနင်းရှာဖွေတာ လုပ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
မြန်မာက လက်ရှိပဋိက္ခအခြေအနေနဲ့ ဒီလကုန်ပိုင်းမှာ ပြုလုပ်တော့မယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲ အလွန်ကာလ အလားအလာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းမှာ ပြုလုပ်ပါတယ်။
ဆန္ဒမဲကနေ သေနတ်ကျည်မဖြစ်ရေး(From Ballots to Bullets) လို့နာမည်ပေးထားတဲ့ ဆွေးနွေးပွဲကို သပိတ်အင်အားစုတွေဘက်က ပြုလုပ်တာဖြစ်ပါတယ်။
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ကိုဘုန်းသစ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS က မနှင်းနှင်းမွှေး၊ အသံတိတ်သပိတ်လုပ်ဖို့ မန္တလေးမြို့ပေါ်တက် နှိုးဆော်လို့ စစ်တပ်က အမှုဖွင့်ထားတဲ့ ကိုခန့်ဝေဖြိုးနဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူ မအေးမြင့်အောင်အောင်တို့က ဆွေးနွေးခဲ့ကြတာပါ။
ကိုခန့်ဝေဖြိုးနဲ့ မအေးမြင့်အောင်အောင်တို့က ဆွေးနွေးပွဲကို ပြည်တွင်းကနေ အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
“နိုင်ငံတကာက ကျွန်တော်တို့ နိုင်ငံကို ဘယ်လိုမြင်လဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ဒီရွေးကောက်ပွဲက ထွက်ပေါက်လား ထောင်ချောက်လားဆိုတာ ကွဲကွဲပြားပြားရှင်းလင်းသွားမှာဖြစ်တယ်။ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ နိုင်ငံအတွက် မျှော်လင့်စရာ အခွင့်အလမ်းမဟုတ်ဘူး။ ရွေးကောက်ပွဲဟာ ထောင်ခြောက်ဖြစ်ပါတယ်လို့ ဘာကြောင့်ပြောတာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကသွားတဲ့ နိုင်ငံရေးဖြစ်စဥ်ဖြစ်လို့ ပြောနေရတာ” လို့ GSCB က ကိုဘုန်းသစ်က ပြောပါတယ်။
ရွေးကောက်ပွဲအပြီးမှာ တိုင်းရင်းသားအရေးနဲ့ ဖက်ဒရယ်စနစ်ကို သွားဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ပေးထားချက်မရှိဘူးလို့ သူက ထောက်ပြပါတယ်။
နိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာပြီး လူထုလှုပ်ရှားမှုဖြစ်တဲ့ ဒီမိုကရက်တစ်သဘာဝကျဆင်းလာတာကို ပြန်လည်ထိန်းညှိဖို့ လိုတယ်လို့လည်း ဖြည့်စွက်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) က ဒေါ်နှင်းနှင်းမွှေးကတော့ ''ဒီရွေးကောက်ပွဲတွေက လူထုကို ကိုယ်စားမပြုတာ သေချာကြည့်ရင်သိနိုင်ပါတယ်။ သူတို့ ရုံးစိုက်ထားနိုင်တဲ့မြို့နယ်တွေကို ခရိုင်ခွဲပြီး စာရင်းသွင်းထားတာဖြစ်ပါတယ်။ သူတို့နဲ့ နီးစပ်တဲ့ပါတီတွေမှာ ယူနီဖောင်းလဲပြီး ထည့်ထားပြီးဖြစ်ပါတယ်” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်တဲ့ စနစ်အပေါ်မှာလည်း ရှုပ်ထွေးအောင်ပြုလုပ်ထားတယ်လို့ သူက ဖြည့်စွက်ပါတယ်။
ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့သူတွေက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ရှုမြင်ပုံဟာ အရေးပါတဲ့ ကဏ္ဍ တစ်ခုက ပါဝင်နေတယ်ဆိုတာ ထောက်ပြထားကြပါတယ်။
စစ်တပ်ပြုလုပ်မယ့်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေဘက်က အတုအယောင် ရွေးကောက်ပွဲ၊ ထောင်ချောက်လို့ သတ်မှတ်ပြီး လွတ်လပ်ကာ တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောထားကြပါတယ်။
မြန်မာစစ်ကော်မရှင်ကတော့ မြန်မာလူထု မဲပေးနိုင်ဖို့ အဓိကဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင်၊ ပြုလုပ်နေတဲ့ကာလနဲ့ ရွေးကောက်ပွဲအလွန် ကာလသုံးရပ်ဖို့ ကြည့်ပြီးမှ တရားမျှတမှု ရှိ မရှိကို သုံးသပ်ဖို့ ပြောသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော်(AA) တို့ကို အကြမ်းဖက်အဖွဲ့တွေလို့ စစ်ခေါင်းဆောင်က ပြောပြီး ဒီမြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကြောင့် ပြည်သူတွေရဲ့လူမှုစီးပွားအခြေအနေ ပိုဆိုးရွားရတာလို့ ပြောလာပါတယ်။
ဒီနေ့ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက်မှာ ဒီအဖွဲ့တွေရဲ့ ၂၀၂၃ အောက်တိုဘာလက လုပ်ဆောင်ချက်တွေလို့ ပြောထားပြီး ဒီကာလဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ကာလဖြစ်ပါတယ်။
မြောက်ပိုင်းက ဒီစစ်ဆင်ရေးမှာ စစ်တပ်ရဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လို စစ်တိုင်းတစ်ခုပါ ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့တာပါ။
“အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးကို အကြောင်းပြပြီး လွှဲမှားတဲ့အယူအဆတွေနဲ့ အကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်နေတာဖြစ်တယ်” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီး အပတ်စဉ် လူငယ်ထောင်ချီကို အင်အားစုဆောင်းနေတဲ့ စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက လူငယ်တွေကို မူးယစ်ဆေးနဲ့ သိမ်းသွင်းပြီး စစ်ပွဲအတွင်း ရောက်လာစေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
“လက်နက်ကိုင်နည်းနဲ့ မိမိတို့ လိုလားချက်ကိုတောင်းဆိုလို့မရဘဲ နိုင်ငံရေးစကားဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းမှ ပဋိပက္ခပြေစေမှာဖြစ်တယ်” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
တရုတ်ကြားဝင်မှုနဲ့ MNDAA၊ TNLA တို့နဲ့ အပစ်ရပ်ပြီး အရေးကြီးနယ်မြေတွေပြန်ရထားတဲ့ စစ်တပ်ဟာ ရခိုင်ပြည်နယ်က မြို့နယ်အများစုကိုသိမ်းထားတဲ့ အာရက္ခတပ်တော် အေအေနဲ့ တိုက်ပွဲဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်ထဲက မြို့နယ် ၄ မြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ရက်ဆက်ပြုလုပ်ခဲ့ပြီး အေအေရဲ့စာရင်းအရ အရပ်သား ၄၁ ဦး သေဆုံးပြီး ၉၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက အာရက္ခတပ်တော်(AA)ရဲ့ နယ်စပ် လုံခြုံရေးစခန်းကို အာရကန်ရိုဟင်ဂျာကယ်တင်ခြင်းတပ်(အာဆာ)အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့တယ်လို့ အေအေက သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ မောင်တောမြို့နယ်က အထက်ကျီးကျွန်းမှာရှိတဲ့ နယ်စပ်လုံခြုံရေးစခန်းကို အာဆာအဖွဲ့က ဒီဇင်ဘာ ၁၃ ရက်မှာ တိုက်ခိုက်ခဲ့တာလို့ အေအေက ပြောပါတယ်။
အာဆာ တပ်ဖွဲ့ဝင် အင်အား ၁၀ ဦး ဝန်းကျင်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ဝင်လာပြီး အလစ်ဝင်တိုက်ခဲ့တာလို့လည်း အေအေက ဒီဇင်ဘာ ၁၅ ရက် သူတို့ထုတ်ပြန်ချက်မှာ စွပ်စွဲပြောဆိုပါတယ်။
အေအေအပြောအရ နယ်စပ်ဖြတ်ဝင်လာတဲ့ အာဆာအဖွဲ့ကို ပြန်လည်ပစ်ခတ်ချိန်မှာ အဲဒီအဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) စခန်းတစ်ခုအနီးကို ဆုတ်ခွာသွားတယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ARSA ဘက်ကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
ARSA၊ RSO လက်နက်ကိုင်တပ်တွေဟာ ရခိုင်ဘက်က အရပ်သားတွေကို ခြုံခိုတိုက်တာ၊ သတ်ဖြတ်တာ၊ ပြန်ပေးဆွဲငွေညှစ်တာလုပ်နေတယ်လို့အေအေဘက်က စွပ်စွဲထားပါတယ်။
ဒီလုပ်ရပ်တွေကို သိပေမဲ့ BGB တပ်မှူးတချို့က မျက်ကွယ်ပြုပေးထားတာကြောင့် နယ်စပ်တည်ငြိမ် ရေးအတွက် အနှောင့်အယှက်ဖြစ်နေရတယ်လို့အေအေက ပြောပါတယ်။
အာရက္ခတပ်တော် (အေအေ) ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်က မြို့နယ်တွေအပါအဝင် ရခိုင်ပြည် နယ်ထဲက မြို့နယ်အများစုကို သိမ်းထားတာဖြစ်ပါတယ်။
မောင်တောမြို့နယ်အတွင်း ARSA အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ မောင်တောဒေသခံ မွတ်ဆလင်တွေရဲ့အကူအညီတွေနဲ့ စိမ့်ဝင်ကာ ပိုကျယ်ပြန့်လာတယ်လို့ အေအေက အောက်တိုဘာမှာ ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဘက်ကတော့ အာဆာအဖွဲ့နဲ့ RSO အဖွဲ့တွေကို နယ်စပ်မှာ လှုပ်ရှားခွင့်ပေးပြီး ထောက်ပံ့တယ်လို့ဆိုတဲ့ အေအေရဲ့ပြောဆိုချက်တွေကို အစောပိုင်းလတွေမှာ လူသိရှင်ကြား ငြင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က ဘွန်ဒီကမ်းခြေမှာ လူ ဒါဇင်ကျော်သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုအပြီးမှာ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေနဲ့ပတ်သက်ပြီး တင်းကျပ်စိစစ်ဖို့ လုပ်ဆောင်မယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီ က ပြောလိုက်ပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့ရတဲ့အတွက် နိုင်ငံရဲ့ အမှောင်မိုက်ဆုံးနေ့ရက်လို့ပြောပြီး သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်တွေကို အမြဲတမ်းအတွက်သတ်မှတ်ပေးထားတာကို ပြင်ရမယ်လို့ သူက ပြောလိုက်ပါတယ်။
"လူတွေရဲ့အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်။ အချိန်အတိုင်းအတာတစ်ခုမှာ အစွန်းရောက်သွားနိုင်တယ်။ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်တွေကို အမြဲတမ်းအတွက်ပေးထားတာက မဖြစ်သင့်ဘူး။"
လက်ရှိမှာတော့ သေနတ်သမားနှစ်ဦးဖြစ်တဲ့ သားအဖနှစ်ဦးအကြောင်း အာဏာပိုင်တွေက ပိုပြီးသတင်းထုတ်ပြန်လာပြီဖြစ်ပါတယ်။
သားဖြစ်သူက သြစတြေးလျဖွား ဖြစ်ပြီး ဖခင်က ၁၉၉၈ ခုနှစ်မှာ ကျောင်းသားဗီဇာနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်မှာ ပါတနာဗီဇာကို လွှဲပြောင်းခဲ့ပြီး နောက်ပိုင်းမှာ အမြဲတမ်းနေထိုင်ခွင့်ဗီဇာ ရရှိခဲ့သူလို့ ပြည်ထဲရေးဝန်ကြီး Tony Burke က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်နေချိန် ပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲနဲ့ဆက်နွှယ်ပြီး လုံခြုံရေးအတွက် စိုးရိမ်သောက ပိုကြီးလာသူတွေ ရှိနေပါတယ်။
ရွေးကောက်ပွဲဖြစ်မြောက်ချင်တဲ့စစ်တပ်က ရွေးကောက်ပွဲအကာကွယ်ပေးရေးဥပဒေနဲ့ လူရာကျော်ကို အမှုဖွင့်အရေးယူထားပါတယ်။ အဲဒီဥပဒေပါ ပုဒ်မတွေရဲ့အမြင့်ဆုံးပြစ်ဒဏ်တွေကို လည်း ခပ်မြန်မြန်ချမှတ်နေပါတယ်။
တော်လှန်ရေးဘက်ကလည်း ရွေးကောက်ပွဲဖြစ်မြောက်ရေးမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ့် ဥပဒေတစ်ရပ်ကို မကြာခင်ကပဲ ထုတ်ပါတယ်။
မဲရုံတာဝန်ကျမယ့် ပညာရေးဝန်ထမ်းအချို့ကတော့ ဒီလိုအခြေအနေတွေကြောင့် အခုကာလမှာ သူတို့ရဲ့ ပူပန်မှု အမြင့်ဆုံးလို့ ဆိုကြပါတယ်။
"ကျွန်မတစ်ယောက်တည်း စိတ်ပူနေတာမဟုတ်ဘူး။ ကျောင်းက ဆရာမတိုင်း စိတ်သောကရောက်နေတာ" လို့ မွန်ပြည်နယ်က မဲရုံတာဝန်ကျမယ့် ဆရာမ ဒေါ်စံပယ်က ပြောပါတယ်။
ဘီဘီစီက စကားပြောခဲ့သူတွေရဲ့တုံ့ပြန်ချက်အရ ဒီလိုသောကနဲ့ ဖိအားတွေဟာ မဲရုံစောင့်မယ့်သူတွေတင်မကပါဘူး။ မဲဆန္ဒရှင်အချို့အပေါ်မှာပါ သက်ရောက်နေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီး လျိုကျုံးရိဟာ ဒီဇင်ဘာ ၁၅ ရက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကျားဖြန့်ဆိုက်တွေရှိရာ KK Park ကို ရောက်နေတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။
ဒီမနက်ပိုင်းမှာ BGF တာဝန်ရှိသူတွေက တရုတ်ကိုယ်စားလှယ်ကို KK park အတွင်းက စစ်တပ်နဲ့ BGF ပူးပေါင်းပြီး မိုင်းခွဲဖျက်ဆီးထားတဲ့အဆောက်အဦတွေကို လိုက်လံပြသနေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ကတော့ KK Park မှာ တရားမဝင်ဆောက်လုပ်ထားတဲ့အဆောက်အဦ ၁၀၀ ကျော်ရှိပြီး အဲဒီ အဆောက်အဦတွေကို ချိပ်ပိတ်ကာ အချို့ကို မိုင်းခွဲဖြိုချနေပါတယ်။
တရုတ်လက်ထောက်ဝန်ကြီး လျိုကျုံးရိဟာ တရုတ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံပူးပေါင်းကျားဖြန့်တိုက်ဖျက်ရေးဆွေးနွေးပွဲအတွက် ထိုင်းကိုရောက်နေတာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို မြန်မာလည်းတက်ဖို့ရှိတဲ့အကြောင်း စစ်ကော်မရှင် ရဲချုပ်က မနေ့က ရန်ကုန်မှာပြုလုပ်တဲ့ ကျားဖြန့်နှိမ်နင်းရေး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီးဟာ ဒီဇင်ဘာ ၁၂ ရက်မှာ နေပြည်တော်ကိုရောက်လာပြီး စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မြဝတီဒေသက ကျားဖြန့်တိုက်ဖျက်ရေးတွေနဲ့ ပတ်သက်လို့ တရုတ်-မြန်မာ နှစ်နိုင်ငံအပြင် ဒေသတွင်းနိုင်ငံတွေပဲ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြဖို့ ဆွေးနွေးကြတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ကျားဖြန့်အကြောင်းပြပြီး ပြည်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်တာကို လက်မခံဖို့လည်း ဆွေးနွေး ကြတယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
လျိုကျုံးရိဟာ ဒီဇင်ဘာ ၁၄ ရက်ညနေမှာ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းကို လာရောက်ခဲ့ပြီး ထိုင်း အာဏာပိုင်တွေနဲ့ တွေ့ဆုံကာ ဒီနေ့မနက်ပိုင်းမှာ မြဝတီမြို့နယ်ထဲက ကျားဖြန့်ဆိုက်တွေဘက်ကို သွားရောက်တာဖြစ်ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလတုန်းကလည်း တရုတ်ပြည်သူ့လုံခြုံရေးလက်ထောက်ဝန်ကြီးဟာ ထိုင်းနဲ့မြန်မာနယ်စပ်ကို လာခဲ့ပြီး ကျားဖြန့်စစ်ဆင်ရေး အခြေအနေတွေကို လာရောက်ကြည့်ရှုခဲ့ပါတယ်။
မြန်မာက ကျားဖြန့်တိုက်ဖျက်ရေးအတွက် အမေရိကန်က ပါဝင်လာတဲ့နောက်ပိုင်းမှာ တရုတ်က ဒေသတွင်းနိုင်ငံတွေသာ ပူးပေါင်းလုပ်ဆောင်ဖို့ ဆိုလာတာ ဖြစ်ပါတယ်။
အမေရိကန်က အထူးအဖွဲ့နဲ့ ကျားဖြန့်တိုက်ဖျက်ရာမှာ နောက်ကွယ်ကပါဝင်ပတ်သက်တဲ့ တရုတ် အရာရှိတွေကို ဖော်ထုတ်သွားမယ်လို့ ပြောထားသလို ကျားဖြန့်လက်ခံထားတဲ့ နိုင်ငံအစိုးရတွေကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ဖိအားပေးသွားမယ်လို့ ဆိုထားပါတယ်။
KK Park ကို ရောက်နေတဲ့တရုတ်လက်ထောက်ဝန်ကြီးရဲ့ ဌာန ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာ ရှမ်းမြောက်၊ ကိုးကန့်ဒေသက ကျားဖြန့်နှိမ်နင်းရေးတွေအပါအဝင် ကျားဖြန့်နဲ့ဆက်နွှယ်တဲ့ တရားခံတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာ၊ နေရပ်ပြန်ခေါ်တာတွေကို လုပ်နေတဲ့ဌာနဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြစတြေးလျ၊ ဆစ်ဒနီမြို့ က ဘွန်ဒိုင်ကမ်းခြေမှာ သေနတ်သမား ၂ ဦးရဲ့ မနေ့က ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ် အရွယ် မိန်းကလေးတစ်ဦး အပါအဝင် ၁၆ ဦးသေဆုံးတယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ထားရသူ ၄၀ ဦးအထိရှိနေပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၀ နှစ်ကနေ ၈၇ နှစ်အထိရှိတဲ့ ကမ်းခြေလာရောက်သူ ကလေး၊ လူကြီး အပါအဝင် အရွယ်စုံ ထိခိုက်သေဆုံးခဲ့တာလို့ဆိုပါတယ်။
ဒီဖြစ်စဥ်မှာ သေဆုံးခဲ့ရတဲ့ အသက် ၄၁ နှစ်အရွယ် ဗြိတိန်နိုင်ငံဖွား ဂျူးဘာသာရေးဆရာ ရာဘိုင်က သားသမီး ၅ ဦးရဲ့ ဖခင်ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာကမှ သား တစ်ဦး ထပ်မွေးထားသူဖြစ်ပါတယ်။
သူ့ဝမ်းကွဲညီအစ်ကို လူဝစ်က”တက်ကြွပြီး စွမ်းအင်အပြည့်နဲ့ လူတွေကို နွေးနွေးထွေးထွေး အမြဲကူညီတတ်တဲ့လူပါဗျာ”လို့ ဘီဘီစီကို ရက်ဘီအကြောင်းပြောပြပါတယ်။
နောက်ထပ်မျက်မြင်တစ်ဦးဖြစ်တဲ့ မာကို့ကာဗယ်လ်ဟိုက ပထမတော့ မီးရှူးမီးပန်းဖောက်တယ်လို့ ထင်ခဲ့ပြီး ပစ်ခတ်မှုဖြစ်မှန်းသိတဲ့အချိန်မှာ သူနဲ့ တခြားခရီးသွားတချို့ဟာ ရေခဲမုန့်ကားအနောက်မှာ ပုန်းခိုနေခဲ့ရတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။
“မြောက်ဘက်က တောင်ကုန်းရှိတဲ့ဘက်ခြမ်းကို အသက်လုပြေးခဲ့ရတယ်။ ဒီလိုပစ်ခတ်မှုမျိုး ဘွန်ဒီမှာဖြစ်လာမယ်လို့ လုံးဝမတွေးကြည့်ဖူးဘူး” လို့ သူက ပြောပါတယ်။
ဆစ်ဒနီမှာရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းကတော့ ဘာသာရေးနဲ့ဆက်နွှယ်ဖြစ်ပျက်ခဲ့တာကြောင့် ဘာသာရေးအခြေခံရေးတဲ့ ဆိုရှယ်ပို့စ်တွေကို မရေးသားကြဖို့ မရှယ်ကြဖို့ တိုက်တွန်းသတိပေးနေကြပါတယ်။
'' မြန်မာအသိုင်းအဝိုင်းထဲမှာလည်း ဘာသာပေါင်းစုံရှိတော့ ဘာသာရေးကို ဇောင်းပေးရေးထားတဲ့ Public post တွေကို ဆိုရှယ်မီဒီယာတွေမှာ မရှယ်ကြဖို့ ကျွန်မတို့အချင်းချင်းသတိပေးနေကြပါတယ်။ အပြင်ထွက်တာတွေ လူစုလူဝေးတွေရှောင်ဖို့လည်း သတိပေးထားကြတယ်။ ဒီဖြစ်စဥ်ကြောင့် ခရစ္စမတ်နဲ့ နယူးရီးယားမှာတော့ ပိုသတိထားဖြစ်ကြမယ်ထင်ပါတယ်'' လို့ ဆစ်ဒနီက မမေစည်သူအောင်က ပြောပါတယ်။
သေနတ်သမား ၂ ဦးဟာ သားအဖတွေဖြစ်ပြီး အသက် ၅၀ အရွယ်ဖခင်ဖြစ်သူကတော့ ပစ်ခတ်မှု လုပ်ခဲ့တဲ့ နေရာမှာပဲ သေဆုံးသွားပြီဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် သားဖြစ်သူ သေနတ်သမားကတော့ အရေးပေါ်အခြေအနေနဲ့ ဆေးရုံတင်ထားရတာပါ။
ဒီပစ်ခတ်မှုဟာ ဂျူးအသိုင်းအဝိုင်းရဲ့ အခါကြီး ရက်ကြီးဖြစ်တဲ့ ဟာနုကာ ပွဲတော်ရက်ကို ဦးတည်တိုက်ခိုက်ပြီး လုပ်ဆောင်တာလို့ ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။
မင်္ဂလာပါ။ ဒီဇင်ဘာ ၁၅ ရက်ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။