ဇွန်လ ၁၁ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့က မြန်မာက ပဋိပက္ခတွေကြောင့် အရပ်သားတွေမှာ လူသားစာနာထောက်ထားမှုအကူအညီလိုအပ်နေကြောင်း ကုလမှာဆွေးနွေးတဲ့သတင်းအပါအဝင် ဇွန် ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဇွန်လ ၁၁ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရှမ်းတောင်ပိုင်း စစ်နည်းဗျူဟာ အမှတ် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်းက ညောင်ရွှေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေသလို ရှမ်း-ကယားနယ်စပ်က မိုးဗြဲမြို့ပေါ်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ PDF တပ်ရင်းတွေဆီက သိရပါတယ်။
“ဒီနေ့ညနေအထိကို မိုးဗြဲမြို့ထဲမှာ တိုက်ပွဲပြင်းထန်နေတယ်။ စစ်တပ်ရဲ့ ၄၂၂၂ တပ်နဲ့နီးတဲ့ မိုးဗြဲမြို့ပေါ်ရပ်ကွက် တွေမှာ ပိုပြီးတိုက်ပွဲဖြစ်တယ်။ မြို့ပေါ်ရဲ့ အပြောင်းအလဲက မြန်တယ်၊ သူ့ဘက်သိမ်းလိုက်ကိုယ့်ဘက်သိမ်း လိုက်ပဲ” လို့ မိုးဗြဲမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ၁၀၀၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ညောင်ရွှေနဲ့ ဖယ်ခုံအစပ်က ရေပူရွာနဲ့ ကုန်းသာရွာတို့မှာလည်း စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) က စစ်ကြောင်းထိုးလာလို့ နှစ်ဖက်ထိခိုက်ကျဆုံးရှိတယ်လို့ ရှမ်းတောင်ပိုင်း စစ်နည်းဗျူဟာ အမှတ် ၁၄ ကလည်း ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ၁၁၁၁ စစ်ဆင်ရေးအဖြစ် တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ ရှမ်းတောင်ကနယ်မြေတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ကတော့ တန်ပြန်ထိုးစစ်ဆင်နေ တာပါ။
ဒါကြောင့် ရှမ်းတောင်နဲ့ ကရင်နီကို ဆက်သွယ်ထားတဲ့ မိုးဗြဲ - လွိုင်ကော်လမ်းပိုင်းမှာပါ စစ်ရေးတင်းမာနေ ပြီး ဒေသခံတွေ မသွားလာဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။
စစ်ကောင်စီဟာ မြန်မာ့ငလျင်ကြီးလှုပ်ခတ်မှုကြောင့် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဇွန်လကုန်အထိ အပစ်ရပ်သက်တမ်းတိုးတယ်လို့ ထုတ်ပြန်ထားပေမဲ့ ရှမ်းတောင်နဲ့ ကရင်နီအစပ်ကို ဇွန် ပထမအပတ်ထဲမှာ ထိုးစစ်မြှင့်နေတယ်လို့ တော်လှန်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်တာကြောင့် ဖမ်းဆီးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသား ၃ ဦးကို စစ်ကောင်စီက တောင်ကိုရီးယားကို ထိုင်းကနေတဆင့် လွှဲပြောင်းခဲ့တယ်ပါတယ်။
ထိုင်း - မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်ထဲက ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ မနေ့တုန်းက ပြောင်းခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒီလူတွေဟာ နယ်စပ်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာခဲ့ကြတာလို့လည်း စစ်ကောင်စီက ပြောပါတယ်။
မြဝတီမြို့- ရွှေကုက္ကို၊ မဲ့ထော်သလေး(KK Park)နဲ့ ကျောက်ခတ်နယ်မြေတွေက အွန်လိုင်းလောင်းကစားမှုတွေနဲ့ လိမ်လည်မှုတွေကို ဖော်ထုတ်မှုတွေအတွင်း ကိုရီးယားနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီနယ်မြေတွေမှာ နိမ်နင်းမှုတွေအတွင်း ဇန်နဝါရီလကုန်ကနေ ဇွန်လဆန်းပိုင်းအထိ နိုင်ငံခြားသား အယောက် ၉,၀၀၀ ကျော်သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပေးထားပြီးပြီလို့ စစ်ကောင်စီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PDF အမှတ် ၃၆၀၁ တပ်ရင်း
ပဲခူးတိုင်း၊ ပြည်ခရိုင်ထဲက ဧရာဝတီမြစ်အရှေ့ခြမ်းမှာရှိတဲ့ ပေါင်းတည်၊ ပေါက်ခေါင်းမြို့နယ်တွေမှာသာမက မြစ်အနောက်ခြမ်းမှာရှိတဲ့ ပန်းတောင်းမြို့နယ်ဘက်မှာပါ ဇွန်လ ပထမအပတ်ထဲ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ခိုက်ခံနေရတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးက စစ်တပ်ရဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ မနေ့က ထိတွေ့မှုရှိခဲ့တယ်လို့ အေအေ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
“ပဲခူးအနောက်ခြမ်းမှာ ဇွန်ပထမအပတ်ကစလို့ ပစ်ခတ်သံပြန်ကြားရတယ်” လို့ သူက ဆက်ပြောပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပေါင်းတည်မြို့နယ်အပိုင် ညောင်နီပင်နဲ့ မအူကွင်းရွာကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီနေ့ ဇွန် ၁၁ ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို ဇွန် ၃ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်က သိုက်ချောင်း၊ ကွမ်းအုံစု၊ အိုင်စောက်၊ မြေနီကုန်း၊ သဖန်းကိုင်း၊ ဒလမဲ၊ မရိုးကျွန်း၊ ပြန်ချီတက် စတဲ့ရွာတွေကို လှည့်လည်မီးရှို့ခဲ့တဲ့ စစ်ကောင်စီ အင်အားအယောက် ၁၀၀ ခန့်ပါတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ PDF အမှတ် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရကာ လက်နက်ခဲယမ်းအမြောက် အမြားသိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံနဲ့တကွဖော်ပြပါတယ်။
စစ်ကောင်စီကတော့ ပဲခူးထဲက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဇွန် ၁၁ ရက် ညနေ ၄ နာရီအချိန်အထိ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဆန္ဒပြသူတွေကို ညပိုင်းဖမ်းဆီးမှုနဲ့ ရဲတွေ စောင့်ကြပ်နေတဲ့မြင်ကွင်းတွေကို ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ရုပ်သံဖြစ်ပါတယ်။
ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို ဖီလာဆန့်ကျင်ပြီး လမ်းတွေပေါ် စုဝေးနေကြတဲ့ အစုအဖွဲ့တွေကို အယ်လ်အေ မြို့လယ်မှာ ဖမ်းဆီးမှုကြီးကြီးမားမားလုပ်ထားတယ်လို့ လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အစောပိုင်း သတင်းထုတ်ပြန်ချက်တုန်းကတော့ အင်္ဂါနေ့မှာ လူ ၂၀၀ ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
ညမထွက်ရအမိန့် (ကာဖျူး) ထုတ်ထားချိန် အယ်လ်အေထဲမှာ အမျိုးသားတစ်ဦးကို ရဲက ထိန်းသိမ်းနေတဲ့ ဒရုန်း ရုပ်သံကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်အစိုးရအဆက်ဆက်ဟာ ဒေါ်လာ တန်ဖိုး အားကောင်းအောင်လုပ်ခဲ့ကြပါတယ်။
သမ္မတထရမ့်ကတော့ ဒေါ်လာငွေခိုင်မာနေတာဟာ သူအားပေးချင်တဲ့ အမေရိကန် ထုတ်လုပ်မှု တော်လှန်ရေးအတွက် အဟန့်အတားတစ်ခုလို့ အကဲခတ်တွေက ရှုမြင်ပါတယ်။
ထရမ့်ရဲ့အမြင်က အားနည်းတဲ့ဒေါ်လာဟာ ထုတ်လုပ်ရေးကဏ္ဍကို ပြန်ထူထောင်ရာမှာ ကူညီပေးနိုင်ပြီး "အမေရိကန်ရဲ့ရွှေခေတ်" ကို ပြန်ရောက်စေမယ် ဆိုတဲ့ အမြင်ပါ။
ဒီတော့ ဒေါ်လာတန်ဖိုးကျတာက ထရမ့်အတွက် ဘာလို့ အကျိုးရှိနိုင်လဲမေးခွန်းလည်း ကပ်ပါလာပါတယ်။ အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Arakan Princess Media
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက အမှတ် ၃၂ ရဲတပ်ရင်းအနီးမှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်ကြား ဒီနေ့ ဇွန် ၁၁ ရက် မနက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးအရင်းအမြစ် တချို့က ဘီဘီစီကို ပြောပါတယ်။
အေအေဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ တောင်ခြေမှာတည်ရှိတဲ့ ပြိုင်းစေ့ကေရွာကို စိုးမိုးနိုင်ကာ တောင်ကုန်းပေါ်မှာတည်ရှိတဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနား ဝန်းကျင်အထိ ထိုးစစ်ဆင်နေပြီလို့ သိရပါတယ်။
“ဇွန်လပထမအပတ်မှာ အေအေက ထိုးစစ်ပြန်မြှင့်လာတယ်။ စစ်ကောင်စီဘက်ကလည်း အကျအရှုံးများတယ်” လို့ အေအေစစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ကျောက်ဖြူမှာ စစ်ရေးတင်းမာနေတာကြောင့် စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ကနေ ရေကြောင်းနဲ့ရော လေကြောင်းနဲ့ပါ အင်အားဖြည့်တင်းနေပါတယ်။
မနေ့ ဇွန် ၁၀ ရက်ညပိုင်းမှာ စစ်ကောင်စီကအင်အားဖြည့်တင်းတာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မနေ့တုန်းကပဲ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ ၁ မိုင်အကျော်မှာတည်ရှိတဲ့ ကံ့ကော်ကျွန်းက စစ်ကောင်စီတပ်စခန်းကို အေအေက ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပြီး သံချပ်ကာ ကားနှစ်စီးကို မီးရှို့ခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ အေအေရော စစ်ကောင်စီကပါ ဒီနေ့ ညနေ ၃ နာရီအထိ တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်ပြည်ထောင်စုမှာတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာစီးနင်းမှုတွေကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဟာ လော့စ်အိန်ဂျလိစ်နဲ့ နယူးယောက်မြို့ကြီးအစ တက္ကဆက်ပြည်နယ်ထဲက မြို့ကြီးတွေအထိ ပျံ့နှံ့လာပါတယ်။
နယူးယောက်မြို့မှာဖြစ်တဲ့ ဆန္ဒပြပွဲအများစုကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပေမဲ့ ဖမ်းဆီးမှုတချို့လည်း ဖြစ်ထားတယ်လို့ သိရပါတယ်။
တက္ကဆက်ပြည်နယ်ထဲမှာတော့ ပြည်စောင့်တပ်ကို ဖြန့်ကြက်ထားလိုက်ပြီဖြစ်ပါတယ်။
အမေရိကန်က အယ်လ်အေ၊ နယူးယောက်၊ အတ္တလန္တာ၊ ချီကာဂို၊ ဖီလယ်ဒဲဖီးယား၊ ဒါးလက်စ်၊ အော်စတင်နဲ့ ဆန်ဖရန်စ္စကိုမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာပါ။
တက္ကဆက်မှာတော့ ဆန္ဒပြပွဲတွေလုပ်ကြဖို့ရှိတယ်ဆိုတဲ့သတင်းကြောင့် စီစဉ်ထားတဲ့အဲဒီပွဲတွေ မတိုင်ခင်မှာပဲ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်စောင့်တပ်ကို ဖြန့်ကြက်ထားလိုက်ပြီဖြစ်ပါတယ်။
အယ်လ်အေမြို့ကြီးရှိရာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဂယ်ဗင် နယူဆန်ကတော့ သမ္မတ ထရမ့်ဟာ အယ်လ်အေက ပြဿနာတွေကို မကြီးကြီးအောင်လုပ်နေတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
သမ္မတ ထရမ့်ကတော့ ဆန္ဒပြမှုတွေဟာ ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို စော်ကားလိုက်တာလို့ပြောပြီး တစ်ချိန်တည်းမှာပဲ အယ်လ်အေမှာ ပြည်စောင့်တပ်ကို နှစ်ဆတိုးလို့ ဖြန့်ကြက်ထားလိုက်ပါတယ်။
အယ်လ်အေက ဆန္ဒပြပွဲတွေဖြစ်လာစေတဲ့အကြောင်းရင်းတစ်ရပ်အကြောင်း ဘီဘီစီ သတင်းဖော်ပြချက် ပရိဘောဂဆိုင်ကို လဝက ဝင်စီးပြီဆိုတဲ့ကောလာဟလက LA ဆန္ဒပြပွဲတွေကို မီးထိုးပေးခဲ့တာလား ကိုလည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒေသခံ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာရဲစခန်းကို မနေ့တုန်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့ ဝင်ရောက်ပစ်ခတ်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
ဇွန်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဖားကန့်ထဲက လက်လွှတ်ထားရတဲ့ စခန်းတွေကို ပြန်လည်ရရှိဖို့အတွက် စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေပါ။
“အဓိကတော့ တပ်မ ၃၃ ရှိတဲ့နေရာမှာပဲနေပြီး ပတ်ဝန်းကျင်ကို လှည့်လည်စစ်ကြောင်းထိုးနေတာပါ” လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။
စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ ဟာ ဖားကန့်မှာလည်း တပ်စွဲထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်အားရာချီပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာ ကာမိုင်းကနေတဆင့် ဖားကန့် ဗျူဟာကို ဝင်ဖို့ ကြိုးစားလို့ KIA နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
မနေ့ ဇွန် ၁၀ ရက်မှာလည်း ဖားကန့်မှော်ထဲက ဘတ်ဟိုးနဲ့ မြေသယ်ယာဉ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ ရက် နဲ့ ၅ ရက်မှာလည်း ဖားကန့်မြို့နယ်၊ ကုဋေမှော်နဲ့ မဇွပ်ယန်မှာရှိတဲ့ သယံဇာတတူးဖော်ရေး လုပ်ကွက်တွေမှာလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ဘတ်ဟိုးနဲ့ မြေသယ်ယာဉ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ သေးတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြခဲ့တာပါ။
ကချင်ပြည်နယ်အတွင်းမှာတော့ ဖားကန့်အပြင် ဗန်းမော်ဘက်မှာလည်း စစ်ကောင်စီနဲ့ KIA ကြား စစ်ရေးတင်းမာနေဆဲပါ။
ဒါပေမဲ့ KIA ဘက်က ထိုးစစ်ရပ်ထားပါတယ်။ လက်ရှိမှာ တရုတ်ဘက်က နယ်စပ်တည်ငြိမ်ရေးအတွက် အပစ်ရပ်ဖို့ ဖိအားပေးတာတွေရှိနေပေမဲ့ လတ်တလောမှာ ရပ်နားဖို့မရှိသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။
ရခိုင်ရဲ့ နောက်ဆုံးစစ်မျက်နှာပြင် သုံးခုထဲက ကျောက်ဖြူမှာ အာရက္ခတပ်တော် အေအေရဲ့ထိုးစစ် အရှိန်မြှင့်လာတာကြောင့် မြို့နဲ့ အနီးဆုံးကို တိုက်ပွဲရောက်နေပါပြီ။
မြို့နဲ့ ၆ မိုင်အကွာက တိုက်ပွဲမှာ စစ်တပ်ရဲ့ ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်မျိုးအောင် အပါအဝင် ၅ ဦး အေအေရဲ့ စနိုက်ဘာကြောင့် သေဆုံးခဲ့ပါတယ်။
အေအေထိုးစစ်ဦးတည်နေတဲ့ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ နှမ်းဖဲတောင် ကာကင်းစခန်းတိုက်ပွဲမှာ ပစ်ခတ်ခံခဲ့ရတာပါ။
ဗျူဟာမှူးကျခဲ့တဲ့ကာကင်းကို အေအေက မနေ့က သိမ်းလိုက်နိုင်ပေမဲ့ ကျောက်ဖြူထဲက တရုတ်စီမံကိန်းနေရာတွေနဲ့ အဓိကစစ်တပ် တပ်ရင်းတွေကို အေအေက မတိုက်ခိုက်သေးပါဘူး။
ကျောက်ဖြူကိုရဖို့ အေအေ ဘယ်လိုကြိုးစားနေလဲ။ အပြည့်အစုံကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က အယ်လ်အေ(LA)လို့သိကြတဲ့ လော့စ်အိန်ဂျလိစ်မြို့မှာတော့ ဆန္ဒပြပွဲတွေကြောင့် မြို့လယ်ရပ်ကွက်တချို့ကို မြို့တော်ဝန်က ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါပြီ။
မြန်မာနဲ့ စံတော်ချိန်ကွာခြားချက်ကြောင့် လော့စ်အိန်ဂျလိစ်မြို့မှာ ဒေသစံတော်ချိန် ဇွန်လ ၁၀ ရက် ည ၁၀ နာရီခွဲခန့်ပဲ ရှိနေပါသေးတယ်။
လူဝင်မှုကြီးကြပ်ရေး စီးနင်းရှာဖွေမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်မှုနဲ့ လုယက်မှုတွေကို တုံ့ပြန်ဖို့ မြို့တော်ဝန်က အခုလိုအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။
တက္ကဆက်ပြည်နယ်မှာတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒပြပွဲတွေမဖြစ်ခင် ကြိုတင်ပြီး ပြည်စောင့်တပ်ကို ဖြန့်ကြက်ထားလိုက်ပြီဖြစ်ပါတယ်။
အယ်လ်အေမှာ သမ္မတ ထရမ့်က ပြည်စောင့်တပ်ကို ပထမဆုံး စတင်ဖြန့်ကြက်တဲ့အကြောင်း ဘီဘီစီသတင်းဖော်ပြချက်ကို ထရမ့်လွှတ်လိုက်တဲ့ ပြည်စောင့်တပ် LA မြို့ကြီးထဲ ဝင်လာပြီ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ပါမောက္ခယူနွတ်စ် ကြားဖြတ် အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံထဲမှာ "အာဏာ" ဟာ တလုံးတစည်းတည်း မရှိတော့ပဲ ရခိုင်ကို ထိန်းချုပ်ထားတာ အေအေ ဖြစ်တယ် ဆိုတဲ့ အချက်ကို သူတို့ မျက်မှောက်ပြု ထားတယ် ဆိုပြီး ယာယီ အစိုးရရဲ့ ထိပ်တန်း အဖွဲ့ဝင် ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး ရာထူးနဲ့ ညီမျှတဲ့ နိုင်ငံခြားရေးရာ အကြံပေး တောင်ဟိဒ်ဟူစိန်က ပြောပါတယ်။
ယူနွတ်စ် အစိုးရရဲ့ အေအေ အပေါ် သဘောထားကို ဒီလင့်ခ်မှာ ဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ စာရင်းမှာ မြန်မာလည်း ပါဝင်လာပါတယ်။
မြန်မာနဲ့အတူ အာဖဂန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာတို့ရား ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတွေဟာ အမေရိကန်နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ခံရတာပါ။
အမေရိကန်နိုင်ငံသားတွေ နိုင်ငံခြားသား အကြမ်းဖက်ခံရမှုတွေဆီကနေ အကာအကွယ်ပေးဖို့နဲ့ အမျိုးသား လုံခြုံရေးအတွက်လို့ဆိုပြီး သမ္မတထရမ့်က လက်မှတ်ရေးထိုးပြီး ပြည်ဝင်ခွင့်တားမြစ်လိုက်တာဖြစ်ပါတယ်။
ပြည်ဝင်ခွင့်ထုတ်ပြန်တဲ့အမိန့်ဟာ ဇွန် ၉ ရက် အမေရိကန်အချိန်ဇုန်(EDT) မနက် ၁၂ နာရီ ၁ မိနစ်မှာ စတင်အသက်ဝင်ပါပြီ။
မြန်မာတွေအနေနဲ့ ဘာတွေသိထားသင့်လဲ၊ ဗီဇာရဖို့ စောင့်ဆိုင်းနေရဆဲ မြန်မာတွေဘယ်လိုဆက်ဖြစ်မလဲ၊ ပညာသင်ကြားဖို့ အမေရိကန်ရောက်နေတဲ့ မြန်မာကျောင်းသားတွေရဲ့ ဗီဇာဘယ်လိုဆက်ဖြစ်မလဲ၊ အမေရိကန်နေထိုင်ခွင့် ကံစမ်းမဲ (DV) မှာ မြန်မာတွေ ပါဝင်ခွင့်ရှိဦးမလားစတဲ့ မေးခွန်းတွေကို ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက ပြန်လည်ဖြေကြားပေးထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN/ Screengrab
အရေးပါတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေကိုအကျဉ်းချထားပြီး နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ရှိနေတဲ့အချိန် စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ရေးဆိုတာ ဘယ်လိုရှိနိုင်မလဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့က ဇွန် ၉ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပေါ်မှာ မေးခွန်းထုတ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ကို သူက တိုက်တွန်းခဲ့ပါတယ်။
၄ နှစ်ကျော်ကြာ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ရဲ့ ဗျူဟာကို မေးခွန်းထုတ်လိုတယ်လို့ မစ္စ ဂျူလီက သူ့ရဲ့ မြန်မာ့အရေးတင်ပြချက်မှာ ထည့်ပြောခဲ့တာပါ။
မြန်မာမှာအရင်ကမကြုံခဲ့ရဖူးတဲ့ တိုင်းပြည်ပြိုကွဲမှုအခြေအနေနဲ့ ကြုံနေရပြီလို့ လည်း သူက ထောက်ပြပါတယ်။
ဘက်ပေါင်းစုံက စစ်အနိုင်တိုက်ရေးချဉ်းကပ်မှုနဲ့ဆက်သွားနေပြီး အကြမ်းဖက်မှုတွေကို မရပ်တန့်နိုင်ဘူး ဆိုရင် ကိုယ့်ကိုယ်ကို ဖျက်ဆီးတဲ့ အခြေစိုက်နိုင်တယ်လို့ မစ္စဂျူလီက သတိပေးပါတယ်။
မြန်မာ့ပဋိပက္ခဟာ ဒေသတွင်းသက်ရောက်မှုမကြီးထွားလာအောင်လည်း အာဆီယံနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူက ထည့်ပြောပါတယ်။
တရုတ်ကိုယ်စားလှယ် မစ္စ ဆန်လိုင်ကတော့ မြန်မာ့အရေးဖြေရှင်းရာမှာ နိုင်ငံတကာအနေနဲ့ တင်းမာမှုတွေ ပိုပြင်းထန်ရှုပ်ထွေးလာစေမယ့်အစား မတူကွဲပြားမှုတွေကို ပေါင်းစုပြီး ပြဿနာဖြေရှင်းသင့်တယ်လို့ အဲဒီ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့အနေနဲ့လည်း မြန်မာ့ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရာမှာအပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေသာ ပါဝင်ဖို့ တရုတ်ကိုယ်စားလှယ်က ထည့်ပြောခဲ့ ပါတယ်။
ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရ က မြန်မာနိုင်ငံဆိုင်ရာ သံအမတ် နဲ့ စစ်သံမှူးတို့ကို မြို့တော် ဒါကာ ကို ပြန်ခေါ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် လက်ရှိ အိမ်စောင့် အစိုးရ နဲ့ အာရက္ခတပ်တော် (AA) တို့ကြား ထိတွေ့ဆက်ဆံမှုတွေ အပေါ် စစ်ကောင်စီဘက်က ကန့်ကွက် ရှုတ်ချခဲ့ပြီးတဲ့နောက်မှာ အခုလို စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သံတမန်ရေး တင်းမာတဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဒီအကြောင်း ကိုဝေဖြိုး ပြောပြထားတာကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN/ Screengrab
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးဆွေးနွေးမှုတွေမှာ ရခိုင်တပြည်နယ်လုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (အေအေ) နဲ့ပါ ထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့ ဇွန် ၁၀ ရက်ကပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
အဲဒီအလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့က မြန်မာက ပဋိပက္ခတွေနဲ့ အရပ်သားတွေရဲ့ လူသားစာနာထောက်ထားမှုအကူအညီလိုအပ်နေကြောင်း သူ့ရဲ့ တွေ့ရှိချက်တချို့ကို တင်ပြခဲ့တဲ့နောက် အဖွဲ့ဝင်နိုင်ငံတွေက ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလိုပြန်လည်ဆွေးနွေးမှုထဲမှာ အမေရိကန်ရဲ့ ကုလသမဂ္ဂလူမှုစီးပွားဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ ဂျောနသန် ရှရှ်ရာက ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် အေအေနဲ့ပါ ဆွေးနွေးဖို့လိုကြောင်း ထောက်ပြခဲ့တာဖြစ်ပါတယ်။
ဒါအပြင် အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူ့အသက်တွေ တန်ဖိုးထားဖို့အတွက် စစ်တပ်ရော အေအေအနေနဲ့ပါ အလေးပေးဆောင်ရွက်ဖို့လည်း အမေရိကန်က ပြောခဲ့တာပါ။
တရုတ်ကိုယ်စားလှယ် ဆန်လိုင်ကတော့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ က အဓိကဆွေးနွေးဖို့လိုတာဖြစ်ပြီး တရုတ်အနေနဲ့လည်း သံတမန်ရေးအရ နှစ်ဖက်စလုံးကို ကူညီဆောင် ရွက်ပေးနေတယ်လို့ ဝင်ရောက်ဆွေးနွေးတာတွေ့ရပါတယ်။
မင်္ဂလာပါ။ ဇွန် ၁၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။