တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်တဲ့ မြို့ ၇၇ မြို့ ရှိပြီလို့ NUG ‌ပြော

စစ်တပ်မရှိရင် တိုင်းပြည်တစစီပြိုကွဲသွားမယ်ဆိုတဲ့ပြောဆိုချက်တွေကို လက်မခံဘူးလို့ NUG ‌ပြောတဲ့သတင်းအပါအဝင် သြဂုတ် ၂၂ ရက် မြန်မာနဲ့ ကမ္ဘာတဝန်းက သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံး တသားတည်းရှိမနေဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ်ပီရုန်းက NUG ဦးဆောင်ပြီးလုပ်တဲ့ နွေဦးတော်လှန်ရေးအောင်မြင်မှုများဆွေးနွေးပွဲမှာ ထောက်ပြပြောဆိုလာပါတယ်။
  • အမျိုးသမီးတွေကို စစ်သင်တန်းနဲ့ စစ်မှုထမ်းခေါ်ဖို့မရှိသေးဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘီဘီစီ ကိုပြောပါတယ်။
  • ငွေသားအသုံးပြုမှုကို လျှော့ချဖို့ဆိုပြီး ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လစာပေးနေတာတွေကို တိုးမြင့်လုပ်ဆောင်မယ်လို့ စစ်ကောင်စီ ‌က ပြောလာပါတယ်။
  • PV လို့ ခေါ်ဝေါ် သုံးနှုန်းတဲ့ အလည်အပတ် ပတ်စ်ပို့ နဲ့ ပထမဆုံးခရီးထွက်သူတွေကို စစ်ကောင်စီက ရန်ကုန်လေဆိပ်မှာ တင်းကျပ်တဲ့စစ်ဆေးမေးမြန်းမှုတွေလုပ်နေပါတယ်။
  • မြန်မာပြည်အရေးကို ပုပ်ရဟန်းမင်းကြီးအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံတိုင်းမှာ အလေးထားပြောလေ့ရှိတယ်လို့ တီမောနိုင်ငံသမ္မတက ထုတ်ပြောလာပါတယ်။
  • တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်တဲ့ မြို့ ၇၇ မြို့ ရှိနေပြီဖြစ်သလို စစ်တပ်မရှိရင် တိုင်းပြည် တစစီပြိုကွဲသွားမယ်ဆိုတဲ့ ပြောဆိုချက်တွေကို လက်မခံဘူးလို့ NUG က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘီဘီစီမြန်မာပိုင်းရဲ့ သြဂုတ် ၂၂ ရက်သတင်းများ တိုက်ရိုက်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်း‌တွေကိုဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

  2. ပခုက္ကူ နဲ့ ရေစကြိုမြို့နယ်တွေမှာ စစ်ကောင်စီ တပ်စခန်းစွန့်ခွာတာတွေရှိလာ

    စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စခန်းစွန့်သွားတဲ့ ကျထိုးရဲစခန်း မှာ တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင်တွေ
    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စခန်းစွန့်သွားတဲ့ ကျထိုးရဲစခန်း မှာ တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင်တွေ

    မကွေးတိုင်း၊ ပခုက္ကူ နဲ့ ရေစကြိုမြို့နယ်တွေမှာ စစ်ကောင်စီ ရဲ့ တပ်စခန်းတွေ စွန့်ခွာတာတွေလုပ်လာတယ်လို့ မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေက သတင်းထုတ်ပြန်ကြပါတယ်။

    ပခုက္ကူမြို့နယ် ကျထိုးရဲစခန်း မှာရှိတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်သား ၂၀ ကျော်ဟာ သြဂုတ်လ ၂၂ ရက်နေ့က စခန်းကနေ စွန့်ခွာသွားပြီး ညောင်ကျစ်ပင် ပြည်သူ့စစ် (ပျူစောထီး) စခန်းကို သွားပေါင်းကြတယ်လို့ နွေဦးတော်လှန်ရေး-မြိုင်မြို့ သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန် ပါတယ်။

    ဒါအပြင် သာကြီးတောင်ရေနံမြေ ရဲကင်းစခန်း က ရဲတပ်သားတွေဟာလည်း စခန်းကနေစွန့်ခွာပြီး ကမ္မမြို့ မြို့မ ရဲစခန်း ဘက်ကို ရွှေ့သွားကြတယ်လို့ လည်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့ က ပြောပါတယ်။

    သာကြီးတောင်ရေနံမြေ ရဲကင်းစခန်း ကို သြဂုတ် ၂၀ ရက်နေ့က PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်သွားတာဖြစ်တယ် လို့လည်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

    အလားတူ ရေစကြိုမြို့နယ်ဘက်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တပ်စခန်းစွန့်ခွာတာတွေ လုပ်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    ရေစကြိုမြို့နယ်၊ ဟင်္သာရွာပျူစောထီးစခန်း မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

  3. ကုလကိုယ်စားလှယ်နဲ့တွေ့ပြီးမြန်မာ့အရေးဆွေးနွေးမယ့်အကြောင်းတရုတ်က စစ်ခေါင်းဆောင်ကို ကြိုအသိပေးခဲ့တယ်လို့ စစ်ကောင်စီပြော

    တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
    ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာတွေ့ဆုံမယ့်အကြောင်း မစ္စတာဝမ်ယိက သူ့ရဲ့ မြန်မာခရီးစဥ်အတွင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကြိုတင်အသိပေးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    မစ္စတာ ဝမ်ယိ နဲ့ မစ္စ ဂျူလီ ဘစ်ရှော့ တို့တွေ့ဆုံတာဟာ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့သဘောထားရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။

    ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ ဟာ မြန်မာနိုင်ငံထဲကိုဝင်ရောက်ဖို့ ကြိုးစားနေပြီး စစ်ကောင်စီဘက်က ဝင်ခွင့်မပေးခဲ့ဘူးလို့ သံတမန်အသိုင်းအဝိုင်း ဘက်ကလာတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့
    ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့

    မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အနေနဲ့ နိုင်ငံရဲ့ ပကတိဖြစ်နေတာတွေကို လျစ်လျူရှုပြီး လက်ရှိအနေအထားနဲ့ မကိုက်ညီတဲ့ စံချိန်စံညွှန်းတွေနဲ့ တိုင်းတာနေတာတွေကို ရှောင်ကျဥ်သင့်တယ်လို့ လည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

    ကုလအထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ ‌တွေ့ဆုံမှုအပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ကို သြဂုတ် ၂၁ ရက်နေ့က ဘေဂျင်းမြို့မှာတွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးထားပါတယ်။

    သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ မစ္စ ဂျူလီဘစ်ရှော့ဟာ မြန်မာနိုင်ငံဆိုင်ရာကုလ အထူးကိုယ်စားလှယ်အဖြစ်ပြီးခဲ့တဲ့ ဧပြီလမှာ ခန့်အပ်ခံရတာဖြစ်ပါတယ်။

    ဒါအပြင် ပြီးခဲ့တဲ့ ဇွန်လတုန်းကလဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအို၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံထားပါတယ်။

  4. အရေးပေါ်အခြေအနေကြေညာထားတဲ့ မျောက်ကျောက် - အမ်ပေါက်စ်ရောဂါ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ်အခြေအနေ ကြေညာထားရတဲ့ မျောက်ကျောက် (Monkeypox ) ရောဂါဟာ အာရှနိုင်ငံတချို့ဆီကိုပါ ရောက်ရှိလာနေတာ တွေ့ရပါတယ်။

    မြန်မာနိုင်ငံနဲ့ကပ်ရက် အိန္ဒိယနိုင်ငံမှာဆိုရင် မျောက် ကျောက်ရောဂါကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ရောဂါဖြစ်နေသူနဲ့ လိင်ဆက်ဆံမိရင် (ဒါမှမဟုတ်) ထိတွေ့မိရုံနဲ့တင် ရောဂါကူးစက်နိုင်တဲ့ မျောက်ကျောက်ရောဂါ ကိုယ့်ကိုမကူးစက်အောင် ဘယ်လို သတိထား ကာကွယ်သင့်သလဲ။

    အရေပြားမှာ ယားနာလို အရည်ကြည်ဖုတွေ ပေါက်တတ်တဲ့ မျောက်ကျောက်ရောဂါကို တခြားယားနာရောဂါတွေနဲ့ ဘယ်လိုခွဲသိနိုင်မလဲ။ အမေရိကန်နိုင်ငံက ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထူးကုဆရာဝန်ကြီး ဒေါက်တာ ထိန်လင်းက ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားလို့ ဒီလင်ခ့်ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

  5. အင်းတော်မြို့က စစ်တပ်လက်ကျန်စစ်စခန်းတွေကို ‌တော်လှန်ရေးအင်အားစုတွေကထိုးစစ်ဆင်နေ, အင်းတော် အပါအဝင် အမှတ် ၁ စစ်ဒေသထဲ က မြို့အချို့မှာ တိုက်ပွဲဆက်ပြင်းထန်နေ

    အင်းတော်မြို့တိုက်ပွဲမှာ (PDF) တွေနဲ့အတူ (KIA)၊ ABSDF တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းတိုက်ပွဲဝင်
    ဓာတ်ပုံ ပုံစာ, အင်းတော်မြို့တိုက်ပွဲမှာ (PDF) တွေနဲ့အတူ (KIA)၊ ABSDF တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းတိုက်ပွဲဝင်

    စစ်ကိုင်း - ကချင်အစပ် စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့ကိုအပြည့်အဝထိန်းချုပ်ဖို့ အတွက် စစ်ကောင်စီရဲ့ လက်ကျန် စစ်စခန်းနေရာတွေကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်တွေက ဘီဘီစီ ကိုပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်းတော်မြို့အဝင် ဆောက်လက်စ ၆ ထပ်တိုက် ဟိုတယ်တစ်လုံးပေါ်မှာ နေရာယူထားသလို မန္တ‌လေး - မြစ်ကြီးနား ကားလမ်းဘက်ကိုထွက်တဲ့ ဂျပန်ဆေးရုံမှာလည်း တပ်စွဲထားတယ်လို့ မြေပြင်စစ်ရေး အခြေအနေသိသူ တဦးက ပြောပါတယ်။

    ဂျပန်ဆေးရုံနဲ့ ၃ ဖာလုံလောက်ဝေးတဲ့ အမှတ်(၁) အထက်တန်းကျောင်း ရှိတဲ့ ရပ်ကွက်တွေက နေအိမ်တွေနဲ့ အစိုးရရုံးတွေလည်း လေကြောင်းကနေ ဗုံးကြဲခံရတာနဲ့ နှစ်ဖက်တိုက်ပွဲကြားမှာ ‌လက်နက်ကြီးကျည်ထိမှန်တာတွေကြောင့် အလုံးစုံနီးပါးပျက်စီးနေပြီလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    '' စစ်ကောင်စီ က မြေပြင်ရှင်းလင်းတာတွေလုပ်ပြီး ပစ်ကွင်းဖေါ်ထားတယ်'' အင်းတော်မြို့အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။

    တိုက်ပွဲပြင်းထန်နေတဲ့ အင်းတော်မြို့ ထဲမှာပိတ်မိနေတဲ့ ပြည်သူတွေမရှိတော့ဘူးလို့ အင်းတော်မြို့ အခြေအနေအကြောင်းကို တင်ဆက်ပေးနေတဲ့ Indaw Revolution IR အဖွဲ့ က သြဂုတ် ၁၇ ရက် က ထုတ်ပြန်ထားပါတယ်။

    ဒေသတွင်းသတင်းတချို့ရဲ့ ဖော်ပြချက်အရ ကချင်လွတ်လပ်ရေးတပ်(KIA) ဦးဆောင်တဲ့ အမှတ် ၁ စစ်ဒေသ တော်လှန်ရေးအင်အားစုတွေက ကချင် နဲ့ ဆက်နေတဲ့ စစ်ကိုင်းတိုင်း ထဲက အင်း‌တော်၊ ပင်လယ်ဘူး၊ နဘား၊ ထီးချိုင့် စတဲ့ မြို့ တွေကို ထိုးစစ်ဆင်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

    မန္တ‌လေး-မြစ်ကြီးနား အင်းတော်လမ်းပိုင်းလည်းဆက်ပိတ်နေဆဲလို့ အင်းတော် မြို့ဂရုတွေထဲမှာ ရေးသားနေကြပါတယ်။ အင်းတော်မြို့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေနဲ့အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော် ABSDF တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေ ကဖော်ပြထားပါတယ်။

  6. မြန်မာသင်္ဘောသားတစ်ဦး အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဆီစလီကျွန်းဇိမ်ခံရွက်လှေ နစ်မြုပ်မှုက အလောင်း ၅ လောင်းတွေ့ထား

    ပျောက်ဆုံးနေသူ ၆ ဦးထဲက ၅ ဦး‌အလောင်းကို ပြီးခဲ့တဲ့ရက်တွေအတွင်း တွေ့ထားပါတယ်
    ဓာတ်ပုံ ပုံစာ, ပျောက်ဆုံးနေသူ ၆ ဦးထဲက ၅ ဦး‌အလောင်းကို ပြီးခဲ့တဲ့ရက်တွေအတွင်း တွေ့ထားပါတယ်

    အီတလီနိုင်ငံက နာမည်ကျော် ဆီစလီကျွန်း ကမ်းလွန်မှာ နစ်မြုပ်သွားတဲ့ဇိမ်ခံရွက်လှေကနေ မြန်မာသင်္ဘောသားတစ်ဦးအပါအဝင် လူပေါင်း ၁၅ ဦး အသက်ရှင်လွတ်မြောက်ခဲ့ပေမဲ့ ပျောက်ဆုံးနေသူ ၆ ဦးထဲက ၅ ဦး ရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ထားပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်လျက် ပြန်ကယ်ဆယ်ထားနိုင်တဲ့ မြန်မာသင်္ဘောသားဟာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုမြင့်ထွန်းကျော်ဖြစ်တယ်လို့ အီတလီမီဒီယာတွေက သတင်းဖော်ပြပါတယ်။

    ဘေဇီယမ်လို့ခေါ်တဲ့ အဲဒီရွက်လှေဟာ ဆီစလီကျွန်းကမ်းလွန်မှာ လေဆင်နှာမောင်းကြောင့် တနင်္လာနေ့တုန်းက နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

    ဘေးတစ်စောင်းနစ်မြုပ်သွားတဲ့ရွက်လှေ စုံးစုံးနစ်မြုပ်တာမဖြစ်ခင် အရေးပေါ် အကူအညီတောင်းခံခဲ့တာကြောင့် အနီးနားမှာရှိတဲ့ သင်္ဘောတစ်စီးက ကူညီကယ်ဆယ်ခဲ့လို့ မြန်မာ သင်္ဘောသားနဲ့ ခရီးသည်တွေအပါအဝင် လူပေါင်း ၁၅ ဦး အသက်ရှင်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

    ပျောက်ဆုံးနေသူတွေထဲမှာ

    • ကိမ်းဘရစ် နျူရိုဒိုင်နဲမစ်နဲ့ အော်တိုနိုမီကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင် မိုက်လင့်ချ်
    • အသက် ၁၈ နှစ်အရွယ် သူ့ရဲ့သမီး ကျောင်းသူ ဟန်နာ လင့်ချ်
    • မော်ဂန်စတန်လေ နိုင်ငံတကာ ဘဏ် ဥက္ကဋ္ဌ ဂျွန်နသန် ဘလွန်မာ
    • သူ့ဇနီး ဂျူဒီ ဘလွန်မာ
    • ကလစ်ဖော့ ချန့်စ် ဥပဒေကုမ္ပဏီလုပ်ငန်းလုပ်ဖက် ခရစ် မာဗီလို
    • သူ့ဇနီး လက်ဝတ်ရတနာဖန်တီးသူ နီဒါ မာဗီလို တို့ ဖြစ်ကြပါတယ်။

    မြေထဲပင်လယ်ကမ်းလွန် ရေပိုင်နက် မီတာ ၅၀ အောက်မှာ ဘေးစောင်းပုံစံနဲ့ နစ်မြုပ်နေတဲ့ ရွက်လှေထဲကနေ ၃ ရက်အတွင်း အလောင်း ၅ လောင်းကို အီတလီ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေ့ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။

  7. မြန်မာ့အရေး အာဆီယံမှာတစ်သားတည်းရပ်တည်မှုမရှိဘူး လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းထောက်ပြ

    အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ၂၀၁၁ ခုနှစ်တုန်းက ကျင်းပတဲ့ အာဆီယံ နိုင်ငံရေးရာလုံခြုံရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးပွဲမှာ မြင်ရတဲ့ မစ္စတာ ကဆစ်
    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ၂၀၁၁ ခုနှစ်တုန်းက ကျင်းပတဲ့ အာဆီယံ နိုင်ငံရေးရာလုံခြုံရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးပွဲမှာ မြင်ရတဲ့ မစ္စတာ ကဆစ်

    မြန်မာ့အရေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြေရှင်းရာမှာ တသားတည်းရှိမနေဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ်ပီရုန်းက ထောက်ပြပြောဆိုလာပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သြဂုတ်လ ၂၂ ရက်မှာ အွန်လိုင်းကနေ ပြုလုပ်တဲ့ မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်မှုတွေအကြောင်း ဆွေးနွေးပွဲမှာ သူက အခုလိုပြောဆို လိုက်တာဖြစ်ပါတယ်။

    သူ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ချိန်၊ မြန်မာမှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံဟာ တသားတည်းရပ်တည်ခဲ့တာကို ၂၀၀၈ နာဂစ်အလွန်နောက်ပိုင်း မြန်မာ့ နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲခဲ့တာကို သူက ထောက်ပြပါတယ်။

    ‘‘အဲဒီတုန်းက အာဆီယံအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံက မြန်မာအနေနဲ့ အာဆီယံ အသိုက်အဝန်းထဲ ဝင်မယ်ဆိုရင် လုပ်ဆောင်ရမယ့်တာဝန် ဝတ္တရားတွေ ရှိတယ်ဆိုတာမျိုး ပြောခဲ့တာရှိတယ်။ စစ်အစိုးရဆက်ရှိနေရင် အာဆီယံနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ကမ္ဘာကို ဆောင်ကျဥ်းဖို့ ကျန်တဲ့ အာဆီယံအဖွဲ့ဝင်တွေအတွက် ပြဿနာဖြစ်လာတယ်ဆိုတာမျိုး တသားတည်းရပ်တည်ခဲ့ကြတယ်’’ လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

    အဲဒီအချိန်တုန်းက ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် မြန်မာစစ်အစိုးရနဲ့ အလွတ်သဘောရော၊ တရားဝင်သဘောပါ တွေ့ဆုံကာ နာဂစ်အလွန် လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးအပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဆောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

    ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား စည်းလုံးမှု မရှိတာကိုလည်း သူက ထောက်ပြပါတယ်။

    ‘‘ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း သူ့စိတ်ကူးအတိုင်း မြန်မာ့အရေးလုပ်တယ်။ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်(ပရာဝတ်ဝီနိုင်း) ကလည်း သူတို့နည်း သူတို့ဟန် လုပ်ကြတယ်။ လာအို၊ ဘရူနိုင်းနဲ့ ဗီယက်နမ်ကလည်း နေမြဲအတိုင်းပဲ။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ မလေးရှားတို့ကလည်း စစ်ခေါင်းဆောင်တွေဘက်ကို စကားရောက်အောင် မလုပ်နိုင်ဘူး။ အာဆီယံထဲမှာ မြန်မာ့အရေး တစ်သဘောတည်း တစ်သံတည်းထွက်တာမျိုးမရှိဘူး။ မြန်မာ့အရေး ရှေ့ထွက်ပြီး ဦးဆောင်တဲ့သူဆိုတာ မရှိဘူး။ ထိုင်းနိုင်ငံဆိုရင်လည်း တစ်ဦးတည်း လုပ်ဆောင်တာတွေရှိလာလို့ မူရင်း အာဆီယံ ဘုံသဘောတူညီချက်ကနေ သွေဖည်တာတွေရှိလာတယ်။ အလှည့်ကျဥက္ကဋ္ဌတွေလုပ်ခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှားတို့ဆိုရင်လည်း သူတို့ပြည်တွင်းနိုင်ငံရေးတွေကြောင့် မြန်မာ့အရေးကို ဦးဆောင်ဦးရွက် ကောင်းကောင်း မလုပ်နိုင်ခဲ့ကြဘူး’’ လို့ မစ္စတာ ကဆစ်က ပြောပါတယ်။

    ဒါကြောင့် မြန်မာ့အရေးကို အာဆီယံလက်ထဲမှာပဲ မထားတော့ဘဲ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်‌ရောက်ဖြေရှင်းဖို့ အချိန်ကျပြီလို့ သူက အကြံပြုထားပါတယ်။

  8. BBC News မြန်မာ ရဲ့သတင်းတွေကိုတယ်လီဂရမ်မှာဖတ်ရှုနိုင်ပါပြီ

    BBC News မြန်မာ ရဲ့သတင်းတွေကိုတယ်လီဂရမ်မှာဖတ်ရှုနိုင်ပါပြီe
    ဓာတ်ပုံ ပုံစာ, BBC News မြန်မာ ရဲ့သတင်းတွေကိုတယ်လီဂရမ်မှာဖတ်ရှုနိုင်ပါပြီ

    ဘီဘီစီမြန်မာပိုင်းက တင်ဆက်ပေးနေတဲ့ နေ့စဥ်သတင်းတိုက်ရိုက်ထုတ်လွှင့်ချက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းသုံးသပ်ချက်တွေနဲ့ ဗီဒီယိုသတင်းတွေကို အပြာရောင်အမှန်ခြစ် ( Blue Mark) ပါတဲ့ BBC News မြန်မာ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပြီဖြစ်ပါတယ်။

    ဘီဘီစီပရိသတ်တွေအနေနဲ့ ဒီ တယ်လီဂရမ်ချန်နယ်လင်ခ့် https://t.me/bbcnewsburmese ကို နှိပ်ပြီး View In Telegram ကတဆင့် Join Channel ကိုဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

    ဘီဘီစီမြန်မာပိုင်း ရဲ့ သတင်းတွေကို BBC News မြန်မာ တယ်လီဂရမ်ချန်နယ် ကတဆင့်ဝင်ရောက်ဖတ်ရှုကြဖို့လည်းဖိတ်ခေါ်အပ်ပါတယ်။ဘီဘီစီပရိသတ်တွေအနေနဲ့ ဘီဘီစီကနေသိချင်ဖတ်ချင်တဲ့သတင်းအကြောင်းအရာတွေကိုလည်း မှတ်ချက်ပေးမျှဝေပေးဖို့ လည်း လေးစားစွာဖိတ်ခေါ်အပ်ပါတယ်။

  9. ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာမှာ ကုန်စျေးနှုန်း ၇ ဆ ကနေ ၁၀ ဆကြား မြင့်တက်လာ

    ထမင်းဝိုင်းဖွဲ့စားသောက်နေကြတဲ့ ယောဒေသက စစ်ဘေးရှောင် မိသားစု

    ဘီဘီစီက စုစည်းထားတဲ့ကုန်စျေးနှုန်းအချက်အလက်တွေအရ အာဏာသိမ်း ၃ နှစ်ခွဲမှာတင် ကုန်စျေးနှုန်းက ၃ ဆကျော်တက်လာပြီး အာဏာမသိမ်းခင်ကာလတွေနဲ့နှိုင်းယှဥ်ရင်တော့ ၇ ဆ ကနေ ၁၀ ဆကြား မြင့်တက်လာပါတယ်။

    ''ကုန်စျေးနှုန်းကပဲ အရင်ထက် အဆများစွာတက်လာတာ။ လစာက တက်မလာတော့ အကြွေးယူ လစာရ အကြွေးပြန်ဆပ်။ စျေးဖိုးမလောက်လို့ အကြွေးထပ်ယူပြန်တော့ အကြွေးတင်တယ်။ အကြွေးပြန်ဆပ်ဖို့ ငွေတိုးချေးတော့ အတိုးကတက်တယ်။ အာဏာသိမ်းပြီးကတည်းက အလုပ်တွေလည်းမကောင်းဘူး။ အကြွေးတွေ အတိုးတွေနဲ့ လည်နေတာပဲ။ မငတ်ရုံတမယ် စားသောက်နေကြရတာ။ ... '' လို့ ရွှေပြည်သာမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

    အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ်မှာ စားသုံးဆီ တပိဿာကို ကျပ် ၂,၀၀၀ ကျော်ရှိတာကနေ ၂၀၂၄ ခုနှစ်မှာ တစ်ပိဿာ ကျပ် ၁၅,၀၀၀ အထိဖြစ်လာပါတယ်။ အာဏာသိမ်းတဲ့ ၃ နှစ်ခွဲအတွင်းမှာ စားဆီတပိဿာ အတွက် အရင်ထက် ငွေ ၈ ဆ ပိုပေးပြီး သုံးလာရတာဖြစ်ပါတယ်။

    စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ စားသုံးဆီ တစ်ပိဿာဈေးကတော့ ကျပ် ၁,၂၀၀ ဝန်းကျင်သာ ရှိခဲ့ပါတယ်။ ဒါကြောင့် အာဏာမသိမ်းခင်ကာလနဲ့ နှိုင်းယှဥ်ရင်တော့ ဆီစျေးက ၁၀ ဆ ကျော် မြင့်တက်လာတာဖြစ်ပါတယ်။

    အဆမတန်မြင့်တက်လာတဲ့ကုန်စျေးနှုန်းကို လူထု ဘယ်လိုရင်ဆိုင်ကျော်ဖြတ်နေကြလဲ။ အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  10. အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ဖို့မရှိသေးဘူးလို့ စစ်ကောင်စီပြော

    စစ်ကောင်စီ ရဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်များ
    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ရဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်များ

    အမျိုးသမီးတွေကို စစ်သင်တန်းနဲ့ စစ်မှုထမ်းခေါ်ဖို့မရှိသေးဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘီဘီစီ ကိုပြောပါတယ်။

    “သတ်မှတ်ထားတဲ့ စစ်မှုထမ်းအင်အားက အမျိုးသားတွေနဲ့တင် ပြည့်မီနေတဲ့အတွက် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အခုလောလောဆယ်အထိတော့ သီးခြားအစီအစဥ်မရှိသေးပါဘူး” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘီဘီစီ ပြောပါတယ်။

    စစ်ကောင်စီ က ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အသက် ၃၅ နှစ်အောက် အမျိုးသားတွေကို ခေါ်ပြီး စစ်သင်တန်းပေးနေတာ အပတ်စဥ် (၄) အထိရှိနေပြီဖြစ်ပါတယ်။စစ်သင်တန်းအပတ်စဥ် (၅) ကနေစပြီးတော့ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ်ဆိုပြီး ပြည်သူ့ စစ်မှုထမ်းဥပဒေ စတင်ချိန်က စစ်ကောင်စီ ပြောထားပါတယ်။ စစ်ကောင်စီ ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ ခေါ်ယူ စစ်သင်တန်းပေးထားတဲ့ သင်တန်းဆင်းတွေကို တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှေ့တန်းကို တန်းပို့နေတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောထားပါတယ်။

    စစ်ကိုင်း၊ ပဲခူး နဲ့ မန္တလေးတိုင်း တွေထဲက မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက်လာခေါ် တာတွေနဲ့ မနက်ရုံးသွားချိန် စောင့်ခေါ်တာတွေရှိနေတယ်လို့ ဘီဘီစီ က စုံစမ်းသိရှိထားပါတယ်။ စစ်မှုထမ်းဖို့ နေအိမ်ကို ဆင့်ခေါ်စာမရောက်ပဲ အိမ်ရှေ့မှာထိုင်နေတဲ့ မောင်ဖြစ်သူကို ဇူလိုင် ၁၄ ရက်နေ့က စစ်မှုထမ်းဖို့ စစ်ကောင်စီ က ခေါ်သွားတယ်လို့ ‌မုံရွာမြိုခံ တဦးက ပြောပါတယ်။

    စစ်ကောင်စီ ကတော့ ဒီလိုဖမ်းဆီးခေါ်ဆောင်တာတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ မှာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ် အတွင်း အမျိုးသားတွေ စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသမီးတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ် အထိ စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။

    ဗီဒီယို ပုံစာ, မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ ဒေသခံတွေကို လိုက်လံဖမ်းဆီး
  11. ငွေသားအသုံးပြုမှုကို လျှော့ချဖို့ဆိုပြီးစစ်ကောင်စီက ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လစာပေးမယ်

    မြန်မာနိုင်ငံက ATM ငွေထုတ်စက်
    ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံက ATM ငွေထုတ်စက်

    နေပြည်တော်၊ ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ လစာငွေ ကို ဒီဂျစ်တယ်နည်းလမ်းနဲ့ပေးချေနေတာကိုပိုပြီး တွင်တွင်ကျယ်ကျယ်လုပ်နိုင်ဖို့ စစ်ကောင်စီကပြင်နေပြီး အဲဒီအတွက် စစ်ကောင်စီလက်အောက် ဗဟိုဘဏ် က ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေး ဝန်ဆောင်မှုကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးထားတယ်လို့ ပုဂ္ဂလိကဘဏ်တွေဘက်က ပြောပါတယ်။

    ဗဟိုဘဏ်က ‌သြဂုတ် ၇ ရက် ရက်စွဲ နဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေး ဝန်ဆောင်မှုကုမ္ပဏီတွေကိုအကြောင်းကြားတဲ့ အဲဒီအကြောင်းပေးပို့စာအရ ပြည်တွင်းမှာငွေသားသုံးစွဲတာ လျှော့ချနိုင်ဖို့အတွက် နေပြည်တော်မှာ ရှိတဲ့ စစ်ကောင်စီဝန်ကြီးဌာန ၃၄ ခုကို ၂၀၂၃ ခုနှစ်က စလုပ်‌ထားတယ်လို့ နားလည်ရပါတယ်။

    ဒါပေမဲ့ အခု ၂၀၂၄ ခုနှစ် သြဂုတ်မှာတော့ တခြားမြို့တွေနဲ့ က နိုင်ငံဝန်ထမ်းတွေအပြင် နဂိုထက် ထပ်တိုးချဲ့ လုပ်ဆောင်လာတာလို့ဆိုပါတယ်။ ဒါအပြင် နေပြည်တော်၊ ရန်ကုန် နဲ့ မန္တလေးမြို့ တွေမှာရှိတဲ့ ဝန်ထမ်းတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာ ထုတ်ပေးခဲ့တာ ကျပ်ငွေ ၉ ဘီလီယံ အထိ ရှိခဲ့တယ်လို့လည်း ဗဟိုဘဏ် က ထုတ်ပြန်ပါတယ်။

    “အိမ်နီးချင်းနိုင်ငံတွေ အားလုံး ဒီဂျစ်တယ်သွားနေကြတာကြပြီ။ စစ်ကောင်စီက အခုမှလုပ်တာ။ ဒီဂျစ်တယ်ငွေကြေးစနစ်ကို သုံးတတ်အောင် ငွေထုတ်သူနဲ့ သုံးသူတွေကို ပညာပေးအစီအစဥ်တွေ လုပ်ဖို့လိုသေးတယ်” လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။

    ဝန်ထမ်းတွေ ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာထုတ်ပေးဖို့ လုပ်ပိုင်ခွင့်ရခဲ့တဲ့ ပုဂ္ဂလိကဘဏ်တွေထဲမှာ ကမ္ဘောဇဘဏ်၊ ဧရာ၀တီဘဏ်၊ CBဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရွှေဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် စတဲ့ ပုဂ္ဂလိကဘဏ်ကြီးတွေ ပါဝင်ပြီး စစ်ကောင်စီ က နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေတဲ့ ဦးသိမ်းဝေ ပိုင်တဲ့ရိုးမဘဏ်ကိုတော့ စာရင်းထဲမှာ‌ မတွေ့ရပါဘူး။

    ငွေကြေးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေထဲမှာတော့ Zego Pay ကုမ္ပဏီ၊ Nature Link Pay ကုမ္ပဏီ၊ Digital Money Myanmarကုမ္ပဏီ (Wave Money) ၊ Internet Wallet Myanmar ကုမ္ပဏီ (OK$) တွေ လည်း လုပ်ပိုင်ခွင့်ရခဲ့ကြပါတယ်။

  12. PV ပတ်စ်ပို့ နဲ့ ပထမဆုံးအကြိမ် ပြည်ပထွက်သူတွေကို ရန်ကုန်လေဆိပ်မှာ စစ်ဆေးမှု တင်းကျပ်

    ရန်ကုန်လေဆိပ်က ခရီးသွားတွေ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, ရန်ကုန်လေဆိပ်က ခရီးသွားတွေ (ပုံဟောင်း)

    PV လို့ ခေါ်ဝေါ် သုံးနှုန်းတဲ့ အလည်အပတ် ပတ်စ်ပို့ နဲ့ ပထမဆုံးခရီးထွက်သူတွေအနေနဲ့ ရန်ကုန်လေဆိပ်မှာ တင်းကျပ်တဲ့စစ်ဆေးမေးမြန်းမှုတွေခံရတာရှိနေတယ်လို့ကိုယ်တွေ့ကြုံသူတချို့က ဘီဘီစီကို ပြောလာပါတယ်။

    ခရီးသွားအေဂျင်စီတချို့ကတော့ အဲဒီလို စိစစ်မေးမြန်းမှုတွေကတဆင့် ခရီးသွားခွင့်မရသူတွေလည်း ရှိနေတယ်လို့ ‌ပြောဆိုတာတွေလည်းရှိနေပါတယ်။

    ထိုင်း၊ စင်ကာပူ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွင်းဒေသကို သွားရောက်မယ့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်ပိုင်း အမျိုးသား‌နဲ့ အမျိုးသမီးငယ်တွေကို အဓိကထားစစ်ဆေးပြီး လေဆိပ်( လဝက)စစ်ဆေးမှုမရောက်ခင်မှာ ‌ရဲနဲ့ အရပ်ဝတ်လူတချို့က ကောင်တာတခုနဲ့ သွားရောက်မယ့်အကြောင်းအရာအသေးစိတ်၊ အသွားအပြန်လေယာဥ်လက်မှတ်၊ ဟိုတယ်‌ဘွတ်ခ်ကင်အပါအဝင် ပြငွေ ( Show Money) ကိုလည်း အ‌သေးစိတ် တင်းတင်းကျပ်ကျပ် မေးမြန်းတယ်လို့ ပြောပါတယ်။

    "ညီမ ထိုင်းကိုထွက်လာတော့ လိုအပ်တဲ့ အထောက်အထားအားလုံးတခုမကျန်အကုန်တောင်းကြည့်တယ်။ ပထမဆုံး နိုင်ငံခြားထွက်တဲ့ပတ်စ်ပို့အသစ်ဖြစ်တော့ ပိုမေးတယ်။ နောက်ဆုံး ဟိုတယ်ဘွတ်ခ်ကင်ကိုတောင် Paid ( ပေးချေထားပြီး) ဖြစ် မဖြစ် သေချာ တောင်းကြည့်တယ်။ ဘာကြောင့်သွားမှာလဲဆိုတာကို ထပ်ခါ ထပ်ခါ စစ်မေးတယ်။ ဥပမာ - ကျောင်းသွားစုံစမ်းမယ်ဆိုရင် ဘယ်ကျောင်းလဲ။ ဘာဘာသာအတွက်လဲ ကအစ အကုန်မေးတယ်။ တခြားသူတွေကိုလည်း သေသေချာချာစစ်တယ်။ သူတို့မသင်္ကာရင် ပြန်လွှတ်မယ့်သဘောအထိဖြစ်နေတယ်လို့ လေဆိပ်မှာလည်း လူတွေပြောနေကြတာ ကြားခဲ့ရတယ်'' လို့ ထိုင်းကို သြဂုတ် ၂၁ ရက်က ထွက်လာတဲ့ မြန်မာလူငယ်အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

    ခရီးသွားအေဂျင်စီတွေနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေဘက်က အပြောအရ လေဆိပ်မှာ လေဆိပ်ရဲ၊ လဝကအပါအဝင် ဌာနပေါင်းစုံ ပူးပေါင်း အဖွဲ့တွေကို ဆုံးဖြတ်ပိုင်ခွင့် အပြည့်ပေးထားတဲ့ အခြေအနေလို့ ဆိုပါတယ်။

    တချို့လူငယ်တွေအတွက် PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာမယ်ဆိုရင် မိဘ ဒါမှမဟုတ် ယုံကြည်စိတ်ချရသူတစ်ဦးက အာမခံပေးရမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေသလို ပြည်ပထွက်ခွာဖောင် ( တဖက်နိုင်ငံရောက် Arrival ဖောင်) တွေကို ကြိုတင်ဖြည့်ခိုင်းပြီး ပွဲစားတွေကအဲဒီအတွက် ငွေကြေးကောက်ခံတာတွေ လုပ်နေတယ်လို့ လေဆိပ်ထဲ အလုပ်လုပ်ကိုင်တဲ့အသိုင်းအဝိုင်းတွေက ‌ပြောဆိုကြပါတယ်။

    ပြီးခဲ့တဲ့ရက်အတွင်းကတော့ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်ပြီး အလုပ်အကိုင်ဗီဇာနဲ့ ပြည်ပထွက်ခွာမယ့်သူတွေကို လေဆိပ်နဲ့နယ်စပ်ဂိတ်အားလုံးမှာ စိစစ်တားမြစ်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားသလို ပြည်ပကို အလုပ်အကိုင်နဲ့သွားရောက်မယ့်သူတွေဟာ Passport for Job -PJ ( အလုပ်အကိုင် နိုင်ငံကူးလက်မှတ် အမျိုးအစား)နဲ့သာသွားရောက်ရမယ်လို့ ‌ကြေညာထားပါတယ်။

  13. ကမ္ဘာ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံတိုင်း မြန်မာ့အရေး အလေးထားပြောလေ့ရှိတယ်လို့ တီမောသမ္မတ ပြော

    အခုနှစ် ဇန်နဝါရီလမှာ ပြင်သစ်သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ တီမောသမ္မတ(ဘယ်ဘက်)
    ဓာတ်ပုံ ပုံစာ, အခုနှစ် ဇန်နဝါရီလမှာ ပြင်သစ်သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ တီမောသမ္မတ(ဘယ်ဘက်)

    မြန်မာပြည်အရေးကို ပုပ်ရဟန်းမင်းကြီးအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံတိုင်းမှာ အလေးထားပြောလေ့ရှိတယ်လို့ တီမောနိုင်ငံသမ္မတက ထုတ်ပြောလာပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သြဂုတ်လ ၂၂ ရက်မှာ အွန်လိုင်းကနေ ပြုလုပ်တဲ့ မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်မှုတွေအကြောင်း ဆွေးနွေးပွဲမှာ တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ‘‘ကျွန်တော်ဟာ မိတ်ဆွေတို့အတွက် ဘယ်တော့မှ အခွင့်အရေး လက်လွတ်မခံခဲ့ပါဘူး။ ပုပ်ရဟန်း မင်းကြီးနဲ့ တွေ့တာဖြစ်စေ၊ ပြင်သစ်သမ္မတ၊ အင်ဒိုနီးရှားသမ္မတ၊ တခြား ဘယ်ခေါင်းဆောင်တွေနဲ့ပဲ စကားပြောခွင့် ကြုံပါစေ မိတ်ဆွေတို့အတွက် အမြဲပြောဆိုပေးနေခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အကူအညီလိုအပ်နေတာတွေကိုလည်း လက်မလွတ်စတမ်း ပြောပြနေခဲ့ပါတယ်’’ လို့ တီမောသမ္မတ ပြောပါတယ်။

    မြန်မာပြည်တွင်းမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် တီမောနိုင်ငံဟာ NUG အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့နွေဦးတော်လှန်ရေးဆင်နွှဲသူတွေကို နိုင်ငံ့သမ္မတ ကိုယ်တိုင်က ထင်ထင်ပေါ်ပေါ် ထောက်ခံ အားပေးနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

    ဒါ့အပြင် တီမောသမ္မတနဲ့ အစိုးရအဖွဲ့ ကျမ်းကျိန်ဆိုပွဲကို NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဖိတ်ကြား တက်ရောက်စေခဲ့လို့ဆိုပြီး မြန်မာစစ်ကောင်စီက ရန်ကုန်မှာရှိတဲ့တီမောသံရုံးနဲ့ သံအရာရှိတွေကို နှင်ထုတ်မှု ပြီးခဲ့တဲ့နှစ်တုန်းက ဖြစ်ခဲ့ပါတယ်။

  14. တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်တဲ့ မြို့ ၇၇ မြို့ ရှိပြီလို့ NUG ‌ပြော

    အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း
    ဓာတ်ပုံ ပုံစာ, အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း

    နွေဦးတော်လှန်ရေး ၃ နှစ်ကျော်အတွင်း တော်လှန်ရေးအင်အားစုတွေစိုးမိုးထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့ ပေါင်း ၇၇ မြို့ အထိ ရှိနေပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောလိုက်ပါတယ်။

    ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့တွေ လှုပ်ရှားလို့မရနိုင်အောင် ဝိုင်းဝန်းပိတ်ဆိုထားတဲ့ မြို့ ၁၀၅ မြို့ ရှိတယ် လို့လည်း NUG က ပြောပါတယ်။

    သြဂုတ်လ ၂၁ ရက် က “နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုများ” ဆိုတဲ့ခေါင်းစဥ်နဲ့ အွန်လိုင်းကနေလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နွေဦးတော်လှန်ရေးလက်ရှိရောက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောခဲ့တာဖြစ်ပါတယ်။

    “နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုများ” ဆိုတဲ့ခေါင်းစဥ်နဲ့ ဆွေးနွေးကြသူများ
    ဓာတ်ပုံ ပုံစာ, “နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုများ” ဆိုတဲ့ခေါင်းစဥ်နဲ့ ဆွေးနွေးကြသူများ

    မြန်မာနိုင်ငံကို စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ ရာခိုင်နှုန်းဟာ ၂၈ ရာခိုင်နှုန်းတောင် မရှိတော့ပဲ စစ်တပ်မရှိရင် တိုင်းပြည် တစစီပြိုကွဲသွားမယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း လက်မခံဘူးလို့လည်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။

    “မြန်မာစစ်တပ်မရှိရင် တိုင်းပြည်ဟာ အချင်းချင်းမညီညွှတ်ပဲ တစစီပြိုကွဲသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်သလိုလို စွပ်စွဲသလိုလို စကားတွေကြားနေရပါတယ်။ ကျွန်တော်တို့သွားမယ့်တိုင်းပြည်ဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ပါဘူး” လို့ မန်းဝင်းခိုင်သန်း က ပြောခဲ့ပါတယ်။

    တော်လှန်ရေးအင်အားစုတွေအပေါ် နိုင်ငံတကာ က ယုံကြည်မှုအားနည်းပြီး တော်လှန်ရေး အင်အားစု တွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ထိန်းနိုင်ပါ့ မလားဆိုတဲ့ စိုးရိမ်မေးခွန်းထုတ်တာတွေ ရှိနေတယ်လို့ လည်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သြဂုတ် ၂၁ ရက်နေ့ မှာလုပ်တဲ့ NUG ဝန်ကြီးတွေ အစည်းအဝေးမှာ ပြောခဲ့ပါသေးတယ်။