တိုက်ပွဲတွေနဲ့ နီးကပ်လာတဲ့ မန္တလေးမြို့မှာ လုံခြုံရေးတင်းကျပ်

မန္တလေးတဝိုက်ကပ်လာတဲ့တိုက်ပွဲတွေနဲ့နောင်ချို၊‌ကျောက်မဲနဲ့သီပေါက ‌စစ်ရေးအခြေအနေသတင်းအပါအဝင် ဇူလိုင် ၂၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • နောင်ချို၊ကျောက်မဲ၊သီပေါမှာ အရပ်သား ၅၀နီးပါးသေဆုံး
  • မြန်မာကို လက်နက်တင်ပို့ခွင့် တောင်အာဖရိကတရားရုံးချုပ် ပယ်ဖျက်
  • အင်းစိန်ထောင်က နိုင်ကျဉ်း ရာနဲ့ချီ ဒိုက်ဦးနဲ့သာယာဝတီထောင်ကို ပြောင်းရွှေ့
  • တိုက်ပွဲနီးတဲ့ မန္တလေးမှာ လုံခြုံရေးတင်းကျပ်
  • ရှမ်းတောင်က ညောင်ရွှေနဲ့ ရှမ်းမြောက်က လားရှိုးမြို့တို့မှာ တိုက်ပွဲ ဆက်ရှိနေ
  • ထိုင်းမှာ တပတ်အတွင်း မြန်မာနိုင်ငံသား ၁၇,၀၀၀ ကျော် ထပ်မံဖမ်းဆီးခံရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၂၂ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ထိုင်းမှာ တပတ်အတွင်း မြန်မာနိုင်ငံသား ၁၇,၀၀၀ ကျော် ထပ်မံဖမ်းဆီးခံရ

    မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့အဝင်မှာ စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေ
    ဓာတ်ပုံ ပုံစာ, မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့အဝင်မှာ စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေ

    ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၇၀၀၀ ကျော်ကို တပတ်အတွင်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    အခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်ထုတ်ပြန်တာဖြစ်ပြီး မကြာသေးခင်ရက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ပထမအကြိမ်ကြေညာချက်ထဲမှာတော့ ၁ လအတွင်း မြန်မာနိုင်ငံသား ၈၀,၉၁၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ပြောထားပါတယ်။

    ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ရက် ၁၂၀ စီမံချက်အရ အထောက်အထားမဲ့ အလုပ်သမားတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ၄၃ ရက်အတွင်း လူပေါင်း ၁၃၀,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

    အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၉၇,၄၄၈ ဦးအထိ အများဆုံးပါဝင်နေတာဖြစ်ပြီး လူ ၅၇၀ ကိုတော့ ထိုင်းအလုပ်သမားဥပဒေတွေနဲ့ အမှုဖွင့်အရေးထားပြီးပြီလို့လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

    ထိုင်းအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံအတွင်းက နေရာပေါင်း တစ်သောင်းကျော်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ၃၄၈ နေရာကိုလည်း အရေးယူထားတယ်လို့ထုတ်ပြန်ပါတယ်။

    ထိုင်းနိုင်ငံအတွင်းမှာ ရက် ၁၂၀ စီမံချက်နဲ့ အထောက်အထားမဲ့ အလုပ်သမားတွေ ကို ဖမ်းဆီးထားတဲ့အထဲမှာ ကမ္ဘောဒီးယား အလုပ်သမား ၂၀၃၈၆ ဦး ၊ လာအို အလုပ်သမား ၈၈၂၉ ဦး ၊ ဗီယက်နမ် အလုပ်သမား ၁၀၄ ဦး နဲ့ အခြားနိုင်ငံသား အလုပ်သမား ၄၃၂၄ ဦးအထိ ရှိနေပြီလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

    ထိုင်းနိုင်ငံမှာ အထောက်ထားမဲ့ အလုပ်လုပ်ကိုင်နေတာကို ဖမ်းမိရင် ဘတ်ငွေ ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်ကို ၂ နှစ် အထိ ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဥပဒေတွေမှာ ဖော်ပြထားပါတယ်။

  3. လားရှိုးမြို့မှာ တိုက်ပွဲတွေဆက်ဖြစ်ပွားနေ

    လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်ဆီးသွားတဲ့ လားရှိုးမြို့ထဲက နေအိမ်တစ်လုံး
    ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးသွားတဲ့ လားရှိုးမြို့ထဲက နေအိမ်တစ်လုံး

    လားရှိုးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့်တပ်(MNDAA)တွေ တိုက်ပွဲတွေဆက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းထဲက လားရှိုးမြို့အဝင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ၄၁ တပ်ရင်းနဲ့ ခြေလျင်တပ်ရင်း ၅၀၇ တပ် နားတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့လည်း ပြောပါတယ်။

    “အပစ်ရပ်စာတွေ ထုတ်တယ်ဆိုပေမဲ့ တိုက်ပွဲတွေကမရပ်ပါဘူး။ နေတိုင်းဖြစ်နေတာ ” လို့ လားရှိုးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့တာကြောင့် အရပ်သား သေဆုံး ဒဏ်ရာရတာတွေ ရှိနေတယ်လို့လည်း လူမှုရေးပရဟိတအသင်းတွေက ပြောပါတယ်။

    စစ်ကောင်စီနဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာ မြို့အဝင်အထွက် နေရာတွေမှာ ဖြစ်နေတာကြောင့် အဝင်အထွက်လုပ်လို့မရတော့ဘူးလို့လည်း လားရှိုး‌ဒေသခံတွေက ပြောပါတယ်။

    “လားရှိုးမြို့က လူဦးရေ လူ ၂ သိန်းခွဲလောက်ရှိတဲ့ထဲက ၁ သိန်းကျော်က စစ်ရှောင်သွားကြပြီ။ ကျန်နေတဲ့သူတွေက မိသားစုများတဲ့သူတွေ၊ ငွေကြေးမတက်နိုင်တဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်သူတွေအထဲမှာ ပိတ်မိနေတယ်”လို့ လည်းပြောပါတယ်။

    တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ ရက်ကနေ ၃၁ ရက်နေ့ အထိ ထိုးစစ်တွေ ရပ်ထားမယ်လို့ ကိုးကန့်တပ် (MNDAA) က ဇူလိုင် ၂၀ ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။

    ဒါပေမဲ့လည်း စစ်ကောင်စီဘက်က တိုက်ခိုက်လာရင်တော့ တန်ပြန်တိုက်ခိုက်ဖို့ပါ မှာ ထားတယ်လို့ MNDAA က ပြောပါတယ်။

    ကိုးကန့်တပ်ဟာ တရုတ်မှာ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးရှိနေလို့ ဆိုပြီးဇူလိုင် ၁၄ ရက်ကစလို့ ၁၈ ရက်အထိ အပစ်ရပ်ခဲ့ပါသေးတယ်။

  4. ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေ

    ပင်လောင်းမြို့နယ်ဘက်ကို ရောက်နေကြတဲ့ ညောင်ရွှေစစ်ဘေးရှောင်တွေ
    ဓာတ်ပုံ ပုံစာ, ပင်လောင်းမြို့နယ်ဘက်ကို ရောက်နေကြတဲ့ ညောင်ရွှေစစ်ဘေးရှောင်တွေ

    ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေ ဇူလိုင် ၂၀ ရက်ကနေ စပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ‌မြေပြင်သတင်းအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

    ဇူလိုင် ၂၁ ရက်နေ့က ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာနားကို စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ ကလေး ၃ ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

    ဒဏ်ရာရခဲ့တဲ့သူတွေကိုတော့ တောင်ကြီးဆေးရုံကို ပိုဆောင်ထားတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    စစ်ကောင်စီဟာ စံကားကျေးရွာ အနောက်ဘက်ပိုင်းကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    ညောင်ရွှေမြို့နယ် ဒေသခံတွေကတော့ ပင်လောင်းမြို့နယ်ဘက်ကို စစ်ဘေးရှောင်နေကြတယ်လို့လည်း ဒေသတွင်း သတင်းမီဒီယာတွေက ရေးသားကြပါတယ်။

  5. တပ်မြို့ ပြင်ဦးလွင်မှာ မြို့ဝင်/ထွက် လုံခြုံရေးတင်းကျပ်စစ်ဆေး, ပြင်ဦးလွင်ကနေ ကြိုတင်ရှောင်တိမ်းသူတွေရှိလာ

    ပြင်ဦးလွင်မြို့နာရီစင်နဲ့လမ်းသွားလမ်းလာမြို့ခံ
    ဓာတ်ပုံ ပုံစာ, ၂၀၂၃ခုနှစ်တုန်းက မြင်ရတဲ့ ပြင်ဦးလွင်မြို့ (ပုံဟောင်း)

    တအာင်းတပ် - TNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊ နောင်ချိုမြို့ နဲ့ ၃၅မိုင်အကွာက တပ်မြို့ လို့ ခေါ်ကြတဲ့ ပြင်ဦးလွင်မြို့မှာ မြို့ဝင်/မြို့ထွက်အားလုံးကို စစ်ကောင်စီတပ်တွေက လုံခြုံရေးချထားသလို တင်းကျပ်စစ်ဆေးတာတွေရှိတယ်လို့ ပြင်ဦးလွင်မြို့ခံ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယပတ်က ပြင်ဦးလွင်မြို့ ကနေ တိမ်းရှောင်ကြဖို့ စာကပ်တာတွေရှိလို့ စစ်ဘေးလွတ်ရာမြို့တွေကို စစ်ရှောင်သူတွေလည်းရှိနေတယ်လို့ မြို့ခံတချို့ကပြောပါတယ်။

    '' ပြင်ဦးလွင်မှာ ၂၀ ရက်နေ့ စစ်ရှောင်ကြဖို့ဆိုပြီးစာတွေကပ်တာတွေ့တယ်။ စစ်တပ်က စာတွေကိုလိုက်ခွာတယ်။ အဲဒီကတည်းက မြို့ကနေ ထွက်ကြတဲ့သူတွေရှိတယ်။ ဒီနေ့ ( ဇူလိုင် ၂၂ ရက်) တော့ ပုံမှန်ပဲသွားလာနေကြတယ် ။ ဒါပေမဲ့ သတိရှိနေကြတာပေါ့။'' လို့ မြို့ခံတစ်ဦးကပြောပါတယ်။

    TNLAနဲ့ ပူးပေါင်းတပ်တွေဘက်က နောင်ချိုမြို့နယ်ထဲက ခမရ ၁၁၄ ၊ ခမရ ၁၁၅ ၊ ကံ့ကော် ၊ ခဲမွန်စစ်၊ ကျောက်ကြမ်း၊ အုမ္မတီး တပ်စခန်းတွေကိုလည်း သိမ်းထားတာပါ။

    တဖက်မှာလည်း နောင်ချို့မြို့ကို ပြန်ရရေး စစ်ကောင်စီက လက်နက်ကြီးတွေ ပြင်တာနဲ့ စစ်အင်အားဖြည့်တာတွေရှိနေတယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

    ပြင်ဦးလွင်လိုပဲ တိုက်ပွဲဧရိယာတွေ နဲ့နီးကပ်လာတဲ့ မန္တလေးမြို့က မြို့ခံတွေကလည်း မြို့ကနေ တိမ်းရှောင်ဖို့ အဆင် သင့်အနေအထားနဲ့ ကြိုတင်ပြင်ဆင်ထားကြတယ်လို့ ဘီဘီစီကိုပြောပါတယ်။

  6. တိုက်ပွဲတွေနဲ့ နီးကပ်လာတဲ့ မန္တလေးမြို့မှာ လုံခြုံရေးတင်းကျပ်, မန္တလေးမြို့ခံတွေ စစ်ရေးသတိနဲ့ နေနေရ

    မန္တ‌လေးမြို့ လမ်းပေါ်က ရဲတပ်ဖွဲ့ဝင်တွေ
    ဓာတ်ပုံ ပုံစာ, ၂၀၂၁ခုနှစ် မန္တလေးမြို့ပေါ်က ဆန္ဒထုတ်ဖော်တာတွေကို ဖြိုခွင်းဖို့ သွားလာနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    မန္တလေးတိုင်း ၊ မန္တလေးမြို့ထဲကို ရှမ်းမြောက်က တိုက်ပွဲဒေသတွေနဲ့ စစ်ရေးတင်းမာနေတဲ့ ဒေသတွေက ရောက်လာတဲ့ မြို့ခံတွေကိုသာမက မြို့တွင်းဒေသခံတွေရဲ့ အဝင်/အထွက်တွေကိုပါ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ မြို့ခံတချို့နဲ့ စစ်ရှောင်ရောက်နေသူတချို့က ပြောပါတယ်။

    စစ်ကောင်စီတပ်နဲ့ တအာင်းတပ်- TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တ‌လေး)ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ မတ္တရာ၊စဉ့်ကူးနဲ့လက်ပန်လှရွာဘက်ကလာသူတွေကို မန္တလေးမြို့ဝင်ဂိတ်တွေမှာ စစ်ကောင်စီလုံခြုံရေးအဖွဲ့စုံက မှတ်ပုံတင်တွေစစ်ပြီး မန္တလေးမြို့ထဲကို ဝင်ခွင့်မပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

    “ဘာတရားဥပဒေမှမရှိတော့ဘူး။ အဖွဲ့စုံကမစောင့်ရင်လည်း လုပ်စားတဲ့သူတွေက ဂိတ်ထိုင်ပြီး ငွေတောင်း တယ်”လို့ သူကပြောပါတယ်။

    လက်ရှိမှာ မန္တလေး မြို့အပြင်ဘက်က ဒေသတွေမှာ စစ်ရေးတင်းမာနေတာကြောင့် မန္တလေးမြို့ခံတွေလည်း စစ်ရေးသတိနဲ့ နေနေကြရသလို ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ မန္တလေးမြို့မှာနေထိုင်နေသူတွေက ပြောပါတယ်။

    မန္တလေးနဲ့အကွာအဝေး ၂၅ မိုင်၊ တစ်နာရီခရီးသာရှိတဲ့ မတ္တရာမှာတိုက်ပွဲစလာတဲ့နောက်ပိုင်း ဆန်ဈေးက သုံးပုံတစ်ပုံ ပိုတက်လာပြီး ဆန်ချောတစ်အိတ်ကို ငွေကျပ် ၂ သိန်းကျော်တယ်လို့ မြို့ခံတစ်ဦးကပြောပါ တယ်။

    တိုက်ပွဲမြို့ပေါ်ရောက်လာရင် ရှောင်တိမ်းဖို့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ထုပ်ပိုး ပြင်ဆင်ထားကြ တယ်လို့ လည်းပြောပါတယ်။ “ကျောက်မဲကနေ ဒီပြောင်းလာတာ။ ဒီကနေ ထပ်ပြေးဖို့လည်း ရန်ကုန်ဘက်တော့ အခန်းရှာနေတယ်။ သက်ကြီးဘိုးဘွားနဲ့ပြေးနေရတော့ စိတ်လည်းကုန်လာပြီ”လို့ မန္တလေးမှာ စစ်ရှောင်နေသူတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ TNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တ‌လေး)နဲ့ပူးပေါင်းတပ်တွေမှာ မတ္တရာ အင်ကြင်းမြိုင်လေတပ်စခန်းကိုသိမ်းထားသလို စဥ့်ကူးမြို့ကိုလည်းထိန်းချုပ်ထားနိုင်ပြီးဖြစ်ကာ ဒီမြို့နဲ့ပတ်ဝန်းကျင်မှာ စစ်ကောင်စီ ကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်တာတွေ ဆက်လုပ်နေတာဖြစ်ပါတယ်။

  7. အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ရာနဲချီ ထောင်ပြောင်းရွှေ့

    အင်းစိန်ထောင်ရှေ့က အချုပ်ကား
    ဓာတ်ပုံ ပုံစာ, အင်းစိန်အကျဉ်းထောင် (ပုံဟောင်း)

    ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီကို ပဲခူးတိုင်းထဲက ဒိုက်ဦးထောင် နဲ့ သာယာဝတီထောင်တို့ကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMက ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    ထောင်ပြောင်းရွှေ့တာကို ဇူလိုင် ၂၁ ရက် မနက်အစောပိုင်းမှာ လုပ်ခဲ့တာလို့ PPNM ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။

    နိုင်ငံရေးအကျဉ်းသားဦးစားပေးပြီး အကျဉ်းသား ၂၀၀ ဦး နဲ့ အကျဉ်းသူ ၆၀ ဦး ဒိုက်ဦးအကျဉ်းထောင်ရောက်သွားတဲ့ သတင်းရထားပေမယ့် သာယာဝတီထောင်ရောက်တဲ့အရေအတွက်တော့ မရသေးဘူးလို့ PPNM ရဲ့ ဦးဆောင်သူ ကိုသိုက်ထွန်းဦးကပြောပါတယ်။

    “ဒါဟာရိုးရိုးတန်းတန်းပြောင်းတာမဟုတ်ဘဲ စစ်ဆင်ရေးတစ်ခုလို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဘာလို့လဲ ဆိုရင် ဇွန် ၁၉ ရက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကနေ ဇူလိုင် ၇ ရက် ၊ ၁၉ ရက်ရှိသလို ဇူလိုင် ၂၃ ရက် ကိုဖြိုးဇေယျာတို့ကြိုးပေးခံရတဲ့အတွက် ထောင်တွင်းလှုပ်ရှားမှုတွေရှိတယ်။ သြဂုတ်လ ၈ ရက် ထိ ၈ လေးလုံး လှုပ်ရှားမှုတွေရှိတဲ့အတွက် ဒီလိုမဖြစ်အောင် လူခွဲပြီး အကျဉ်းသားတွေကိုအကြောက်တရား ရိုက်သွင်းနေတာလို့ ယူဆပါတယ်” လို့ သူက သုံးသပ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင် ၂၀၂၄ ဇွန်လ ၁၅ ရက် ကစလို့ မွန်ပြည်နယ် ကျိုက်မရောထောင် နဲ့ မန္တလေးတိုင်း အိုးဘိုထောင်ကနေ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၂၄၀ ဝန်းကျင်ကို ထောင်ပြောင်းရွှေ့ခဲ့ ပါတယ်။

    အကျဥ်းဦးစီးဌာနဝန်ထမ်းတွေက ဒီလိုထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ကျဉ်းတွေကို ရုပ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက် တာရှိတယ်လို့လည်း PPNM က ထုတ်ပြန်ခဲ့တာတွေလည်းရှိပါတယ်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့အချက်အလက်အရ ၂၀၂၁ စစ်အာဏာသိမ်းပြီနောက်ပိုင်း ဖမ်းဆီးခံရသူ ၂၇၀၈၅ ဦးထဲက ၂၀၇၇၆ ဦးဟာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

  8. မြန်မာကို လက်နက်တင်ပို့ခွင့် တောင်အာဖရိက တရားရုံးချုပ်ပယ်ဖျက်

    ရန်ကုန်မြို့‌ပေါ်က စစ်ကောင်စီတပ်သားတွေ
    ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်လှုပ်ရှားမှုရှိတဲ့ ရက်အတွင်း ရန်ကုန်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ (ပုံဟောင်း)

    တောင်အာဖရိကနိုင်ငံ သမားရိုးကျလက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီ NCACC က ခွင့်ပြုထားတဲ့ မြန်မာနိုင်ငံကို စစ်လက်နက်လွှဲပြောင်းရောင်းချခွင့်ကို တောင်အာဖရိက တရားရုံးချုပ်ကပယ်ဖျက်လိုက် တယ်လို့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလေ့လာစောင့်ကြည့်နေတဲ့ Justice For Myanmar အဖွဲ့ က ထုတ်ပြန်ပါတယ်။

    တောင်အာဖရိက ကနေ မြန်မာကိုစစ်လက်နက်ရောင်းချတာရပ်တန့်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာရှေ့နေများ LHR က တောင်ပိုင်းအာဖရိကတရားရေးစင်တာ SALC ကို ကိုယ်စားပြုပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

    တရားရုံးချုပ်ရဲ့ အမိန့်မှာ NCACC အနေနဲ့ '' ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တဲ့ အစိုးရအပြောင်းအလဲကို လုပ်ဆောင်ထားတဲ့နိုင်ငံ'' ၊ '' အထူးကိုယ်စားလှယ်၊ လွတ်လပ်အမှီအခို ကင်းသော ကျွမ်းကျင်သူ သို့မဟုတ် ကုလသမဂ္ဂရဲ့ အပ်နှင်းအာဏာနဲ့ လုပ်ဆောင်နေတဲ့ အခြားပုဂ္ဂိုလ်တို့က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထားတယ်လို့ ကျိုးကြောင်းဆီလျှော်စွာ သံသယဖြစ်ခံထားရတဲ့ နိုင်ငံ'' ကို စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားဖို့ တာဝန်ရှိတယ်လို့ ကြေညာပါတယ်။

    “ထင်ရှားတဲ့ သက်သေအထောက်အထားတွေ ရှိနေချိန်မှာ NCACC ရဲ့ အရေးယူဆောင်ရွက်မှု မရှိခဲ့တာဟာ ဥပဒေကြောင်းဆိုင်ရာထိန်းကွပ်မှုကိစ္စ သတ်သတ်မဟုတ်ဘဲ ကျင့်ဝတ်ဆိုင်ရာ ပျက်ကွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့အမိန့်ဟာ တောင်အာဖရိကရဲ့ မူဝါဒတွေက ကျွန်ုပ်တို့ရဲ့ တန်ဖိုးတွေနဲ့ အခြေခံမူတွေကို ထင်ဟပ်ကြောင်း သေချာစေမယ့် အလားအလာ ရှိနေပါတယ်” လို့ LHR က တရားလွှတ်တော်ရှေ့နေ Charné Tracey ကပြောပါတယ်။

    Justice For Myanmar ရဲ့ ပြော‌ရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကိုကြိုဆိုပြီး တောင်အာဖရိကအာဏာပိုင်တွေဘက်က အပြည့်အဝအသက်ဝင်အောင်‌ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။

    တောင်အာဖရိကနိုင်ငံဟာ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်တွေတင်ပို့ခဲ့တယ်လို့ Justice For Myanmar ရဲ့ထုတ်ပြန်ချက်အ‌ရသိရပါတယ်။

    မြန်မာစစ်တပ်ဘက်ကတော့ Justice For Myanmar ရဲ့ထုတ်ပြန်ချက်နဲ့အတူ တောင်အာဖရိက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ်် တစ်စုံတစ်ရာတုံ့ပြန်တာမတွေ့ရသေးပါဘူး။

  9. ရှမ်းမြောက်ဒေသ ၃ခု မှာ နှစ်ပတ်အတွင်း အရပ်သား ၅၀ နီးပါးသေဆုံး

    ကယ်ဆယ်ရေးအဖွဲ့နဲ့သေဆုံးသူ
    ဓာတ်ပုံ ပုံစာ, ကျောက်မဲမြို့၊နမ့်ဟူးတောင်အထက်ကျေးရွာက လက်နက်ကြီးထိမှန်သေဆုံးသူတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေ သယ်ယူလာ(ပုံဟောင်း)

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ဖြစ်ပွားခဲ့တဲ့ နောင်ချို၊ ကျောက်မဲ နဲ့ သီပေါမြို့ ၃ မြို့မှာ နှစ်ပတ်အတွင်း အရပ်သား ၄၆ ဦး သေဆုံးပြီး ၃၅ ဦးဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

    ဒီအရေအတွက်ဟာ ၁၀၂၇ ဒုတိယအကျော့ စစ်ဆင်ရေးမစခင် စစ်ကောင်စီ ဘက်က ကျောက်မဲ မှာလေကြောင်းပစ်ခတ်ခဲ့တဲ့ ဇွန် ၁၉ရက် ကနေ ဇူလိုင် ၄ရက်အထိ ကောက်ယူထားတာဖြစ်တယ်လို့ဆိုပါတယ်။ ‌

    လက်ရှိအချိန်မှာ မြေပြင်ကထိခိုက်သေဆုံးမှုတွေဟာ ဒီအရေအတွက်ပိုများနိုင်တယ်လို့ လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကပြောပါတယ်။

    အရပ်သားထိခိုက်သေဆုံးတာအပြင် လူနေအိမ်နဲ့အဆောက်အဦး ၁၅၀ ကျော်လည်းပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့စာရင်းအရသိရပါတယ်။

    သေဆုံးထိခိုက် ဒဏ်ရာရတဲ့အရေအတွက်အများဆုံးက ‌ကျောက်မဲမြို့ကဖြစ်ပြီး ၄၄ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ရှမ်းမြောက်ဒေသက တိုက်ပွဲတွေ၊ လေကြောင်းပစ်ခတ်မှုတွေရှိနေတဲ့ အဲဒီ ၃ မြို့ဟာ နောင်ချို၊သီပေါနဲ့ ကျောက်မဲမြို့တွေဟာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားတဲ့မြို့တွေဖြစ်ပါတယ်။