အကြံပေးမထား၊ အိမ်သေးသေးမှာနေပြီး ကိုယ့်ကော်ဖီကိုယ်ဝယ်သောက်တဲ့ အမတ်များ

ဓာတ်ပုံ ရင်းမြစ်, Jonas Esbjörnsson
- ရေးသားသူ, ကလော်ဒီယာ ဝေါ်လင်
- ရာထူးတာဝန်, ဘီဘီစီဘရာဇီးဌာန၊ စတော့ဟုမ်း
- ရေးသားခဲ့သည်။
နိုင်ငံရေးလုပ်တယ်ဆိုတာ ဝင်ငွေကောင်းတယ်လို့ ထင်ကောင်းထင်စရာရှိပါတယ်။
ဒါပေမဲ့ ဆွီဒင်မှာတော့ အဲလို မဟုတ်ပါဘူး။
စကင်ဒီနေးဗီးယား နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံမှာ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူကို ကိုယ်စားပြုတဲ့သူတွေက ခြိုးခြိုးခြံခြံ ချွေချွေတာတာ လုပ်ကြတဲ့အလုပ်လို့ သတ်မှတ်ထားပါတယ်။
အသုံးစရိတ်တွေ ဖောဖောသီသီသုံးမယ့် အစား ဆွီဒင်အမတ်တွေဟာ ပြည်သူတွေ ပေးထားတဲ့ အခွန်ဘဏ္ဍာတွေကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတဲ့ထဲကပဲ သုံးရပါတယ်။
သာမန်ပြည်သူတွေ
ကျွန်တော်တို့ဟာ သာမန်ပြည်သူတွေပါပဲလို့ ဆွီဒင် ဒီမိုကရက်ပါတီက အမတ် ပါအမ်း ဟာကန်စန်က ပြောပါတယ်။
ကျွန်တော်တို့အလုပ်ကိုက ပြည်သူတွေရဲ့ တကယ့်ဘဝတွေနဲ့ ပြည်သူတွေကို ကိုယ်စားပြုရမှာဆိုတော့ အမတ်တွေက အခွင့်ထူးခံဖို့ဆိုတာ မဖြစ်သင့်ပါဘူးလို့ သူက ပြောပါတယ်။
ကျွန်တော်တို့အတွက် အခွင့်ထူးဆိုတာ ဒီအလုပ်ကို လုပ်ခွင့်ရပြီး နိုင်ငံရဲ့ ရှေ့ဆက်မယ့်လုပ်ငန်းတွေကို အဆုံးအဖြတ် ပေးနိုင်တာကို လုပ်ခွင့်ရတာပဲ ဖြစ်ပါတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမတ်တွေဟာ ကားတွေ၊ ရထားတွေတော့ အခမဲ့ စီးလို့ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံတော်တော်များများက အမတ်တွေလိုတော့ သူတို့အတွက် ကိုယ်ပိုင်ကားတွေ ယာဉ်မောင်းတွေ မရပါဘူး။
ဥပမာ လွှတ်တော်မှာတောင် ကားဆိုလို့ ဗော်လဗို S80s သုံးစီးပဲ ရှိပါတယ်။ ရှိတဲ့ သုံးစီးကလေးကလည်း လွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ သုံးယောက်တို့ အခမ်းအနားတက်တာတွေမှာ သုံးဖို့ပဲ ထားတာ ဖြစ်ပါတယ်။
လစာ
ဒီမှာတော့ တက္ကစီမရှိပါဘူး၊ စီစဉ်မပေးပါဘူးလို့ ပါလီမန်ရုံးက ရီနေးပိုအက်ကေးကပြောပါတယ်။
ရုံးမှာရှိတဲ့ ကားတွေကလည်း အမတ်တွေကို ကြိုဖို့ ပြန်ပို့ပေးဖို့ မသုံးပါဘူး။ဆွီဒင်မှာ အမြဲတမ်း စီးစရာကား ရထားသူ နိုင်ငံရေးသမားက တစ်ယောက်ပဲ ရှိပါတယ်။ အဲဒါက ဝန်ကြီးချုပ်ပါ။

ဓာတ်ပုံ ရင်းမြစ်, Camilla Svensk/Sveriges Riksdag
ဆွီဒင်မှာ ပါလီမန်အမတ်တစ်ယောက်ဟာ လစာ တစ်လကို ဒေါ်လာ ၆၉၀၀ လောက်ရပါတယ်။ ဒါက အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တစ်ယောက်ရတဲ့ လစာ ၁၄၀၀၀ နဲ့ နှိုင်းယှဉ်ရင် တဝက်လောက်ပဲ ရှိပါတယ်။
ဆွီဒင်မှာ လူတစ်ဦးရဲ့ တစ်လ ပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၂၈၀၀ ပါ။
စီးပွားရေးအရ မက်လုံးကောင်းသလား
ကိုယ့်မဲဆန္ဒနယ်က မြို့တော်စတော့ဟုမ်းရဲ့ အပြင်ဘက်မှာ ရှိတဲ့ အမတ်တွေကတော့ မြို့ထဲလာပြီး လွှတ်တော်တက်၊ ရုံးတက်ရတဲ့ နေ့တွေအတွက် နေ့တွက်စရိတ်ရကြပါတယ်။ အဲဒါက တစ်နေ့ကို ၁၂ ဒေါ်လာလောက် ရပါတယ်။ အဲဒီလောက် ငွေနဲ့ စတော့ဟုမ်းမှာ နေ့လယ်စာ ကောင်းကောင်းတောင် ဝယ်မစားနိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Ingemar Edfalk/Sveriges Riksdag
တကယ်ဆို ၁၉၅၇ ခုနှစ်အထိ ဆွီဒင်မှာ လွှတ်တော်အမတ်တွေ လစာမရခဲ့ပါဘူး။ အဲဒီတုန်းက ကိုယ့်ပါတီ အမတ်တွေအတွက် ပါတီဝင်တွေကပဲ စုပေါင်းထည့်ဝင်ပြီး ထောက်ပံ့ခဲ့ကြပါတယ်။
လစာပေးဖို့ သတ်မှတ်လိုက်ရတာကလည်း နိုင်ငံရေးထဲဝင်ပြီး လွှတ်တော်အမတ်လုပ်ချင်တဲ့ ပြည်သူတွေအတွက် အတားအဆီး အခက်အခဲမရှိအောင် လုပ်ခဲ့တာလို့ ပါလီမန်မှတ်တမ်းတွေက ဆိုပါတယ်။ ဒါပေမယ့် အဲဒီလို ပေးတဲ့လစာတွေကလည်း သိပ်ကောင်းပြီး နိုင်ငံရေးထဲ ဝင်ရတာဟာ ချမ်းသာကြွယ်ဝတဲ့ လမ်းကြောင်း တစ်ခုအဖြစ် မြင်သွားကြမှာကိုလည်း ဆွီဒင်ပြည်သူတွေက မလိုလားကြပါဘူး။
ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံရေးသမားတွေလိုပဲ ဆွီဒင်အမတ်တွေကလည်း သူတို့အတွက် လျှော့ပေါ့စျေးနဲ့ ထောက်ပံ့ပေးထားတဲ့ နေစရာ အိမ်တွေ အခန်းတွေကို မှီခိုရပါတယ်။
ဒါပေမယ့် အဲဒီလို အခွင့်အရေးကိုလည်း စတော့ဟုမ်းမှာ နေအိမ်မရှိသူ အမတ်တွေပဲရပါတယ်။
တစ်ယောက်အိပ် အိမ်ခန်း
သူတို့ အိမ်ရာတွေကလည်း ခမ်းခမ်းနားနား မရှိသလောက်ပါပဲ။ ဥပမာ - ပါအမ်း ဟာကန်စန်ဆိုရင် ၄၆ စတုရန်း မီတာ အကျယ် ( ၄၉၅ စတုရန်းပေ) ရှိတဲ့ တိုက်ခန်းမှာ နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Claudia Wallin
အမတ်တွေနေရတဲ့ တချို့ အစိုးရပိုင် အိမ်ရာတွေဆို တကယ်တမ်းက အခန်းလေးတစ်ခန်းပဲ ပါတဲ့ အိမ်ခန်းတွေပါ။ စုစုပေါင်း အကျယ် ၁၆ စတုရန်း မီတာ (စတုရန်းပေ ၁၇၀ ကျော်) ပဲ ရှိပါတယ်။
အိမ်တွေမှာလည်း အဝတ်လျှော်စက်တို့ ပန်းကန်ဆေးစက်တို့လို အိမ်အသုံးအဆောင်တွေ မပါပါဘူး။ တစ်ခန်းလုံးမှ တစ်ယောက်အိပ် အိပ်ရာပဲ ပါတာပါ။
ပြည်သူတွေပေးထားတဲ့ အခွန်တွေကို အမတ်တွေ အတွက်သက်သက်ပဲ သုံးပါတယ်။ သူတို့မိသားစုတွေ အဲဒီအခန်း တစ်ခန်းခန်းမှာ တစ်ရက်လောက်လာနေရင်တောင် သီးသန့်ပေးရပါတယ်။ တကယ်လို့ သူတို့ မိသားစုဝင်ကိုအတူ ခေါ်ထားချင်တယ်ဆိုရင်တော့ အခန်းငှားခ တဝက်ကို ပြည့်သူ့ဘဏ္ဍာထဲကို ပြန်ပေးရပါတယ်။
ကန့်သတ်ထားတဲ့ အခန်းငှားခ

ဓာတ်ပုံ ရင်းမြစ်, Claudia Wallin
အဲဒီ အခန်းတွေမှာ နေဖို့ အမတ်တွေအတွက်ကလွဲပြီး ဘယ်သူ့အတွက်မှ မပေးပါဘူးလို့ လွှတ်တော် တာဝန်ရှိသူ အန်နာ အက်စ်ပက်ရန်က ရှင်းပြပါတယ်။
အမတ်တွေက သူတို့အတွက် ရတဲ့ အိမ်ငှားခအသုံးစရိတ်နဲ့ တခြားသွားနေတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါဆိုရင်တောင် ထောက်ပံ့တဲ့ စရိတ်က တစ်လကို ဒေါ်လာ ၈၂၀ ပဲရမှာပါ။ အဲဒါက စတော့ဟုမ်းမြို့လယ်က အိမ်ငှားစရိတ်တွေနဲ့ ယှဉ်ရင် တော်တော်လေး နည်းပါတယ်။
၁၉၉၀ နှစ်တွေ မတိုင်ခင်ကဆိုရင် အခြေအနေတွေက ပိုတင်းကျပ်ပါတယ်။ အစိုးရက စီစဉ်ပေးတဲ့ အခန်းတွေ မရှိပါဘူး။ အမတ်တွေက သူတို့ ရုံးခန်းတွေမှာပဲ အိပ်ကြရပါတယ်။ အဲဒီ ရုံးခန်းတွေက ၁၅ စတုရန်းမီတာ ( စတုရန်းပေ ၁၆၀) လောက်ပဲ ရှိတာပါ။

ဓာတ်ပုံ ရင်းမြစ်, Claudia Wallin
ဆွီဒင် အမတ်တွေကို ကိုယ်ရေးလက်ထောက်တို့ အကြံပေးတို့ ငှားခွင့်လည်း တားမြစ်ထားပါတယ်။ အဲလို တစ်ယောက်ချင်းစီ မခန့်ထားနိုင်ပေမဲ့ ပါတီတစ်ခုတည်းကနေ လွှတ်တော်ထဲရောက်လာတဲ့ အမတ်တွေအားလုံးရဲ့ ရုံးလုပ်ငန်းတွေ မျှဝေလုပ်ခိုင်းနိုင်မယ့် ဝန်ထမ်းတွေခန့်ထားဖို့ အသုံးစရိတ်ကိုတော့ ပါတီတိုင်းရကြပါတယ်။
ငွေမရတဲ့အလုပ်
ဆွီဒင်ရဲ့ မြို့တော်မဟုတ်တဲ့ တခြားဒေသတွေမှာ ဆိုရင် ခြိုးခြံချွေတာရေးက ပိုလုပ်ရပါတယ်။
လွှတ်တော်အမတ်လုပ်တယ်ဆိုတာကို သူတို့ရဲ့ ဝင်ငွေရတဲ့ အဓိက လုပ်ငန်းအလုပ်နဲ့ တွဲလုပ်လို့ရတဲ့ အလုပ်လို့ သဘောထားပါတယ်။
ဒေသဆိုင်ရာ လွှတ်တော်တွေက အမတ် ၉၄ ရာခိုင်နှုန်းလောက်ဟာ အမတ်လစာ မရကြပါဘူး။ ချွင်းချက်အနေနဲ့ လွှတ်တော်ကော်မတီတွေထဲမှာ ပါတဲ့သူတွေဆိုရင်တော့ရပါတယ်။ သူတို့ကို အချိန်ပြည့် ဒါမှမဟုတ် အချိန်ပိုင်း လုပ်ခပေးပါတယ်။
အဲလိုပေးရတဲ့ အကြောင်းအရင်းကို စတော့ဟုမ်း မြို့တော်ကောင်စီဝင် ခရစ်စတီးနား အဲလ်ဖရော့်စ် ရှိုဒင်က အခုလိုပြောပါတယ်။
"အဲဒါက အားလပ်ချိန်မှာ လုပ်ရင်တောင် ကောင်းကောင်းလုပ်နိုင်တဲ့ အလုပ်ပါ"





















