လှေစီးပြေး ၇၀၀ ကျော်မှာ မြန်မာ နိုင်ငံက ၁၈၇ ယောက် ပါဝင်

ဓာတ်ပုံ ရင်းမြစ်, MOI
မြန်မာ နိုင်ငံ ဧရာဝတီတိုင်း ဖျာပုံ မြို့နယ် ကမ်းလွန် ပင်လယ်ပြင်မှာ မေလ ၂၉ ရက်နေ့က ဖမ်းမိ ခဲ့တဲ့ လှေစီးပြေး ဒုက္ခသည် ၇၃၄ ယောက် ရှိပြီး အဲဒီထဲမှာ မြန်မာ နိုင်ငံက ၁၈၇ ယောက် ပါဝင်တယ်လို့ ရခိုင်ပြည်နယ် အစိုးရက ဘီဘီစီကို ပြောပါတယ်။
အမျိုးသား ၈၂ ယောက်၊ အမျိုးသမီး ၂၆ ယောက်နဲ့ ကလေး ၄၃ ယောက်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
သူတို့ဟာ တကယ်ပဲ မြန်မာ နိုင်ငံက ဆိုတာ ဟုတ်မဟုတ် စိစစ်မှာ ဖြစ်ပြီး သူတို့ကို အရေးယူမှာ မဟုတ်ဘဲ သူတို့ရဲ့ မူရင်း နေရပ်ကို ပြန်လည် စေလွှတ်မယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
အမျိုးသမီးနဲ့ ကလေးတွေ အခုလို ထွက်ခွာသွားရတဲ့ အကြောင်းက မြန်မာ နိုင်ငံမှာ နိုင်ငံရေး အရ ဖိနှိပ်မှုတွေကြောင့် မဟုတ်ဘဲ မလေးရှားမှာ ရှိတဲ့ သူတို့ ယောင်္ကျားတွေ ဆီကို ပေါင်းစည်းဖို့ လိုက်သွားကြတာ လို့လည်းသူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက လာတယ် ဆိုသူတွေ အတွက်တော့ စစ်တွေမြို့က ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် ဦးစီးတဲ့ သံတမန် အဖွဲ့က သွားရောက် စစ်ဆေးမယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။
မေလဆန်း တုန်းက မောင်တော မြို့နယ် အနီး နေရာ တချို့မှာ အလောင်း စုစုပေါင်း ၄၇ လောင်း တွေ့ရတယ် လို့ ပေါ်ထွက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဦးတင်မောင်ဆွေကို ဘီဘီစီက မေးကြည့်ရာမှာ မဟုတ်မမှန်ကြောင်း သူက ပြောပါတယ်။
















