လက်ပံတောင်း ဒေသခံတွေ မုံရွာတက် ဆန္ဒပြ

letpadaung
ဓာတ်ပုံ ပုံစာ, လျော်ကြေး မယူတဲ့ မြေတွေ ဝမ်ပေါင် ခြံစည်းရိုး ခတ်
ရေးသားခဲ့သည်။

မုံရွာ တဖက်ကမ်း က လက်ပံတောင်း ကြေးနီ စီမံကိန်း မှာ လျော်ကြေး မယူရသေး တဲ့မြေတွေကို ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်လိုက် လို့ လယ်ယာမြေ ဆုံးရှုံး သွားသူ တွေနဲ့ ဒေသခံ တွေက ရဲတပ်ဖွဲ့ က ပစ်လိုက်လို့ သေဆုံး သွားတဲ့ ဒေါ်ခင်ဝင်း အတွက် အမှုဖွင့် မပေးတာ ကို ကန့်ကွက် တဲ့ အနေနဲ့ မုံရွာ မြို့ပေါ် တက်ပြီး ဆန္ဒပြ ခဲ့ကြပါတယ်။

လက်ပံတောင်း ဒေသ မိုးကြိုးပြင် ၊တုံ၊ ဆည်တည်း ၊ဇီးတော စတဲ့ ရွာတွေက ဒေသခံ ၂ဝဝ နီးပါး မုံရွာ မြို့လယ် ဗိုလ်ချုပ် ကြေးရုပ် ကနေ ကမ်းနားလမ်း တလျှောက် ခွင့်ပြုချက် မယူ တော့ဘဲ သူတို့ တောင်းဆိုချက် တွေကို ကြွေးကြော် ပြီး တော့ တနင်္လာ နေ့လယ်က ဆန္ဒပြ ခဲ့ကြတာပါ။

ဒီဇင်ဘာ ၂၃ ရက် နောက်ပိုင်း မှာ ဝမ်ပေါင် ကုမ္ပဏီ က လျော်ကြေး မယူရ သေး တာရော ယူပြီးသား မြေအားလုံး ကို ခြံစည်းရိုး ခတ်လိုက် လို့ စိုက်ပျိုး ထားတဲ့ သီးနှံတွေ လည်း မသိမ်း ရဘဲ ဆုံးရှုံး သွားတာ မို့ သက်ဆိုင်ရာ က အရေး ယူချင်ယူ မယူချင်နေ ဆိုပြီး တော့ ခွင့်ပြုမိန့် မယူဘဲ ဆန္ဒပြ တာ ဖြစ်တယ် လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက် က ခြံစည်းရိုး ခတ်သူ တွေနဲ့ ပဋိပက္ခ ဖြစ်ရင်း ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံး သွားတဲ့ မိုးကြိုးပြင် အလယ်ရွာ က ဒေါ်ခင်ဝင်း အမှုကို လည်း ရှေ့နေကွန်ယက် တွေနဲ့ ဆားလင်းကြီး တရားရုံးကို သွားခဲ့ကြ တယ် လို့လည်း သိရပါတယ်။

ဆားလင်းကြီး မြို့နယ် တရားသူကြီး က ရဲစခန်း က အမှု စိစစ် ဆောင်ရွက်ဆဲ ဖြစ်တာမို့ တရားရုံး အနေနဲ့ လက်မခံသေး ကြောင်း တုံ့ပြန် လိုက်တယ် လို့ ဒေါ်ခင်ဝင်းရဲ့ ယောင်းမ ဒေါ်ခင်မာအေးကပြောပါတယ်။

ဒေါ်ခင်ဝင်း သေတဲ့ အမှု ကို ယောင်းမ ဖြစ်တဲ့ ဒေါ်ခင်မာအေး ကိုယ်တိုင် အမှု ဖွင့်ပေးဖို့ ဆားလင်းကြီး ရဲစခန်း ကို တိုင် ထားပေမယ့် ရဲစခန်းက ဆိုင်းငံ့ ထားဦးမယ်လို့ တရားဝင် အကြောင်းကြား ထားတယ်လို့ သိရ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် က ၄ ရက်ကြာ ကွင်းဆင်း စစ်ဆေး ပြီးတဲ့ နောက် ဒီဖြစ်စဉ်မှာ လုံခြုံရေး စီမံမှု အားနည်း ပြီး ညွန်ကြားချက် အတိုင်း ဆောင်ရွက်ခြင်း မရှိတဲ့ ရဲတပ်ဖွဲ့ဝင် တွေကို ဖော်ထုတ် အရေးယူဖို့ သမ္မတ ဆီကို အစီရင်ခံ တိုက်တွန်း ထားပါတယ်။