မီဒီယာလွတ်လပ်ခွင့် လှုပ်ရှားမှု ရန်ကုန်မှာ ပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာနိုင်ငံ စာနယ်ဇင်း လောကမှာ ဂျာနယ်တွေ ထုတ်ဝေခွင့် ပိတ်ပင်ခံရ တာတွေ အပါဝင် မီဒီယာကို ဖိနှိပ် ကန့်သတ်တာတွေ များလာတာကြောင့် လူငယ် သတင်းသမား အများစု ပါတဲ့ ရာနဲ့ချီတဲ့ သတင်းသမားတွေက မီဒီယာ လွတ်လပ်ခွင့် အတွက် လှုပ်ရှားမှု တခုကို စနေနေ့မနက်က ရန်ကုန်မြို့မှာ လုပ်ခဲ့ကြပါတယ်။
မီဒီယာ ဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press ဆိုတဲ့ စာတန်းပါ အနက်ရောင် တီရှပ်တွေ ဝတ်ထားတဲ့ လူငယ် သတင်းသမား ၁၀ဝနီးပါးဟာ ထုတ်ဝေခွင့် ပိတ်ပင် ခံထား ရတဲ့ The Voice ဂျာနယ်နဲ့ Envoy ဂျာနယ် ရုံးခန်းတွေကို စုရုံး သွားကြပြီးတော့ သတင်းမေး၊ အားပေးခဲ့ကြသလို နိုင်ငံတော်သမ္မတ ဆီကို တင်မယ့် မီဒီယာ လွတ်လပ်ခွင့် အတွက် လက်မှတ် စုဆောင်းတဲ့ လှုပ်ရှားမှု တခုကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အလွတ်တန်း သတင်းထောက် မအိမွန်ကျော် ကတော့ လူထုက အားကိုးရတဲ့ မီဒီယာကို ဖိနှိပ် ပိတ်ပင်တဲ့ အတွက် သတင်းသမားတွေက အကြောက်တရားနဲ့ နေရမယ်ဆိုရင် ဘယ်လိုမှ ပွင့်လင်းလာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
လူငယ် သတင်းသမားတွေဟာ အပိတ်ခံရတဲ့ ဗွိုက်စ်နဲ့ အန်ဗွိုင်း ဂျာနယ်တိုက် တွေကို သွားခဲ့ သလို Orchid ဟိုတယ်မှာ လုပ်တဲ့ မြန်မာနိုင်ငံ သတင်း စာဆရာများ အသင်း အလုပ် အမှု ဆောင် ရွေးချယ် တင်မြှောက်ပွဲနဲ့ တော်ဝင် နှင်းဆီမှာ လုပ်တဲ့ ဆရာဖေမြင့် ဟောပြောပွဲ၊ ကာတွန်း စိုးသော်တာရဲ့ စာအုပ် မိတ်ဆက်ပွဲတွေ ကိုလည်း တူညီ ဝတ်စုံတွေ ဝတ်ပြီး အင်အားပြ ချီတက် ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ဆရာများ အသင်း ဖြစ်မြောက်ရေး ညီလာခံ ကနေ မြန်မာနိုင်ငံ စာနယ်ဇင်း ဆရာများ အသင်းကို ဖွဲ့စည်းခဲ့ပြီးတော့ ရန်ကုန်တိုင်း အတွင်းက စာနယ်ဇင်း ကိစ္စတွေ အပါဝင် ခုပိတ်ခံ ရတဲ့ ဂျာနယ်တွေ ပြန်လည် ထုတ်ဝေခွင့် ရရေးတွေကိုလည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။














