အမတ်နေရာ အနည်းဆုံး( ၅၀) မှာဝင်ပြိုင်မဲ့ မွန်ဒေသလုံးဆိုင်ရာ ပါတီ

မွန်လူမျိုးတွေ အများဆုံးနေထိုင်ရာ မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်း ပဲခူးတိုင်းတွေမှာ အနည်းဆုံး အမတ်နေရာ ၅၀ မှာ ဝင်ပြိုင်ဖို့ ရည်ရွယ်ထား တယ်လို့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီအနေနဲ့ သတ်မှတ်ထားတဲ့ ပါတီဝင် ဦးရေ တထောင်ကျော်ရရှိပြီးဖြစ်လို့ နေပြည်တော်က ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတယ်လို့ ပြောပါတယ်။
နောက်ထပ် ပါတီဝင်လာသူတွေလဲ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ပါတီအနေနဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ငြိမ်းချမ်းရေးကို အဓိက ရည်မှန်းဆောင်ရွက်သွားမယ်လို့ နိုင်ငွေသိန်းက ပြောပါတယ်။
ပါတီရံပုံငွေရရှိဖို့ အခက်အခဲရှိပေမယ့် ပါတီဝင်တွေဆီက ဝင်ကြေးထည့်ဝင်မှုနဲ့ ဆန္ဒအလျောက် လှူဒါန်းကြသူတွေရှိလို့ အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။
သူတို့အနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တစညကို အဓိကထား ယှဉ်ပြိုင်ရလိမ့်မယ်လို့ ဥက္ကဌက ပြောပါတယ်။
အခုအခါ ရုံးချုပ်ကို မော်လမြိုင်မြို့မှာ ဖွင့်လှစ်ထားပြီး နောင်မှာ အထက်ဖေါ်ပြပါ ပြည်နယ်နဲ့ တိုင်းက မြို့ကြီးတချို့မှာ ရုံးခန်းဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။














