ဂရိ ခြိုးခြံ ချွေတာရေး အစီအစဉ်ကို လူထုကန့်ကွက်

ဂရိနိုင်ငံ အေသင်မြို့နဲ့ ပိုင်ရီးရပ်စ် ဆိပ်ကမ်းမြို့တို့မှာ ဆန္ဒပြသူတွေနဲ့ ရဲနဲ့ အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။
ဂရိနိုင်ငံမှာ ဘဏ္ဍာရေး အကြပ်အတည်း စီးပွားရေး အကြပ်အတည်း ဖြစ်ခဲ့ပြီးနောက် ခြိုးခြံခြွေတာရေး အစီအစဉ် ချမှတ် ဆောင်ရွက်ခဲ့တဲ့ အပေါ် အများပြည်သူက မကျေမနပ် ဖြစ်ကြပြီး ၂၄ နာရီကြာ အထွေ ထွေ သပိတ်ကြီး ဆင်နွဲခဲ့စဉ်မှာ အခုလို ထပ်တိုက်တွေ့ဆုံပြီး အဓိကရုဏ်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အေသင်မြို့ပါလီမန်အနားမှာ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့ရာမှာ ဆန္ဒပြသူတွေက ရဲကို တုတ်တွေ၊ ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ပိုင်ရီးရပ်စ်မြို့မှာတော့ ဆိပ်ကမ်းကို ဆိပ်ကမ်းအလုပ်သမားတွေက ပိတ်ဆို့ဆန္ဒပြခဲ့ကြလို့ ရဲက မျက်ရည်ယိုဗုံးအသုံးပြုနှိမ်နင်းခဲ့ပါတယ်။
ပင်စင်လစာဖြတ်တောက်ရေး၊ အငြိမ်းစားယူခွင့်ရှိတဲ့ အသက်သက်မှတ်ချက်ကို ပိုတိုးမြှင့် သတ်မှတ်ရေး နဲ့ အလုပ်သမားတယောက်ကို အလုပ်ကနေ လွယ်လွယ်ကူကူ ဖြုတ်ချနိုင်ရေး တို့ အတွက် ဂရိပါလီမန်အတွင်းမှာ ဆွေးနွေးနေစဉ်မှာ အခုလို သပိတ်မှောက်ဆန္ဒပြမှုတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။
ချမ်းသာတဲ့သူတွေကြောင့် ဖြစ်လာတဲ့ စီးပွားရေး အကြပ်အတည်းကို ကုစားဖို့ ဆင်းရဲသားတွေရဲ့ မဖြစ်စလောက် ရပိုင်ခွင့်ကလေး တွေကို ဖြတ်တောက်တာကို မကျေနပ်လို့ အခုလိုဆန္ဒပြပွဲတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။















