ရခိုင်မှာ အေအေနဲ့ တိုက်ပွဲတွေပြင်းထန်နေ၊ ပိတ်မိပြည်သူတွေအရေး ဆန္ဒဖော်ထုတ်သူတွေကို ထောင်ချလို့ ထပ်မံဆန္ဒပြတဲ့ ကချင်လူငယ် ၃ ယောက်ကို ဒဏ်ငွေ ချမှတ် အပါအဝင် မနက်ခင်းသတင်းများ

၁)ရခိုင်မှာ မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြားတိုက်ပွဲတွေပြင်းထန်နေ
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော် အေအေတို့ အကြား တိုက်ပွဲတွေ ပြင်းထန် နေပြီး ကျောက်တော်မြို့နယ် သလူချောင်း ကျေးရွာ အုပ်စုအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ မြန်မာ တပ်မတော်ဘက်က စစ်ရဟတ်ယာဉ်တွေနဲ့ပါ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားစဉ်အတွင်း စစ်တပ်က ရဟတ်ယာဉ် ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သေနတ်သံ တွေဟာ မိုးခြိမ်းသလို ကြားခဲ့ရပြီး ရဟတ်ယဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့ အတွက် တချို့နေရာတွေမှာ မီးလောင်တာတွေ ရှိခဲ့တယ်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဒေသအနီးမှာ တည်ရှိတဲ့ သလူချောင်း ကျေးရွာလူကြီး တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ အတွက် ဒေသခံတွေအနေနဲ့စိုးရိမ်ပူပန်နေကြပြီး ဒီထက်အခြေအနေ ဆိုးလာရင်တော့ ထွက်ပြေးတိမ်းရှောင်ဖို့လည်း စီစဉ်နေကြတယ်လို့ဆိုပါတယ်။
မြန်မာ စစ်တပ်ဘက်က တပ်အင်အားတွေကို ထပ်မံ ဖြည့်တင်းနေတဲ့ အတွက် တိုက်ပွဲတွေဟာ ဆက်လက် ဖြစ်ပွားနိုင်ခြေရှိနေတယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, kachin youth movement
၂)ငြိမ်းစုစီနဲ့ တရားအစွဲခံရတဲ့ ကချင်လူငယ် ၃ယောက်ကို ဒဏ်ငွေ ချမှတ်
ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံရတဲ့ ရှေ့နေ ဆိုင်းခွမ်အောင်၊ မဆွတ်ဆိုင်းထွယနဲ့ ဓမ္မဆရာ ဦးဘရန်မိုင်တို့ကို ဒဏ်ငွေအသီးသီးပေးဆောင်ဖို့ မြစ်ကြီးနားမြို့နယ်တရားရုံးကနေ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အမိန့်ချမှတ်ချခဲ့ပါတယ်။
မဆွတ်ဆိုင်းထွယ်ကို ဒဏ်ငွေအဖြစ် ကျပ်၁သိန်း၊ ရှေ့နေဆိုင်းခွမ်အောင်နဲ့ ဓမ္မဆရာ ဆရာဘရန်မိုင် တို့ကိုတော့ ဒဏ်ငွေ ၃သောင်းစီ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၃ ဦးဟာ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် ဆန္ဒပြခဲ့တဲ့သူတွေကို ထောင်ဒဏ်ချမှတ်လိုက်တာကို မကျေနပ်လို့ တရားရုံးကနေ မနောကွင်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၉နဲ့ အမှုဖွင့်အရေးယူခံခဲ့ရတာဖြစ်ပါတယ်။
၃)အကြီးစားကျောက်မျက်လုပ်ကွက်တွေပိတ်ပင်မယ့် ဥပဒေသစ်အတည်ပြု
၅ ဧကနဲ့ အထက် တူးဖော်ထုပ်လုပ်တဲ့ အကြီးစား ကျောက်မျက်တူးဖော်မှုတွေကို ပိတ်ပင်တဲ့ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြု လိုက်ပါတယ်။
လုပ်ကွက်တစ်ခုကို ဧက ၅ဝ အကျယ်အထိ အရင်က လုပ်ခွင့် လျှောက်ထား နိုင်ခဲ့တာကနေ အခု ဥပဒေသစ်အရ လုပ်နိုင်တဲ့ အကျယ်အဝန်းကို ကန့်သတ်လိုက်တာ အပြင်၊ လုပ်ခွင့် ကာလ လိုင်စင်သက်တမ်း ကိုပါ လျှော့ချ ထားပါတယ်။
လိုင်စင်သက်တမ်းကို ၆ နှစ် ချပေးပြီး ၆ နှစ်ပြည့်တဲ့ အချိန် နောက် ၆ နှစ်သက်တမ်း ထပ်မံ လျှောက်ထား နိုင်ခဲ့တာကနေ အခုတော့ ၃ နှစ် သာ လိုင်စင် ချပေးတော့မှာ ဖြစ်သလို နောက်ထပ် နှစ်ကြိမ်သာ သက်တမ်း တိုးခွင့် ရှိမှာ ဖြစ်လို့ လုပ်ကွက် တစ်ခုကို အများဆုံး ၉ နှစ်သာ လုပ်ပိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
ဒီလို လုပ်နိုင်တဲ့ မြေဧက၊ လုပ်ခွင့် လိုင်စင်သက်တမ်းတွေကို လျှော့ချကန့်သတ်တာဟာ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီတွေ အပေါ်မှာသာ ထိန်းချုပ် ကန့်သတ်တာ မဟုတ်ဘဲ အစိုးရပိုင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ အပေါ်မှာလည်း တပြေးညီ သက်ရောက်မှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
ဒီကျောက်မျက်ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတကသာ လက်မှတ်ထိုးလိုက်ပြီ ဆိုရင် စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
အဲဒီလို ဥပဒေသက်ဝင်လာပြီ ဆိုရင်တော့ လက်ရှိ တူးဖော်နေတဲ့ ကျောက်တွင်းတွေ တူးခွင့််သက်တမ်း ကုန်ဆုံးသွားတဲ့ အခါ ဥပဒေသစ်ပါ ကန့်သတ်ချက်တွေကို လိုက်နာပြီး လုပ်ဆောင်ကြရတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၄)အမေရိကန် သမ္မတရဲ့ ထရမ့်ဖောင်ဒေးရှင်းကို ပိတ်သိမ်းမယ်
အလှူအတန်းကိစ္စတွေအတွက် ဒေါ်နယ်ထရမ့်နာမည်နဲ့ထူထောင်ထားတဲ့ ထရမ့်ဖောင်ဒေးရှင်းကို ပိတ်သိမ်းလိုက်တာဟာ တရားဥပဒေစိုးမိုးမှုအောင်ပွဲလို့ နယူးယောက်ရှေ့နေချုပ်က ပြောလိုက်ပါတယ်။
ဖောင်ဒေးရှင်း ပိတ်မယ့်အစီအစဉ်ကို နယူးယောက်ရှေ့နေချုပ် ဘာဘရာ အန်ဒါဝုဒ်ကကြေညာလိုက်တာပါ။ ဇွန်လမှာ ထရမ့်ဖောင်ဒေးရှင်းကို တရားစွဲဆိုမှု ရှိခဲ့အပြီးမှာ ဖောင်ဒေးရှင်းကို ပိတ်ဖို့ သမ္မတထရမ့်က သဘောတူခဲ့တာပါ။
သမ္မတထရမ့်ဟာ သူ့ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် ဒီဖောင်ဒေးရှင်းကို ကိုယ်ပိုင် ချက်စာအုပ်လို အသုံးချနေတယ်လို့ ဆိုပြီး နယူးယောက် ရှေ့နေချုပ် ဘာဘရာ အန်ဒါဝုဒ်က တရားစွဲဆို ခဲ့တာပါ။
အခုတော့ ဒီဖောင်ဒေးရှင်း ဖျက်သိမ်းမှုကို တရားရေးအရ ကြီးကြပ်သွားမှာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ပိုင်ဆိုင်မှုတွေကို အခြားအလှူအတန်းအဖွဲ့တွေဆီ လွှဲပြောင်း လှူဒါန်း သွားမှာဖြစ်ပါတယ်။
ထရမ့်ဖောင်ဒေးရှင်းကို သမ္မတထရမ့်နဲ့ သူ့သားသမီး ၃ ဦးစလုံးက တာဝန်ယူထား ခဲ့ကြတာ ဖြစ်ပေမယ့် အခုတော့ သူတို့ဟာ နယူးယောက်မြို့ထဲက အလှူအတန်းအဖွဲ့တွေမှာ ဘုတ်အဖွဲဝင်အဖြစ် ပါဝင်ခွင့် ကိုတားမြစ်ခံထားရပါတယ်။





















