လက်ရှိဗဟိုဘဏ် ဥက္ကဋ္ဌကို သက်တမ်းတိုးဖို့ သမ္မတ အဆိုပြု

ဗဟိုဘဏ်၊ မြန်မာ၊
ဓာတ်ပုံ ပုံစာ, ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူး သက်တမ်း နောက်ထပ် ၅နှစ်အတွက် လက်ရှိဥက္ကဋ္ဌကိုပဲ ပြန်အဆိုပြု
ရေးသားခဲ့သည်။

သက်တမ်း ကုန်ဆုံးပြီး လစ်လပ်လာမယ့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးအတွက် လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဦးကျော်ကျော်မောင်ကို ဆက်လက် တာဝန်ပေးဖို့ နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။

လက်ရှိ ဗဟိုဘဏ် ဥပဒေအရ ဗဟိုဘဏ် ဥက္ကဋ္ဌရဲ့ သက်တမ်းဟာ ၅ နှစ် ဖြစ်တဲ့ အတွက် ဦးကျော်ကျော်မောင် ဟာ လာမယ့် ဩဂုတ်လမှာ သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။

ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူး အတွက် နိုင်ငံတော် သမ္မတက အဆိုပြုလာတဲ့ ဦးကျော်ကျော်မောင်ဟာ တပ်မတော် အစိုးရ လက်ထက် ၁၉၉၇ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်ခဲ့ ပါတယ်။

အဲဒီနောက် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ၂၀၁၃ ခုနှစ်ကစလို့ ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် သူ့ကို ခန့်အပ်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံသားထဲက အသက် ၆၀ ကျော်ထဲမှာ KBZ ဘဏ်ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေသူ ဦးမြသန်း၊ AGD ဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေသူ ဦးသန်းရီ တို့ဟာ ဗဟိုဘဏ်မှာ ရာထူး ကြီးကြီး ထမ်းဆောင်ခဲ့သူတွေ ဖြစ်သလို အစိုးရ အဖွဲ့မှာလည်း ဗဟိုဘဏ်မှာ တာဝန် ထမ်းဆောင်ခဲ့သူ ၅ ဦးခန့် ရှိပါတယ်။

အဲဒီလို လူတွေ ရှိတဲ့ ကြားထဲကမှ အသက် ၈၀ နီးပါး အရွယ် ဦးကျော်ကျော်မောင်ကို ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် ထပ်မံ ခန့်အပ်ဖို့ နိုင်ငံတော် သမ္မတက အဆိုပြုတဲ့ အပေါ်မှာ ဘဏ်လောက အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဦးကျော်ကျော်မောင် တာဝန် ယူခဲ့တဲ့ ၅ နှစ်တာ ကာလ အတွင်းမှာ ဗဟိုဘဏ်ရဲ့ သမားရိုးကျ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ခဲ့ပေမယ့် စျေးကွက်မှာ သြဇာ ပေးနိုင်တဲ့ အဆင့်တော့ မရှိသလို မြန်မာနိုင်ငံ ဗဟိုဘဏ်အတွက် ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ဗဟိုဘဏ် ဥပဒေကို ပြင်ဆင်တာ မတွေ့ရသေးဘူးလို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဦးသန်းလွင်က ပြောပါတယ်။

ဗဟိုဘဏ် ရာထူးနေရာဟာ တိုင်းပြည် စီးပွားရေး တိုးတက်ဖို့နဲ့ တည်ငြိမ်ဖို့ အတွက် အရေးကြီးတဲ့ နေရာ ဖြစ်သလို နိုင်ငံတစ်ခုရဲ့ ငွေကြေး မူဝါဒကို ကိုင်တွယ်ခြင်း ပုဂ္ဂလိက ဘဏ်တွေကို ကြီးကြပ်ခြင်းနဲ့ ငွေလဲနှုန်း တည်ငြိမ်အောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

အဲဒီလို အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အတွက် နိုင်ငံတော် သမ္မတ အဆိုပြုလာတဲ့ ဦးကျော်ကျော်မောင်ကို လွှတ်တော်မှာ ကန့်ကွက်သူ မရှိပါက ဦးကျော်ကျော်မောင်ဟာ ဗဟိုဘဏ် ဥက္ကဋ္ဌအနေနဲ့ နောက်သက်တမ်းတခု ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။