ဟုမ္မလင်း လူငယ်နှစ်ဦး သေဆုံးမှု ဒုရဲတပ်ကြပ်ကို အမှုဖွင့်

ဟုမ္မလင်း၊ သင်္ကြန်၊ ရဲ
ဓာတ်ပုံ ပုံစာ, ဟုမ္မလင်းမြို့နယ် ရွှေပြည်အေး မြို့သစ် သင်္ကြန်မဏ္ဍပ်မှာ နှစ်ဆန်းတရက်နေ့ ဆုပေးပွဲ ကျင်းပနေစဉ် ခိုက်ရန်ဖြစ်ပွားခဲ့
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ လူငယ်နှစ်ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ဒုရဲ တပ်ကြပ် တဦးကို လူသတ်မှု ပုဒ်မ၃၀၂နဲ့ အရေးယူထားတယ်လို့ ဟုမ္မလင်းမြို့နယ် ဒုရဲမှူးက ဘီဘီစီကို ပြောပါတယ်။

နှစ်ဆန်းတရက်နေ့က ရွှေပြည်အေး မြို့သစ် သင်္ကြန်မဏ္ဍပ်မှာ ခိုက်ရန် ဖြစ်ပွားမှုကို ဝင်ဖြန်ဖြေခဲ့တဲ့ ရဲနဲ့ အခြေအတင် စကားများရာကနေ ရဲက ပစ်ခတ်လိုက်တဲ့အတွက် ဒေသခံ လူငယ် ညီအကိုနှစ်ယောက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုအတွင်း ရပ်မိရပ်ဖ တဦးရဲ့ သမီးကို သေဆုံးသူလူငယ် နှစ်ဦးထဲက တဦးက လှမ်းရိုက်လိုက်ရာကနေ အပြန်အလှန် ရိုက်နှက်မှု ဖြစ်ခဲ့ကြောင်း၊ ရဲတွေ ထပ်ဖြန်ဖြေခဲ့ရာမှာ အဲဒီ လူငယ်နှစ်ဦး ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့တဲ့အတွက် ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ဒုရဲမှူး ကိုကိုနိုင်က ပြောပါတယ်။

ဒီကိစ္စဟာ ဥပဒေမဲ့ လုပ်ရပ် ဖြစ်တဲ့အတွက် ပစ်ခတ်သူ ဒုတပ်ကြပ် ခိုင်ဇာထွန်းကို အရေးယူထားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူ လူငယ်နှစ်ဦးကို ဟုမ္မလင်းမြို့ သုဿန်မှာ ဧပြီလ ၁၈ရက်နေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။