ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသ

ရခိုင်ပြည်နယ် ပဋိပက္ခတွေမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ် ဖြေရှင်းမှုအပေါ် ကြိုဆိုတဲ့ ထောက်ခံပွဲကို ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ကျောင်းသားလူငယ်တွေ နဲ့ နိုင်ငံရေးအဖွဲ့ဝင်တွေ ဦးဆောင် ပြုလုပ်တဲ့ ဒီပွဲကို လူ ၅၀ဝ ကျော်လောက် တက်ရောက် ခဲ့ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး အပါအဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ကျောင်းသားလူငယ်တွေ ဟောပြော ခဲ့ကြပါတယ်။
ရခိုင်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသဘောထားတည်း ရှိပြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာ အတိုင်း အကော်ထည်ဖော်ဖို့ လက်ခံတယ်ဆိုတဲ့ သဘောထား အမြင်တွေကို တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
တခါ၊ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း အလားတူ ဆန္ဒပြပွဲ တစ်ရပ် ရှိခဲ့ပြီး အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချကြောင်း ဖော်ထုတ် ခဲ့ကြပါတယ်။
တဘက်မှာလည်း အစိုးရ ကိုင်တွယ်ပုံအပေါ် ဝေဖန်တာတွေ ရှိနေပြီး ၊ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင် အစီရင်ခံစာကို လက်မခံနိုင်ဘူး ဆိုပြီး ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး ပါတီတချို့က ကန့်ကွက် ပြောဆိုတာတွေ ရှိနေပါတယ်။

















