ရခိုင်ပြည်နယ် အမ်းမှာလူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ အပါအဝင် မနက်ခင်းသတင်းများ

ကျောက်တန်းမှာ အပစ်ခတ်ခံရသူ တဦးကို ဆေးရုံပို့ဖို့ သယ်ဆောင်လာစဉ်
ဓာတ်ပုံ ပုံစာ, ကျောက်တန်းမှာ အပစ်ခတ်ခံရသူ တဦးကို ဆေးရုံပို့ဖို့ သယ်ဆောင်လာစဉ်
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် အမ်းမှာ လူတစ်ဦး သေနတ်ပစ်ခံရ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြကျေးရွာ (Ruu Model Village) မှာ ဒီကနေ့ ညနေပိုင်းက ဒေသခံ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားသူဟာ ရူးစံပြကျေးရွာရှိ အထက ကျောင်းဘေးမှာ နေထိုင်သူ အသက် ၄၅ နှစ်ခန့် ရှိသူ ဦးမျိုးနိုင်ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ ည ၇ နာရီခွဲ အချိန်က ဦးမျိုးနိုင်ဟာ မိသားစုနဲ့ အတူ ထမင်းစားနေစဉ်မှာ သေနတ်သမားတစ်ဦး အိမ်ထဲကို လာရောက်ပစ်ခတ်ပြီး သတ်သွားတာဖြစ်တယ်လို့ အမ်းမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေးက အတည်ပြု ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ညကလည်း အမ်းမြို့နယ် မဲလက်မောင်းကျေးရွာက ဦးခိုင်ဆိုသူက သူရဲ့မိသားစုနဲ့ နေအိမ်မှာ အိပ်နေစဉ်မှာပဲ အမည်မသိလူတစ်ချို့က ဓားနဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရပါတယ်။

ထို့အတူ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှာ လူနှစ်ဦးကို ခေါင်းဖြတ် သတ်ခဲ့ပြီး ဈေးလယ်မှာ အလောင်းတွေကို ပစ်ချထားခဲ့တဲ့ အဖြစ်တွေရှိခဲ့ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က အစီရင်ခံစာကို IIM ကိုလွှဲပြောင်း

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင် FFM ရဲ့ တွေ့ရှိချက် ဆိုင်ရာ အစီရင်ခံစာကို မြန်မာပြည်ဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရား Independent Investigative Mechanism-IIM ကို လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီအစီရင်ခံစာကို ပြန်လည်ဆွေးနွေးခဲ့တဲ့ မြန်မာအစိုးရရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက " သူတို့အခေါ် IIM က FFM (Facts Finding Mission) ရဲ့ extension တစ်ခုလို့ပဲ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ ဒါကြောင့်မို့ FFM စတည်ထောင်ကတည်းက သူ့ရဲ့ ဓမ္မဓိဌာန်မကျမှုတို့၊ မျှတမှုမရှိမှုတို့ ၊ရိုးသားမှု မရှိမှုတို့ကြောင့် ကျွန်တော်တို့က ကနဦးစ တည်ထောင်ကတည်းက ကန့်ကွက်ခဲ့တယ်ပေါ့နော်။ ရီပို့တွေထွက်လာတဲ့အခါမှာလည်း ကျွန်တော်တို့ မှန်းဆထားတဲ့အတိုင်းပဲ သူတို့ တဖက်စောင်းနင်း ရေးသားဖော်ပြတဲ့ဟာတွေ မျှတမှု မရှိတဲ့ဟာတွေ၊ စပြီးရည်ရွယ်ကတည်းက သူတို့ရည်ရွယ်ဟာပဲ အဖြေထွက်အောင် လုပ်လာတာကိုတွေ့ရပါတယ် " လို့ ဒီအစီရင်ခံစားနဲ့ ပတ်သက်လို့ သူ့အမြင်ကို ပြောပါတယ်။

အခု IIM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ယန္တရားဟာ အဓိကအားဖြင့် အလွန်ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အချက်အလက်တွေကို စုဆောင်းပြီး ခုံရုံးဖွဲ့တာတွေထိ လုပ်နိုင်ပါတယ်။

မြန်မာနိုင်ငံအနေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေရှိမယ်ဆိုရင် အစိုးရအနေနဲ့ အရေးယူသွားဖို့ အသင့်ရှိတယ်လို့ မြန်မာအစိုးရဘက်က ပြောကြားခဲ့ပါတယ်။

တိုက်ပွဲတွေပြင်းထန်ပြီး လမ်းတွေပိတ်ထားလို့ မြောက်ဦးနဲ့ ကျောက်တော်မြို့တွေမှာ ကားတွေ ရပ်နားနေရ
ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေပြင်းထန်ပြီး လမ်းတွေပိတ်ထားလို့ မြောက်ဦးနဲ့ ကျောက်တော်မြို့တွေမှာ ကားတွေ ရပ်နားနေရ

ကျိုင်းတုံဆွေးနွေးပွဲ နှစ်ရက်အလိုမှာ ရခိုင်မှာ တိုက်ပွဲတွေဖြစ်

ကျိုင်းတုံ ဆွေးနွေးပွဲ နှစ်ရက် အလိုမှာ စက်တင်ဘာ ၁၄ရက် မနေ့ကတည်းက ရခိုင်က မင်းပြား၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် ၃ ခုမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ကွမ်းတောင်ကျေးရွာက ထွက်လာတဲ့ စစ်ကြောင်းတစ်ခုကို အေအေ ရက္ခိုင့်တပ်မတော်က တိုက်ခိုက်ခဲ့ပါတယ်။

ရသေ့တောင်မြို့နယ် အမျှက်တောင် ကျေးရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ညနေ ၅နာရီခွဲကနေ ည ၉ နာရီထိ ဖြစ်ခဲ့တာဖြစ်ပြီး အဆိုပါဒေသထဲမှာ အပြင်းထန်ဆုံးနဲ့ အချိန်အကြာဆုံးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခု တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ဒီလ ၁၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် သေကံခွဆုံကနေ ရသေ့တောင်မြို့နယ် အိုးဖောက်ကို လှေနဲ့လာစဉ်မှာ အေအေက ဖြတ်တောက်တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကြောင်းဖြစ်ပါတယ်။

ဒီစစ်ကြောင်းဟာ ပြိန်းတောကျေးရွာက လူနာ ၃ ဦးကို သယ်ဆောင်ပြီးအမျှက်တောင် ရွာဘက်ကို လာစဉ်မှာ အခုလို ထပ်ပြီး တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ပွဲဟာ သုံးနာရီကျော် ဖြစ်ပွားခဲ့တဲ့အတွက် အထိအခိုက် အကျအဆုံး ရှိနိုင်ပေမယ့်ညဉ့်နက်ချိန် ဖြစ်တာကြောင့် အသေးစိတ်တော့မသိရဘူးလို့ ရွာသားတွေက ဆိုပါတယ်။

ဘင်လာဒင်ရဲ့ သားကို သုတ်သင်နိုင်ခဲ့ကြောင်း သမ္မတထရမ့်ကြေညာ
ဓာတ်ပုံ ပုံစာ, ဘင်လာဒင်ရဲ့ သားကို သုတ်သင်နိုင်ခဲ့ကြောင်း သမ္မတထရမ့်ကြေညာ

ဘင်လာဒင်သားကို သုတ်သင်နိုင်ခဲ့ကြောင်း သမ္မတထရမ့်ကြေညာ

အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ အသုတ်သင်ခံခဲ့ရတဲ့ အယ်ခိုင်ဒါအဖွဲ့ကိုတည်ထောင်တဲ့ အိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူ ဟမ်ဇာဘင်လာဒင်ကို အမေရိကန် တပ်ဖွဲ့တွေက အကြမ်းဖက်မှု တန်ပြန် စစ်ဆင်ရေး တစ်ခုအတွင်းမှာ သုတ်သင်နိုင်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြု ကြေညာခဲ့ပါတယ်။

အာဖကန်နဲ့ ပါကစ္စတန်ဘက်မှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဒီလိုသေဆုံးမှုကြောင့် အယ်ခိုင်ဒါ အဖွဲ့ရဲ့ အရေးကြီးတဲ့ လှုပ်ရှားမှုတွေကိုလည်း ရိုက်ချိုးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။

ဘင်လာဒင်ရဲ့သားကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်း သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဂျူလိုင်လကုန်ကတည်းက အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။

အခုလို ဘင်လာဒင်ရဲ့သားဖြစ်သူကို ဟမ်ဇာဘင်လာဒင်ကို ဘယ်အချိန်က ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေး မှာ သုတ်သင်ခဲ့တာဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပါဘူး။

ဟမ်ဇာဘင်လာဒင်ဟာ အယ်ခိုင်ဒါအုပ်စု ကို ဖခင်ဖြစ်သူ အိုစမာဘင်လာဒင် သေဆုံးပြီးတဲ့နောက် ဦးဆောင်သူအဖြစ် ဆက်ခံခဲ့တာဖြစ်ပါတယ်။

အယ်ခိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင်နဲ့ သူ့အပေါင်းအပါတချို့ကို အမေရိကန်ရဲ့ နေဗီဆီးအဖွဲ့က ပါကစ္စတန် အဘော့တာဘက်မြို့က နေအိမ်ထဲမှာ စီးနင်းဝင်ရောက် သုတ်သင်ခဲ့ပါတယ်။