မြောက်ကိုရီးယားက ၈ ရက်အတွင်း တတိယအကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, KCNA/via REUTERS
(၁) မြောက်ကိုရီးယားက သီတင်းတပတ်ကျော်အတွင်း တတိယအကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်
မြောက်ကိုရီးယားနိုင်ငံဟာ ၈ ရက်တာကာအတွင်း တတိယအကြိမ်မြောက် ဒုံးလက်နက်အသစ်ကို သြဂုတ်လ ၁ ရက်နေ့က ပစ်လွှတ်လိုက်တယ်ဆိုပြီး အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်က သတင်းပို့တယ်လို့ တောင်ကိုရီးယားအစိုးရက အတည်ပြုပြောကြားပါတယ်။
စမ်းသပ်မှုဟာ မကြာခင်ရက်ပိုင်းတွေတုန်းက လုပ်ခဲ့တဲ့ တာတိုတိုက်ချင်းပစ်ဒုံးအမျိုးအစား စမ်းသပ်မှုမျိုးပဲလို့ အမေရိကန်စစ်ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။
ဇူလိုင် ၃၁ ရက်နေ့တုန်းက မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၂ စင်းဟာ အမြင့် ကီလိုမီတာ ၃၀ အထိရောက်ပြီး အကွာအဝေး ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) အထိ ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောထားပါတယ်။
အခုစမ်းသပ်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုမရှိဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
တာတိုဒုံးစမ်းသပ်မှုဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ပြောထားတဲ့ တာဝေးဒုံးစမ်းသပ်မှုမလုပ်ဘူးဆိုတဲ့ ပြောဆိုချက်ကို ချိုးဖောက်ရာ မရောက်ဘူးလို့လည်း သူက ပြောပါတယ်။
နယူးယောက်မှာလုပ်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာတော့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့က အမေရိကန်နဲ့ နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးဖို့ မြောက်ကိုရီးယားကို တိုက်တွန်းထားကြပြီး မြောက်ကိုရီးယားအစိုးရအနေနဲ့ နျူကလီးယားလက်နက်နဲ့ တိုက်ချင်းပစ်ဒုံးလက်နက်တွေကို မဖျက်သိမ်းမချင်း ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ထားရှိမှာဖြစ်တယ်လို့လည်း ပြောကြပါတယ်။
(၂) ရခိုင်မှာ နယ်ခြားစောင့်ရဲကားတန်း မိုင်းခွဲတိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာအကြား အငူမော်ကနေ မောင်တောကို သွားတဲ့ ကားလမ်းမပေါ်မှာ ရဲတပ်ရင်းတပ်ဖွဲ့ဝင်တွေ အပြောင်းအလဲလုပ်နေတဲ့ နယ်ခြားစောင့်ရဲကားတန်းဟာ သြဂုတ်လ ၁ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ဒီလိုလူသွားလမ်းမှာ မိုင်းထောင်တာဟာ အရပ်သားတွေကို ရည်ရွယ်တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ကားတစ်စီရဲ့ ရှေ့မှန်တွေ ပျက်စီးခဲ့သလို ရဲတပ်ဖွဲ့ ၇ ဦးလောက်လည်း ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ မလှမ်းမကမ်းမှာရှိတဲ့ အငူမော်နဲ့ ကုလားချောင်းကျေးရွာကြား မေယူရှင်မ နတ်ကွန်းအနီးမှာလည်း ဇူလိုင်လ ၃၀ ရက်နေ့က မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာမုနိဘုရားအနီးမှာလည်း ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီပစ်ခတ်မှုက ကျည်ဆံဟာ မဟာမုနိကျေးရွာက မွေးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို ထိမှန်ခဲ့လို့ ဆေးရုံတင် ထားရပါတယ်။
ရခိုင်မှာ အခုလို တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်နေလို့ ဒေသခံတွေကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
(၃) ဆော်ဒီမှာ အမျိုးသမီးတွေကို အမျိုးသားအဖော်မပါဘဲ ခရီးသွားခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, EPA
ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေဟာ ပြည်ပကို အမျိုးသားအဖော်မပါဘဲ သွားရောက်တာကို ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ဆော်ဒီအာရေဗျအစိုးရက ကြေညာလိုက်ပါတယ်။
အရင်တုန်းကတော့ အမျိုးသမီးတွေဟာ ဥပဒေအရ နိုင်ငံခြားကို အမျိုးသားအဖော်မပါဘဲ ခရီးသွားခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။
အခု ဥပဒေသစ်မှာတော့ အသက်ကန့်သတ်ချက်ကတော့ ရှိနေပြီး အသက် ၂၁ နှစ်ကျော်တဲ့ ဆော်ဒီအမျိုးသမီးတွေဟာ ပြည်ပနိုင်ငံခရီးသွားခွင့် နိုင်ငံကူးလက်မှတ် ပတ်စပို့ကို အမျိုးသားတွေနဲ့ တန်းတူ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေဟာ ကလေးမွေးဖွားကြောင်း မှတ်ပုံတင်နိုင်ခွင့်၊ လက်ထပ်ခွင့်၊ ကွာရှင်းခွင့်တွေလည်း တောင်းခံနိုင်တယ်လို့ ဘုရင်ကထုတ်ပြန်တဲ့ အမိန့်သစ်က ဆိုပါတယ်။
ဆော်ဒီအာရေဗျက အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေးအတွက် နိုင်ငံတကာက ဖိအားပေးတောင်းဆိုနေကြချိန်မှာ ခုလိုပြောင်းလဲမှုထွက်ပေါ်လာတာပါ။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ အမျိုးသမီးတချို့ဟာ နိုင်ငံထဲကနေ ထွက်ပြေးပြီး တခြားနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတာတွေ ရှိခဲ့ပါတယ်။
(၄) တရုတ်ထွက်ကုန်တချို့အပေါ်မှာ အခွန် ၁၀% တိုးကောက်ဖို့ သမ္မတထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်စစ်ပွဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေဟာ တိုးတက်ကောင်းမွန်လာပြီလို့ အစောပိုင်းတုန်းက ကြေညာခဲ့ပေမယ့် တရုတ်ပြည်က တင်သွင်းတဲ့ ဒေါ်လာ ဘီလျံ ၃၀၀ တန် ထွက်ကုန်တချို့အပေါ်မှာ အခွန် ၁၀% တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာလိုက်ပါတယ်။
ဒါဟာ ၂ နိုင်ငံကြား ကုန်သွယ်ရေးညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်မယ်ဆိုတဲ့ သဘောတူညီမှုရပြီး နောက်ရက်မှာပဲ သမ္မတထရမ့်က ခုလို ပြောကြားလိုက်တာပါ။
အမေရိကန်ဟာ အရင်က ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်ထားပြီး ဖြစ်ပြီး အခု အခွန်သစ်တိုးမြှင့်ကောက်ခံမှုဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
အရင် တိုးမြှင့်ခဲ့တဲ့ သွင်းကုန်ခွန်တွေဟာ စက်မှုထုတ်ကုန်တွေကို ပစ်မှတ်ထားခဲ့ပေမယ့် အခုကတော့ လက်ကိုင်ဖုန်းနဲ့ အဝတ်အထည်စတဲ့ လူသုံးကုန်တွေကို ပစ်မှတ်ထားလာတာပါ။
တရုတ်ဟာ ပဲပိစပ်နဲ့ တခြားစိုက်ပျိုးရေးသီးနှံတွေကို အမေရိကန်ဆီကနေ အများအပြားဝယ်ယူခဲ့ရာကနေ ပြည်တွင်းမှာ ကြိုးစားပမ်းစား ထုတ်လုပ်ပြီး အမေရိကန်ဆီကနေ ဝယ်ယူတာကို လျှော့ချခဲ့ပါတယ်။
အမေရိကန်ကလည်း ဟွာဝေးကုမ္ပဏီကို အမေရိကန်ကုမ္ပဏီတွေက ပစ္စည်းမရောင်းချဖို့ ပိတ်ပင်တာတွေ လုပ်ခဲ့ပါတယ်။




















