စစ်တွေက ပြန်လာတဲ့ သံဃာအပါး ၃၀၀ ကို AA နဲ့ပတ်သက်မှုရှိမရှိ စစ်ဆေး အပါအဝင် မနက်ခင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Tin Nyein Oo
(၁) စစ်တွေက ပြန်လာတဲ့ သံဃာ အပါး ၃၀၀ကို အာဏာပိုင်များ တားဆီးစစ်ဆေး
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျင်းပခဲ့တဲ့ ရက္ခပူရ သာမဏေကျော် စာမေးပွဲမှာ စာဖြေပြီးတော့ စစ်တွေကနေ ရန်ကုန်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြန်လာခဲ့တဲ့ သံဃာတော် အပါး ၃၀၀ ကျော်ကို ပြည်မြို့မှာ အာဏာပိုင်တွေက ရက္ခိုင့်တပ်မတော် (AA) နဲ့ ပတ်သက်မှု ရှိမရှိ စစ်ဆေးခဲ့တယ်လို့ စစ်ဆေးခံရတဲ့ သံဃာတော်တွေက ဘီဘီစီကို ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ရက္ခပူရ သာမဏေကျော် စာမေးပွဲကနေ ကား ၈ စီးနဲ့ ပြန်လာတဲ့ သံဃာတော်တွေကို ဥသျှစ်ပင် စစ်ဆေးရေး ဂိတ်မှာ တားဆီးပြီး ပြည်မြို့ ဇောတိကာရုံ ကျောင်းတိုက်ကို ခေါ်ယူကာ မှတ်ပုံတင်၊ သာသနာဝင်ကတ်တွေ စစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။
မနှစ်ကလည်းဒီလိုပဲသွားနေကြပါ၊ ဒီနှစ်မှ အခုလို ဘာကြောင့်လုပ်ရတယ်မသိဘူး၊ ဦးဇင်းတို့ကတော့ သဘောမကျဘူးပေါ့နော်။ လူမျိုးစုံပါတယ် လို့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ဇေတဝန်အောင်စံစာသင်တိုက်က ဦးပညာနန္ဒက ဘီဘီစီကို ပြောပြပါတယ်။
ရဟန်းတွေကို တစုံတရာ ဖမ်းဆီးမှု မရှိပဲ နေ့လယ်တစ်နာရီလောက်မှာတော့ စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

(၂) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအခြေအနေ တင်းမာဆဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါနဲ့ နမ္မတူမြို့နယ်တွင်းက ကျေးရွာတွေမှာ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့ဟာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် စစ်ရေးတင်းမာနေပြီး အနီးအနားရွာက ဒုက္ခသည်တွေဟာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖြစ်ခဲ့တဲ့ နမ္မတူမြို့နယ်တွင်းရှိ မန်စံကျေးရွာနားက တိုက်ပွဲတွေကြောင့် ရွာကနေ တိမ်းရှောင်လိုတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀ နီးပါးကို နမ္မတူကို ပို့ပေးလိုက်ရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုမျိုးက ဘီဘီစီကို ပြောပါတယ်။
မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပြီး ခဏငြိမ်သက်သွား ပေမယ့် ညနေပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အခုလို စစ်ဘေးဒုက္ခသည်တွေကို ရွှေ့ပြောင်းပေးခဲ့ရတာ ဖြစ်တယ်လို့ ကူညီသူတွေက ဆိုပါတယ်။
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေအနှစ်အရသာ မထိခိုက်ပဲ ပြင်ဆင်ဖို့လိုအပ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မပြင်ဘူးဆိုတဲ့ စကား မပြောဆိုခဲ့ကြောင်း၊ တချို့ အချက်တွေ ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတာ သဘောပေါက်ကြောင်းနဲ့ ပြင်ဆင်တဲ့ အချိန်မှာလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရ မထိခိုက်ဖို့ လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ဂျပန်နိုင်ငံ The Asahi Shimbun သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေခံဥပဒေမှာ တချို့ဟာတွေ မပြင်လို့ မရဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ ဒါကြောင့် ပြင်ဖို့အတွက်ကတော့ မူအားဖြင့်သဘောတူတယ်။ ဒါလည်း ပြီးခဲ့တဲ့ အစိုးရသက်တမ်းကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်တို့ မပြင်ဘူးဆိုတဲ့ စကား လုံး၀ မပြောဘူး လို့ အဆာဟိရှင်ဘွန်းရဲ့ မေးမြန်းမှုအပေါ် ပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ဖို့အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့က ပထမဆုံး အကြိမ် အစည်းအဝေး ကျင်းပခဲ့ပြီး ကော်မတီဖွဲ့စည်းဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကော်မတီရဲ့ တာဝန်လုပ်ပိုင်ခွင့်တွေကို မသိသေးတဲ့ အတွက် အမည်စာရင်း မပေးကြတာကြောင့် အစည်းအဝေးကို နောက်တစ်ပတ် ဆုတ်ခဲ့ရပါတယ်။
(၄) ဗင်နီဇွဲလားကို ပေးမယ့် အကူအညီလေယာဉ်တွေ ကိုလံဘီယာနယ်စပ်ရောက်
ဗင်နီဇွဲလားကို ပေးမယ့် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို တင်ဆောင်လာတဲ့ အမေရိကန် စစ်တပ်လေယာဉ်ဟာ ကိုလံဘီယာ နယ်စပ် မြို့တစ်မြို့ကို ရောက်ရှိလာပါတယ်။
ဒီအကူအညီတွေကို ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် လည်းဖြစ် ကြားဖြတ်အစိုးရ သမ္မတ အဖြစ် ကြေညာထားတဲ့ ဟွမ်ကိုင်ဒိုက အကူအညီပေးဖို့ တောင်းခံထားတာဖြစ်ပါတယ်။
မစ္စတာဟွမ်ကိုင်ဒိုက ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ဒီအကူအညီတွေကို နိုင်ငံထဲကို သွင်းယူဖို့ ကူညီဆောင်ရွက်ပေးမယ့် လုပ်အားပေးတွေ သိန်းနဲ့ချီရှိတယ်လို့ ပြောကြားထားပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလာ မဒူရိုကတော့ ဒီလို အကူအညီပေးတာဟာ အမေရိကန်အစိုးရရဲ့ အကြံအစည်တခုဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။






















