သရက်မြို့မှာ ရန်ပွဲကို ရာဘာကျည်ဆန်နဲ့ ဖြိုခွင်းလို့ ဒေသခံ တချို့ ဒဏ်ရာရတဲ့ သတင်း နှင့် အင်္ဂလန်မှာ ဆီးနှင်းတွေကျလို့ ခရီးသွားတွေ နှောင့်နှေးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Magway Post
(၁) သရက်မြို့မှာ ရန်ပွဲကို ရာဘာကျည်ဆန်နဲ့ ဖြိုခွင်းလို့ ဒေသခံတချို့ ဒဏ်ရာရ
သရက်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းက ဘောလုံးပွဲက ပြန်လာတဲ့ ရေပေါ်ကျွန်းဒေသခံတွေနဲ့ သရက်မြို့ ဒေသခံတချို့ ခိုက်ရန်ဖြစ်ပွားတာကို ရဲဘက်က ရာဘာကျည်ဆန်နဲ့ ပစ်ခတ်နှိမ်နင်းတာကြောင့် ရေပေါ်ကျွန်းဒေသခံ ၁၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ယောက်မှာတော့ ဆေးရုံ တင်ထားရတယ်လို့ သရက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောပါတယ်။
ဖြစ်ပွားပုံမှာ ဘောလုံးပွဲက ပြန်လာတဲ့ ရေပေါ်ကျွန်းဒေသခံတချို့ဟာ လက်ဖက်ရည်ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ကားကို လက်နဲ့ ပုတ်ရာကနေ ကားပိုင်ရှင်နဲ့ သိသူ တဦးက ဝင်ရောက် တားမြစ် ထိုးကြိတ်ခဲ့ပါတယ်။
ဒီလို ထိုးကြိတ်တာကို မကျေနပ်တာကြောင့် ရေပေါ်ကျွန်းကနေ ထပ်ပြီး လိုက်လာတဲ့ ရေပေါ်ကျွန်းဒေသခံတွေကို သရက်မြို့ရဲတပ်ဖွဲ့က တားဆီးခဲ့ရင်း ရာဘာကျည်ဆန်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာ ဖြစ်တယ်လို့ ဦးထွန်းရွှေက ဆိုပါတယ်။
ရာဘာကျည်ဆန်နဲ့ ပစ်ခတ်မှုကြောင့် ရေပေါ်ကျွန်းဒေသခံ ၁၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ယောက်ကိုတော့ ဆေးရုံတင်ထားခဲ့တယ်လို့ သရက်မြို့ဒေသခံ ကိုအောင်ကြီးက ပြောပါတယ်။
ဒဏ်ရာရတဲ့ ရေပေါ်ကျွန်းဒေသခံ နှစ်ဦးမှာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး စိုးရိမ်ဖွယ် အခြေအနေ မရှိသလို ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေသလို ဘာသာရေး အဓိကရုဏ်းဆိုတာလည်း မဟုတ်ဘူးလို့ သရက်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ဘီဘီစီကို ပြောပြပါတယ်။
သရက်မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစုံတရာဖြေကြားခြင်း မရှိခဲ့ပါ။

(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စဟာ ကိုယ်စားလှယ်အားလုံးနဲ့ ပတ်သက်
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စဟာ လွှတ်တော်ကိုယ်စားလှယ် အားလုံးနဲ့ ပတ်သက်နေတယ်လို့ လွှတ်တော် ၃နှစ်ပြည့် အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် ပူးပေါင်းကော်မတီဖွဲ့ဖို့ ပြည်ထောင်စု လွှတ်တော်မှာ အရေးကြီးအဆို တင်ခဲ့ပါတယ်။
ဒီအဆိုနဲ့ ပတ်သက်လို့ မကြာခင်မှာ လွှတ်တော်တွင်းမှာ ဆွေးနွေးဖို့ ရှိပြီး ဒီအဆိုကို ဆွေးနွေးဖို့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၃ ဦးရဲ့ အမည်စာရင်းကို ပေးထားတယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီ အနေနဲ့ ဆွေးနွေးဖို့ ရှိပေမယ့်လည်း လွှတ်တော်ထဲမှာ ရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အဆိုစတင်တဲ့နေ့က ကော်မတီဖွဲ့ရေး အရေးကြီး အဆိုဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် ကန့်ကွက်ခဲ့သလို အဆိုကိုလည်း ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံ စာပို့ထားတယ်လို့လဲ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, IAN CROWDER
(၃) ဆီးနှင်းနဲ့ ရေခဲများကြောင့် အင်္ဂလန်က အဝေးပြေးလမ်းမကြီးတွေမှာ ခရီးသွားလာရေး နှောင့်နှေး
ရာသီဥတုဆိုးဝါးပြီး ဆီးနှင်းတွေ ရေခဲတွေဖုံးလွှမ်းမှုကြောင့် အင်္ဂလန်မှာရှိတဲ့ အဝေးပြေးလမ်းမကြီးတွေ၊ ရထားလမ်းတွေနဲ့ လေယဉ်ခရီးစဉ်တွေဟာ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။
သောကြာနေ့ နဲ့ ညနက်ချိန်အထိ ရာသီဥတုနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ရေခဲနဲ့ ဆီးနှင်းတွေအတွက် ဗြိတိန်နိုင်ငံရဲ့ နေရာတော်တော်များများမှာ အဝါရောင်သတိပေးချက်တွေကို ထုတ်ပြန်ထားရပါတယ်။




















