ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်လို့ ရွာသားတချို့ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၁၇ မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, ko kan Tha
(၁) ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ လုံဝယ်ကျေးရွာ အနီးက ကျေးရွာနှစ်ရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးလာတဲ့ ကျေးရွာသားတွေဟာ နောင်အန်ကျေးရွာနဲ့ ဖက်နမ်ကျေးရွာကို ထွက်ပြေးလာရပြီးတော့ တချို့ကလည်း မိမိတို့နဲ့ နီးစပ်ရာ ဆွေမျိုးသားခြင်းအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
ဆက်လက်ထွက်ပြေးလာနေသူတွေရှိနေပြီး အခုလက်ရှိ စစ်ဘေးရှောင်သူတွေအတွက် အစားအသောက်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောခဲ့ကြပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့ မနက်၆နာရီကစပြီး လုံဝယ်ရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ကြာချိန် လေးနာရီလောက်ရှိတယ်လို့ ဒေသခံ ဦးကျော်ဦးက ပြောပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် တိုက်ပွဲ မဖြစ်တာဟာ တလနီးပါးရှိပြီဖြစ်ပါတယ်။
(၂) ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ အတွက်ကြေညာ
လာမယ့် မတ်လ ၃၁ ရက်နေ့မှာ စည်ပင်ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်ပြီး အဲဒီရွေးကောက်ပွဲကနေ ဒုတိယမြို့တော်ဝန်အပါအဝင် ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်တင်မြှောက်သွားမယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
မတ်လ ၃၁ ရက်နေ့ စည်ပင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်သူတွေဟာ ဇန်နဝါရီလ ၁၈ ရက်နေ့က စပြီး ၁၀ ရက်အတွင်း အဆိုပြုလျှောက်လွှာတွေကို တင်သွင်းရမှာဖြစ်ပါတယ်။
မကြာခင်ရက်ပိုင်းက စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက သူ့မဲဆန္ဒနယ်ဖြစ်တဲ့ စမ်းချောင်းမြို့နယ်က အိမ်တစ်အိမ်မှာ မိလ္လာရေတွေ မြောင်းထဲစီးဆင်း နေသည့်ကိစ္စ ကိုသက်ဆိုင်ရာ မြို့နယ်စည်ပင်နဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာမှာ ဌာနဆိုင်ရာက လုပ်ဆောင်မပေးတဲ့အတွက် ရန်ကုန်မြို့တော်ဝန်ကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီး မီဒီယာတွေမှာ ဝေဖန်ပြောကြားခဲ့ပါတယ်။
(၃) အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်က မလေးရှား အဂတိအရှုပ်တော်ပုံအတွက် တောင်းပန်
မလေးရှားနိုင်ငံပိုင် ရန်ပုံငွေ 1 MDB ရဲ့ ငွေကြေးတွေကို အဂတိလိုက်စားမှု အရှုပ်တော်ပုံမှာ Glodman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ဝန်ထမ်းဟောင်းတစ်ယောက် ပါဝင်နေခဲ့တာအတွက် တောင်းပန်တယ်လို့ ဘဏ်အမှုဆောင်ချုပ်အသစ် ဒေးဗစ် ဆော်လမွန်က ပြောလိုက်ပါတယ်။
ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဒီအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး။ 1MDB ရဲ့ရန်ပုံငွေတွေ တိုးလာအောင် အကူအညီပေးခဲ့တဲ့နေရာမှာ ဘဏ်ကိုယ်တိုင်လည်း သဘောတူညီချက် အသေးစိတ်နဲ့ ပတ်သက်ပြီး လိမ်လည်လှည့်ဖြားခံခဲ့ရ တယ်လို့ သူကပြောပါတယ်။
မလေးရှားဟာ Goldman ကို ပြီးခဲ့တဲ့လမှာ ရာဇဝတ်ကြောင်းအရ စတင်တရားစွဲခဲ့တာပါ။
Goldman ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Tim Leissener ဟာ 1MDB ငွေကြေးအရှုပ်တော်ပုံမှာ သူပါဝင်ခဲ့တယ် ဆိုတာကို အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းက ဝန်ခံထားပါတယ်။
၂၀၁၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း Goldman ဟာ 1MDB ရဲ့ ဒေါ်လာ ၆ ဘီလျံဖိုး ငွေတိုက်စာချုပ်တွေကို အာမခံ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီအတွက် Goldman ဟာ ဝန်ဆောင်ခ ဒေါ်လာ သန်း ၆၀၀ ရရှိခဲ့တယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
(၄) ကမ္ဘာကြီးအတွက် အနီရောင်အသား လျှော့စားဖို့ လိုအပ်
ကမ္ဘာပေါ်မှာ နေထိုင်သူတွေအနေနဲ့ အနီရောင်အသားစားသုံးတာကို တစ်ဝက်လျှော့ချပြီး ဟင်းသီးဟင်းရွက်တွေကို စားသုံးတာကို ၂ ဆ မြှင့်တင်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာက ကျွမ်းကျင်သူတွေက ပြောပါတယ်။
၂၀၅၀ အထိ ဒီလို စားသောက်မှုပုံစံ မပြောင်းနိုင်သေးဘူးဆိုရင် ကမ္ဘာ့လူဦးရေအတွက် ကျန်းမာပြီး ရေရှည်တည်တံ့တဲ့အစားအစာရင်းမြစ် ကို ထောက်ပံ့ပေးနိုင်တော့မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။
စားသောက်မှုပုံစံပြောင်းလိုက်တာဟာ ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းမှုနဲ့ ဇီဝမျိုးကွဲတွေဆုံးရှုံးမှုရဲ့သက်ရောက်မှုကြောင့်ဖြစ်လာတဲ့ပျက်စီးမှုတွေကို လျှော့ချနိုင်မှာဖြစ်တယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။
သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ တွေ့ရှိချက်ကို လန်းဆတ် ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။




















