ဖမ်းဝရမ်းထုတ်ခံထားတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ ယောက် ဖမ်းဆီးခံရ စတဲ့ ဇန်နဝါရီ ၃ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ ရင်းမြစ်, ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
(၁) ဖမ်းဝရမ်းထုတ်ခံထားတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ ယောက်ဖမ်းဆီးခံရ
ဖမ်းဝရမ်းထုတ်ခံထားတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၅ ယောက်ထဲက ၄ ယောက်ကို ဇန်နဝါရီ ၂ ရက်က အမရပူရမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရ တာဝန်ရှိသူတချို့နဲ့ ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ ဓာတ်ပုံတွေကို တက္ကသိုလ်ကျောင်းဝင်းထဲ ဒီဇင်ဘာ ၂၈ ရက်က မီးရှို့ဆန္ဒပြရာမှာ ပါဝင်ခဲ့လို့ ဆိုပြီး သူတို့ ၄ ယောက်ကို အမရပူရမြို့နယ် ရဲစခန်းက ဖမ်းသွားတာလို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး မအိမွန်ခင်က ပြောပါတယ်။
" သူတို့တွေကို အမရပူရ တရားရုံးမှာ ရမန်ယူပြီး အိုးဘိုထောင်ကို ပို့လိုက်တယ်။ ဒီဇင်ဘာ ၂၈ ဆန္ဒပြတဲ့နေ့က ဖမ်းခံခဲ့ရတဲ့ ကျောင်းသား ၃ ယောက်နဲ့ အတူ သူတို့အားလုံးကို လာမယ့် ဇန်နဝါရီ ၁၁ ရက်ကို ရုံးချိန်းထားတယ်။ စွဲထားတဲ့ ပုဒ်မတွေက ပုဒ်မ ၄၃၅၊ ၁၁၄၊ ၅၀၅ (ခ) သုံးခုနဲ့ စွဲထားတာပါ။
ဖမ်းဝရမ်း ထုတ်ထားခံရတဲ့ ကျောင်းသားတွေရဲ့ နေအိမ်တွေကိုလည်း သူတို့တွေကို ခုလို မဖမ်းဆီးခင်က အာဏာပိုင်တွေ ဖြစ်တဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ နယ်ထိန်း၊ ရာအိမ်မှူးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဝင်ရောက် ရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။
ဆန္ဒပြကျောင်းသားတွေက ကျောင်းတွင်းလုံခြုံရေး တိုးမြှင့်ချထားပေးဖို့၊ သန့်ရှင်းရေး ဝန်ထမ်း တိုးမြှင့်ပေးရေး စတာတွေ တောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှု ခဲ့လို့ ထပ်ပြီး ဆန္ဒပြခဲ့ကြတာလို့ မအိမွန်ခင်က ပြောပါတယ်။
တက္ကသိုလ်ကျောင်းသားတချို့ ကျောင်းနားမှာ သတ်ဖြတ်၊ လုယက်ခံရတာတွေ ရှိတဲ့အတွက် လုံခြုံရေး ပိုချပေးဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ဦးဆောင် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြပွဲ ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း၊ ကိုရဲမင်းဆွေတို့ သုံးဦးကို မီးရှို့ဖျက်ဆီးမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဝတ္တရားနှောင့်ယှက်မှုစတဲ့ ပုဒ်မ ငါးခုနဲ့ အမရပူရ မြို့နယ် တရားရုံးက တရားစွဲပြီး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းထားပါတယ်။
တောင်းဆိုမှု မရမချင်း ဖြစ်နိုင်တဲ့နည်းနဲ့ ဆက်ပြီး တောင်းဆိုမှုတွေကို ဆောင်ရွက်မယ်လို့လည်း မအိမွန်ခင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
(၂) နိုင်ငံခြားအာမခံကုမ္ပဏီတွေကို ပြည်တွင်းမှာ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုမယ်
နိုင်ငံခြားအာမခံ ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ခွင့်ပြုသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်ကြေညာပါတယ်။
အဲဒီကြေညာချက်မှာ အသက်အာမခံနဲ့ အထွေထွေ အာမခံလုပ်ငန်းတွေကို ပြည်တွင်းပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုပေးမယ်လို့ ဆိုပါတယ်။
အာမခံလုပ်ငန်း လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ ပြည်တွင်းနဲ့ နိုင်ငံခြား အာမခံကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှု ဆန္ဒပြုလွှာတွေ တင်သွင်းဖို့ ဖိတ်ခေါ်မယ်လို့ ကြေညာချက် အမှတ် ၁/၂၀၁၉ နဲ့ ထုတ်ပြန်ကြေညာတာပါ။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခု ကို ၂၀၁၃ ခုနှစ်အတွင်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WIN MCNAMEE VIA GETTY IMAGES
(၃) အမေရိကန် အစိုးရဌာနတချို့ ပိတ်ထားရတဲ့အပေါ် သဘောတူညီချက် တစုံတရာ မရသေး
သမ္မတထရမ့်ဟာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီတွေက ကွန်ဂရက် လွှတ်တော်ခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ အစိုးရဌာနတချို့ ပိတ်ထားရတာနဲ့ ပတ်သက်ပြီး သဘောတူညီချက် တစုံတရာ မရခဲ့ပါဘူး။
အိမ်ဖြူတော်ကနေ ထွက်ခွာချိန်မှာတော့ နှစ်ပါတီစလုံးက ကွန်ဂရက်စ်လွှတ်တော် ခေါင်းဆောင်တွေဟာ တဖက်ကိုတဖက် အပြစ်တင် ပြောဆိုခဲ့ကြပါတယ်။
မက္ကဆီကိုနိုင်ငံနဲ့ နယ်စပ်မှာ တံတိုင်းဆောက်ဖို့ အမေရိကန် ဒေါ်လာ ၅ ဘီလျံကို သမ္မတ ထရမ့်က အသုံးစရိတ်အဖြစ် တောင်းဆိုထားတာဖြစ်ပြီး ကွန်ဂရက်လွှတ်တော်က အတည် မပြုသေးလို့ အစိုးရ ဌာနတစ်ချို့ ရပ်ဆိုင်းထားရတာ နှစ်သစ်ကူး မတိုင်ခင်ကတည်းကပါ။
ဒီမိုကရက်တွေဘက်ကတော့ သူတို့ ရေးဆွဲထားတဲ့ အသုံးစရိတ် အဆိုပြုချက်တွေကို လွှတ်တော်ကို ကြာသပတေးနေ့မှာ တင်မယ်လို့ ဆိုပါတယ်။
သမ္မတ တောင်းထားတဲ့ အသုံးစရိတ်အရေးနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာ မနက်ဖြန်မှာ ဆက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပေမယ့် ဒီပဋိပက္ခဟာ နောက်ထပ် ရက်ချီ ကြာမြင့်နိုင်ခြေ ရှိသေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
(၄) အက်ပဲလ်ကုမ္ပဏီရဲ့ အမြတ်ငွေ ခန့်မှန်းထားတာထက် သိသိသာသာလျော့ကျမယ်
အိုင်ဖုန်းထုတ် အက်ပဲလ်ကုမ္ပဏီရဲ့ ပြီးခဲ့တဲ့ ၃ လမှာ ရရှိတဲ့ အမြတ်ငွေဟာ အရင်ခန့်မှန်းထားတာထက် သိသိသာသာ လျော့ကျနိုင်နိုင်တယ်လို့ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူတွေကို ပြောပါတယ်။
ဒါဟာ ထွန်းသစ်စ ဈေးကွက်တချို့မှာ အထူးသဖြင့် တရုတ်နိုင်ငံမှာ စီးပွားရေး နှေးကွေးနေတာကြောင့်လို့ အက်ပဲလ်က ပြောပါတယ်။
အိုင်ဖုန်း သုံးစွဲသူတွေဟာ အသစ်ထွက် အိုင်ဖုန်း အမျိုးအစားတွေကို ထင်ထားသလောက် မသုံးစွဲကြတာလည်း ပါတယ်လို့ အက်ပဲအမှုဆောင်ချုပ် မစ္စတာတင်ကွတ်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၃ လ အတွင်း အမြတ်ငွေဟာ ဒေါ်လာ ၈၄ ဘီလီယံပဲ ရှိမှာ ဖြစ်ပြီး ဒီပမာဏဟာ အရင်ခန့်မှန်း ထားတာထက် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အထိ လျော့ကျနေတယ်လို့ ဆိုပါတယ်။





















