ကိုးကွယ်သူတို့ သီးခြားကမ္ဘာငယ်

ရေးသားခဲ့သည်။

ရှောင်ဇန်း( siang Sawn) စံပြကျေးရွာဟာ တီးတိန်မြို့နားမှာ တည်ရှိပြီး တီးတိန်ချင်းရိုးရာ ရှေးဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်း ထားတဲ့ ရွာလေး ဖြစ်ပါတယ်။

ထူးခြားတာက ဒီရွာမှာ နေထိုင်သူတွေက Pau Cin Hau (ပေါင်ကျင့်ဟောက် ) ဆိုတဲ့ တမန်တော်ကို ကိုးကွယ် ယုံကြည်သူတွေ ဖြစ်ပါတယ်။ ပေါင်ကျင့်ဟောက်ဟာ ကိုးကွယ်ယုံကြည်မှု တခု စတင် တည်ထောင်သူ ဖြစ်ပြီး အဲဒီဘာသာရဲ့ နာမည်လည်း ဖြစ်ပါတယ်။

ဒီတမန်တော်ဖြစ်လာသူက ၁၈၅၉ ခုနှစ် ဒီဇင်ဘာ၂၈ မှာ တီးတိန်စော်ဘွား ပူးခွာကျင့် အုပ်ချုပ်တဲ့ချိန်မှာ မွေးဖွားခဲ့ပြီး အင်္ဂလိပ်အစိုးရက ချင်းလူမျိုးတွေကို ၁၈၈၉ ခုနှစ်မှာ တက်တိုက်တဲ့အခါမှာတော့ တီးတိန်မြို့ကနေ ပေါင်ကျင့်ဟောက်တို့ စစ်ဘေးရှောင် ရပါတယ်။

နောက်ပိုင်းမှာတော့ ချင်းရိုးရာ နတ်ပူဇော် ပသမှု ၆၈ မျိုးကို ဖျက်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စကြောင့် နတ်ဆရာတွေနဲ့ ရွာသူကြီးတွေက စိတ်ဆိုးဒေါသထွက်ပြီး တရားရင်ဆိုင်တာတွေ ရှိခဲ့ပါတယ်။

နောက်ပိုင်း အက္ခရာပေါင်း ၁ဝ၅၁ ပါတဲ့ စာပေကို တီထွင်ခဲ့ပြီး သူ့ကျောင်းသားတွေကို ပြန်သင်ပေးခဲ့ပါတယ်။

စာပေတီထွင် သင်ပေးနိုင်တာကြောင့် သူ့ကို ချင်းပြည်သူတွေက လိုင်ပီးအာန်ပါး လို့ခေါ်ကြပါတယ်။ အဓိပ္ပာယ် ကတော့ စာပေတီထွင် မွေးဖွားပေးသူပေါ့။

၁၉၃၁ ခုနှစ်မှာတော့ လက်နှိပ်စက်နဲ့ ချင်းစာပေတွေကို စတင်ရိုက်နှိပ်နိုင်ခဲ့ပါတယ်။ ချင်းမျိုးနွယ်စုမှာ များပြားတဲ့ မျိုးနွယ်ကွဲတွေရှိတာကြောင့် ချင်းတမျိုးသားလုံးရဲ့ ဘုံစာပေဖြစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး ။

၁၉၄၈ခုနှစ် ဒီဇင်ဘာလမှာတော့ ပေါင်ကျင့်ဟောက် ကွယ်လွန်ခဲ့ပါတယ်။

အခု တည်ထောင်ထားတဲ့ ရွာကတော့ ရှေးဟောင်း တီးတိန်ချင်းတွေရဲ့ ရိုးရာ အမွေအနှစ်တွေနဲ့ တီးတိန်သမိုင်းဝင်တဲ့ ရွာတခုပါပဲ။